MSDF တပ်ဖွဲ့ဝင်များ သတ်ဖြတ်ခံရမှု KNU ဘက်က ဖြေရှင်းပေးခြင်း မရှိသေးဟုဆို

MSDF တပ်ဖွဲ့ဝင်များ သတ်ဖြတ်ခံရမှု KNU ဘက်က ဖြေရှင်းပေးခြင်း မရှိသေးဟုဆို

မွန်ပြည်ကာကွယ်‌ရေးတပ် (MSDF) မှ တပ်ဖွဲ့ဝင်များ ချောင်းမြောင်းပစ်ခတ် သတ်ဖြတ်ခံရမှုဖြစ်စဥ်နှင့် ပတ် သက်ပြီး ကရင်အမျိုးသား အစည်းအရုံး (KNU) ဘက်က ယနေ့အချိန်ထိ တစ်စုံတစ်ရာ ဖြေရှင်းပေးခြင်း မရှိသေးဟု MSDF ဥက္ကဋ္ဌ ဒေါက်တာသီရီမွန်ချမ်းက ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်နေ့က KNU တပ်မဟာ (၄) နှင့် သွားရောက်တွေ့ဆုံခဲ့သည့် MSDF နှင့် တနင်္သာရီ ဒေသတပ် တပ်ရင်း (၃) တာဝန်ခံ နိုင်တမော့ချမ်း ဦးဆောင်သည့်အဖွဲ့တို့ကို KNU တပ်မဟာ (၄) တပ်ဖွဲ့ဝင်တို့က ချောင်းမြောင်းပစ်ခတ်ခဲ့သည့်အတွက် MSDF မှ တပ်ခွဲမှူး၊ တပ်သား ၂ ဦးနှင့် အရပ်သား ယာဥ်မောင်းတစ်ဦး သေဆုံးသွားခဲ့သည်။

အဆိုပါ တပ်ဖွဲ့ဝင်များ ချောင်းမြောင်းပစ်ခတ် သတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး KNU ဗဟိုတာဝန်ရှိသူများ အနေ ဖြင့် စုံစမ်းစစ်ဆေးပြီး ကျူးလွန်သူများကို ထိရောက်စွာ အမြန်ဆုံး အရေးယူ ဆောင်ရွက်ပေးရန် စာပေးပို့ တောင်းဆိုခဲ့သော်လည်း နှစ်လကျော်ကြာလာသည်အထိ တစ်စုံတစ်ရာဖြေရှင်းပေးခြင်းမရှိဟု MSDF ဥက္ကဋ္ဌ က ပြောသည်။

MSDF ဥက္ကဋ္ဌ ဒေါက်တာသီရီမွန်ချမ်းက “တပ်မဟာ ၄ ကို Email နဲ့ ပို့တယ်၊ နောက်ပြီးတော ဗဟိုနဲ့လည်း Email ပို့တယ်၊ တပ်မဟာ ၄ က Email ပြန်လာ တာက သူတို့ အထက်အရာရှိတွေနဲ့ တင်ပြမယ် အဲဒီလောက်ပဲ ပြော ထားတယ်။ နောက်ပိုင်း ဘာမှ ပြန်ကြား လာတာ မရှိဘူး။ KNU ဗဟိုကိုတော့ ဗဟိုပြောရေးဆိုခွင့်ရှိသူ စောက လယ်စေးနဲ့ တစ်ခါ အဆက်အသွယ်ရတယ်။ သူကလည်း ဒီအတိုင်းပါပဲ။ အောက်ခြေ တပ်ဖွဲ့၊ တပ်မှူးတွေရဲ့ အစီရင်ခံစာကို စောင့်နေတယ်။ အဲလောက်ပဲ။ ဒါ ပေမဲ့ အခုချိန်ထိ လနဲ့ချီနေပြီ ဘာမှအကြောင်းပြန်ကြားတာ မရှိသေးဘူး” ဟု ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ကရင်အမျိုးသား အစည်းအရုံး (KNU) ဗဟို တာဝန်ရှိပုဂ္ဂိုလ်များထံ လွတ်လပ်‌သော မွန်သတင်းအေဂျင်စီက ဖုန်းဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပေ။

တိုက်ပွဲဝင်နေကြသော မဟာမိတ်တပ်ဖွဲ့များ အချင်းချင်း မဟာမိတ်မဆန်သော လုပ်ရပ်များကို မလုပ်ဆောင်သင့် ကြောင်း ဒေါက်တာသီရိမွန်ချမ်းက ဆက်ပြောသည်။

