တာချီလိတ်မြို့ နာမည်ကြီး Harry Potter အပါအဝင် KTV (၅) ခု ယာယီပိတ်သိမ်းရန် ညွှန်ကြား

တာချီလိတ်မြို့ နာမည်ကြီး Harry Potter အပါအဝင် KTV (၅) ခု ယာယီပိတ်သိမ်းရန် ညွှန်ကြား

သျှမ်းပြည် တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့ရှိ နာမည်ကြီး Harry Potter KTV အပါအဝင် အခြား နာမည်ကြီး KTV (၅) ခုကို ယာယီ ပိတ်သိမ်းရန် ညွှန်ကြားခြင်း ခံရကြောင်း စုံစမ်းသိရသည်။

ဇူလိုင် ၆ ရက်နေ့တွင် တာချီလိတ်မြို့မှ စစ်ဆေးရေး တာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့ဝင်တို့က တာချီလိတ်မြို့ရှိ KTV ရုံများကို ဝင်ရောက်စစ်ဆေးရာ သတ်မှတ်ထားသည့် စည်းကမ်းချက်များ ကိုက်ညီမှု မရှိသည့်အတွက် ယာယီ ပိတ်သိမ်းရန် ညွှန်ကြားခံလိုက်ရခြင်း ဖြစ်ကြောင်း ပိတ်ခံရသည့် KTV မှ ဝန်ထမ်း တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပိတ်ခံရသည့် KTV မှ ဝန်ထမ်းတစ်ဦးက “အသေးစိတ် ဖြစ်စဥ်တော့ မသိရပါဘူး။ တာဝန်ရှိသူတွေက မန်နေဂျာ နဲ့ စကားလာပြောတယ်၊ သူတို့ဆီကို တိုင်ချက်တွေ အရောက်များလို့ လာရောက်စစ်ဆေးရတာပါတဲ့၊ ပြီးတော့ ဆေးတွေပါ ရနေသလား ဆိုပြီး မေးတယ်၊ အခုတော့ ရုံကို ယာယီပိတ်ဖို့ ညွှန်ကြားပေမဲ့ ပြန်ဖွင့်နိုင်ဖို့ကတော့ လူ ကြီးတွေ အချင်းချင်း ညှိနေတုန်းပဲ” ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယာယီပိတ်သိမ်းရန် ညွှန်ကြားခံရသည့် KTV များသည် တာချီလိတ်မြို့နယ်ရှိ ဝိန်းကျောက် ရပ်ကွက်မှ ရွှေဘူးသီး KTV၊ ကြီးမြတ်သောရွှေမြင်း PUB၊ ကိုးထပ် KTV၊  DAT Bar & KTV နှင့် Harry Potter KTV တို့ ဖြစ်ကြကြောင်း စုံစမ်း သိရသည်။

အဆိုပါ KTV များသည် သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့် ကိုက်ညီမှုမရှိဟု တာဝန်ရှိသူများမှ ပြောဆို သော်လည်း မည်သည့် အကြောင်းကြောင့်ဖြစ်သည်ကို တိတိကျကျ ထုတ်ပြန်ပြောဆိုထားခြင်း မရှိပေ။

ထို့အပြင် လက်ရှိ ပိတ်သိမ်းခံရသည့် KTV များသည် တာချီလိတ်မြို့မှ နာမည်ကြီး KTV များဖြစ်နေပြီး တရုတ် နိုင်ငံထုတ် မူးယစ်ဆေးဝါး အသစ်တမျိုးကိုလည်း စမ်းသုံးနေကြသည့် သတင်းများလည်း ထွက်ပေါ်နေကြောင်း ခိုင်မာသည့် သတင်းရင်းမြစ် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တာချီလိတ်မြို့နေ အမျိုးသား တစ်ဦးက “အခု သတင်းကြားမိတာက အဲ့ဒီ တရုတ်နိုင်ငံထုတ် မူးယစ်ဆေး အသစ် တစ်မျိုးကို စမ်းသုံးနေကြလို့ တချို့ KTV က ကောင်မလေးတချို့ မခံနိုင်လို့ အသက်ဆုံးရှုံးရတာလည်း ရှိနေတယ်။ သတင်းတွေကို အမှောင်ချထားလို့သာ လူတွေ သိပ်မသိကြဘူး၊ အဲ့ဒီ ဆေးက K တွေ၊ E တွေ သုံးရသလိုမျိုးပဲ၊ ဒါပေမဲ့ အားအရမ်းပြင်းတယ်တဲ့” ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

တာချီလိတ်မြို့ KTV များသို့ ဝင်ရောက်လာသည့် အများစုသည် မြန်မာလူမျိုး ကုန်သည်များ၊ စီးပွားရေး လုပ် ငန်းရှင်များအပြင် ထိုင်း၊ တရုတ်၊ ဗီယက်နမ်တို့မှ ကုန်သည်များ၊ ခရီးသည်များကလည်း လာရောက်ပျော်ပါးလေ့ ရှိသည်။

တာချီလိတ်မြို့သည် မြန်မာ - ထိုင်းနယ်စပ်မြို့ဖြစ်သည့်အပြင် အလုပ်အကိုင် အခွင့်အလမ်းအများစုမှာ KTV၊ Bar၊ ကလပ်၊ တရားမဝင် ကာစီနို နှင့် အွန်လိုင်း လောင်းကစားလုပ်ငန်းများ ပေါများလာသည့် အပြင် ထိုင်း၊ တရုတ်၊ ဗီယက်နမ် နှင့် လာအိုမှ စီးပွားရေးသမားများ၊ အလုပ်သမားများ တရားမဝင် လာရောက် နေထိုင်ကြ သည်။

November 6, 2024
သျှမ်းပြည်မြောက်ပိုင်း၊ နမ့်လန်မြို့ကို ယမန်နေ့ (နိုဝင်ဘာလ ၅ ရက်)၊ နေ့လယ်ပိုင်းက ကိုးကန့်တပ်...
ပင်လောင်းမြို့ မီးရှို့ခံရသည့် နေအိမ် ပုံဟောင်း
November 6, 2024
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိကျေးရွားသည် တိုက်ပွဲများဖြစ်ပွားပြီး...
အင်းလေးဒေသအတွင်း လေပြင်းတိုက် နေအိမ်ပျက်စီးပုံများ
November 6, 2024
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသအတွင်းရှိ ကျေးရွာအချို့တွင် ရေကြီးမှုဒဏ်...
November 5, 2024
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် နေ့စဉ်နှင့်အမျှ တိုက်ပွဲများပြင်းထန်နေပြီး...