တီးတိန်မြို့တွင် ခိုးဆိုးလုယက်မှု သိသိသာသာများလာ

တီးတိန်မြို့တွင် ခိုးဆိုးလုယက်မှု သိသိသာသာများလာ

ချင်းပြည်နယ်၊ တီးတိန်မြို့ပေါ်တွင် ခိုးဆိုးလုယက်မှု သိသိသာသာ တိုးလာနေပြီး မြို့ပေါ်နေ ပြည်သူများသည် အပြင်ထွက်ရန်ပင် အိမ်စောင့်မရှိဘဲ မထွက်ရဲသည့်အနေအထားထိကြုံနေရကြောင်း ဒေသခံများက ပြောသည်။

တီးတိန်မြို့က လူငယ်ခေါင်းဆောင်တစ်ဦးက “အခုက တီးတိန်မြို့ထဲမှာ မူးယစ်ဆေးသုံးစွဲသူများ လာတယ်။ အဲ့ လိုလူတွေက အလုပ်လုပ်ဖို့ထက် သူတို့မူးယစ် ဆေးဝယ်နိုင်ဖို့ ခိုးလာကြတယ်၊ အဲ့လိုနဲ့ ခိုးရာပါပစ္စည်း လက်ခံတဲ့ သူလည်းရှိတယ်ပေါ့။ ဒါကြောင့်လဲ အခုဆို ခိုးလို့ရ တာမှန်သမျှခိုးကြတယ်၊ အထူးသဖြင့် ဆိုင်ကယ် ပျောက်တာ တွေ များလာတယ်ပေါ့နော်။ ဒေသခံတွေက အပြင် သွားမယ်ဆို အရင်လို အိမ်သော့ခတ်လိုက်ရုံနဲ့ မသွားရဲကြ တော့ဘူး။ အများအားဖြင့် တနင်္ဂနွေနေ့ ဘုရားကျောင်း တက်ရင် အိမ်စောင့် တစ်ယောက်လောက်ရှိမှ သွားရဲ တော့တဲ့ အခြေအနေပေါ့” ဟု တီးတိန်မြို့က လူငယ်ခေါင်း ဆောင်တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်ခွဲကျော်ကြာလာသည်နှင့် အမျှ အဘက်ဘက်မှ ကျဆင်းလာသည့် စီးပွားရေး၊ လူမှုရေး၊ ကုန်စျေးနှုန်း မြင့်တက်နေမှုနှင့် အလုပ်ရှားပါးမှုများ ကြုံတွေ့နေကြရသည့်အပြင် မူးယစ် ဆေးသုံးစွဲမှုများလာသလို အဖွဲ့လိုက် ခိုးဆိုးလုယက်မှု များပြားလာခြင်း ဖြစ်သည်ဟု ဆိုသည်။

လွန်ခဲ့သည့် မတ်လမှစတင်ကာ တီးတိန်မြို့အတွင်း ပျောက်ဆုံးခဲ့သည့် ဆိုင်ကယ် ၁၄ စီးအား တီးတိန်မြို့ပေါ် စကောလမ်းရပ်ကွက်နေ ခိုးရာပစ္စည်းလက်ခံသူထံမှ လူငယ်အဖွဲ့က ပြန်လည်သိမ်းသူနိုင်ခဲ့ပြီး ဆိုင်ကယ်များအား ပိုင်ရှင်များထံ ပြန်လည်ပေးအပ်နိုင်ခဲ့ကြသည်။

တီးတိန်းမြို့ပေါ်၊ စကောလမ်း ရပ်ကွက်နေ အသက် ၅၀ ကျော်အရွယ် ခိုးရာပါ ဆိုင်ကယ်များ လက်ခံပေးနေသူ အား တီးတိန်မြို့လူငယ်များက မေလအတွင်း ဒုတိယအကြိမ် သတိပေးခဲ့ပြီးနောက် ယခုရက်ပိုင်းတွင် ၎င်းသည် သမက်ဖြစ်သူနှင့်အတူ ထွက်ပြေးတိမ်းရှောင်သွားသည်ဟု ဆိုသည်။

လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်းက ချင်းအိုးတစ်လုံးနှင့် ရွှေဆွဲကြိုးခိုးခဲ့သူ ဦးကိမ်းရှန်းမုန်အား တီးတိန်မြို့ Leilum ရပ်ကွက်တွင် လူငယ်များအဖွဲ့မှ ဖမ်းမိကာ ၎င်းထံမှ ခိုးရာပါ ပစ္စည်းများအား ပိုင်ရှင်များထံသို့ ပြန်လည် ပေးအပ်ခဲ့ကြသည်။

ယခုနှစ် ၂၀၂၃ နှစ်ဆန်းပိုင်းမှ ဇူလိုင်လ ၁၈ ရက်နေ့အထိ တီးတိန်မြို့ပေါ်ရှိ ရပ်ကွက်လူငယ်များထံ အကြောင်း ကြားခဲ့သည့် ပျောက်ဆုံးဆိုင်ကယ် အစီး ၃၀ ကျော်ရှိနေပြီး အချို့က ပြန်လည်ရရှိသော်လည်း အချို့မှာ ပြန်မရ နိုင်တော့သည့် သူများလည်း ရှိနေသည်။

တီးတိန်မြို့ပေါ်တွင် ယခုကဲ့သို့ မူးယစ်ဆေးသုံးစွဲမှု  ခိုးဆိုးမှုများလာသည့်အပေါ်  လူငယ်များမှ ဖမ်းဆီးမှုများ ဆောင်ရွက်ခဲ့သော်လည်း ထိရောက်သည့် အရေးယူမှုများ ဆောင်ရွက်နိုင်ခြင်းမရှိဘူးဟု ဆိုကြသည်။

တီးတိန်မြို့ပေါ် လူငယ်တစ်ဦးက “အခုလိုမျိုး ခိုးဆိုးသူတွေကို ကျွန်တော်တို့အနေနဲ့ ဖမ်းဆီးနိုင်ပေမဲ့ ထိရောက်တဲ့ အရေးယူမှုဆိုတာ ကျွန်တော်တို့အနေနဲ့ ခက်တယ်။ ဘာလို့လဲဆိုတော့ ဖမ်းသာဖမ်းတာ သူတို့ကို ထောင်ချဖို့ဆို လည်း ကျွန်တော်တို့မှာ မရှိဘူး။ ပြည်သူတွေ လုံခြုံဖို့ စစ်ကောင်စီ လက်အောက် ရဲတွေကလည်း သူတို့ စခန်းထဲ ကနေ အပြင်ကို မထွက်ရဲကြဘူးလေ။ အရပ်ဝတ်နဲ့ ထွက်လာတဲ့ အချိန်လောက်ပဲ ရှိတာ။ ဆိုတော့ အဲ့လို ဆောင် ရွက်ပေးတာမျိုး မရှိဘူး။ ပြီးတော့ ပြည်သူ့အုပ်ချုပ်ရေး ဘက်ကလည်း လောလောဆယ်အထိ အရေးယူ ဖမ်းဆီး တာ မတွေ့ရသေးဘူး။ ပြည်သူတွေကတော့ စိုးရိမ်နေကြတယ်” ဟု ပြောသည်။

ယခုကဲ့သို့ ခိုးဆိုးလုယက်မှုများ လာရခြင်းမှာ မြို့တွင်း မူးယစ်ဆေး ရောင်းဝယ်သူများ၊ မူးယစ်ဆေး သုံးစွဲသူများ နှင့် ခိုးရာပါ ပစ္စည်း လက်ခံပေးနေသူများကြောင့် ဖြစ်ပြီး ၎င်းတို့အား ထိရောက်သည့် အရေးယူမှုများ လုပ် ဆောင်ရန် လိုအပ်နေကြောင်း တီးတိန်မြို့က လူငယ်ခေါင်းဆောင်တစ်ဦးက ဆိုသည်။

Most read this week

October 31, 2024
ချင်းပြည်နယ်တွင် အာဏာသိမ်း ၄ နှစ်နီးပါးအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့်...
October 30, 2024
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် အိမ်နီးချင်းနိုင်ငံများမှရောက်ရှိလာသော စစ်ဘေးရှောင်များအား...
October 29, 2024
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် စစ်ကောင်စီက သန်းခေါင်စာရင်းများ ဆက်လက်ကောက်ခံနေပြီး...
October 29, 2024
ချင်းပြည်နယ်၏မြို့တော် ဟားခါးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့၏  လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့်...