“ဒီအပေါ်မှာ ကျနော်တို့ မွန်တပ်ဖွဲ့တွေ၊ မွန်အမျိုးသားတွေလည်း တော်တော်လေး မခံမရပ်ဖြစ်နေတယ်။ အခုချိန် မှာ မဟာမိတ်အချင်းချင်းပေါ့၊ ဘုံရန်သူကို တိုက်ပွဲဝင်နေတဲ့ အချိန်မှာ အခုလိုမျိုး ကြီးနိုင်ငယ်ညှင်း နောက်ပြီး တော့ မဟာမိတ်မဆန်တဲ့ လုပ်ရပ်တွေ မလုပ်သင့်ဘူး။ နောက်ပြီးတော့ အောက်ခြေမှာ ဖြစ်လာခဲ့တဲ့ ပြဿနာ တွေကို ကြီးတဲ့ ပြဿနာငယ်သွားအောင်၊ ငယ်တဲ့ ပြဿနာ ရှင်းသွား‌အောင် အပေါ်က တာဝန်ခံတွေ၊ တပ်မှူးတွေ၊ KNU ခေါင်းဆောင်တွေ အလေးထားပြီးတော့ ရှင်းလင်းသင့်တယ်။ အဲဒီလိုမျိုး ကျနော်တို့ မျှော်မှန်းထားတဲ့ အတိုင်း ဘာမှမဖြစ်လာခဲ့ဘူးပေါ့နော်” ဟု ပြောသည်။

MSDF နှင့် တနင်္သာရီဒေသတပ် တပ်ရင်း (၃) တာဝန်ခံ နိုင်တမော့ချမ်း ဦးဆောင်သည့်အဖွဲ့သည် တော်လှန်ရေး တွင် အတူတကွ ပူးပေါင်းလုပ်ဆောင်ရန် အတွက်ဟု ဆိုပြီး ဧပြီလ ၂၉ ရက်နေ့က KNU တပ်မဟာ (၄)၊ တပ်ရင်း (၁၁) မှ ဗိုလ်ကြီးစောဘွဲ့မှူးနှင့် တာဝန်ရှိသူတို့အား သွားရောက်တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုတွေ့ဆုံဆွေးနွေးမှုပြုလုပ်ပြီး ပြန်လာစဉ် ဧပြီ ၃၀ ရက်နေ့ နံနက် ၇ နာရီခန့်က တနင်္သာရီတိုင်းဒေသကြီး၊ မြိတ် ခရိုင်၊ ဘုတ်ပြင်းမြို့နယ် (ခန့်မှန်း မိုင်တိုင် – ၂၃) အနီးတွင် KNU တပ်မဟာ (၄) တပ်ဖွဲ့များက MSDF ကို ချောင်း မြောင်းပစ်ခတ်ခဲ့ပြီး MSDF တပ်ခွဲမှူးနှင့် တပ်သား ၁ ဦး ကျဆုံးခဲ့သည်။

ယင်းနောက် နိုင်တမော့ချမ်းနှင့်အဖွဲ့တို့ ပြန်ဆုတ်လာချိန် နေ့လည် ၁၂ နာရီခန့်တွင် ပြည်ကြီးမဏ္ဍိုင်ရွာအနီး (ခန့် မှန်း မိုင်တိုင် – ၂၆) တွင် KNU တပ်မဟာ (၄)၊ တပ်ရင်း (၁၁) မှ ဒုတိယအကြိမ် ထပ်မံချောင်းမြောင်းပစ်ခတ်ခဲ့ရာ MSDF တပ်ဖွဲ့ဝင် ၁ ဦးနှင့် အရပ်သား ယာဥ်မောင်း ၁ ဦး ထပ်မံကျဆုံးခဲ့ပြီး တပ်ဖွဲ့ဝင် ၅ ဦးလည်း လက်နက်များ နှင့်အတူ ပျောက်ဆုံးသွားခဲ့သည်ဟု MSDF က ထုတ်ပြန်ထားသည်။

ထို့အပြင် MSDF ထံမှ AK – 16 တစ်လက်၊ 357 စုံလည် တစ်လက်၊ M -16 သုံးလက်၊ HK – 16 ၂ လက်၊ Shot Gun ခေါက်ချိုး ၂ လက်နှင့် လက်ပစ်ဗုံးများလည်း KNU တပ်မဟာ (၄) က သိမ်းဆည်းသွားခဲ့သည်ဟု ဆိုသည်။

Most read this week

November 1, 2024
ယခုနှစ် မွန်ပြည်နယ်စျေးကွက်အတွင်း မိုးစပါးများ ယခင်နှစ်ထက် စျေးနှုန်းကျဆင်းနေသည်ဟု ဒေသတွင်း...
October 31, 2024
မွန်ပြည်နယ်ကမ်းရိုးတမ်းတစ်လျှောက် အလုပ်လုပ်ကိုင်နေသည့် ရေလုပ်သားများ ဝမ်းပျက်ဝမ်းလျှောကူးစက်မှု...
October 30, 2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ ဝဲပတန်နှင့် အလှပ်ကျေးရွာတို့မှ ရေလုပ်သားများ ၅၀ ကျော်...
October 25, 2024
မွန်ပြည်နယ်အတွင်း လူမှုကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေသူတို့ကို စစ်ကောင်စီက နိုင်ငံရေးနှင့်...