ဝိုင်းမော်-လိုင်ဇာလမ်းပေါ်ရှိ နေရပ်ပြန်စစ်ရှောင်ကျေးရွာများတွင် ငှက်ဖျားရောဂါများ ဖြစ်ပွားနေ

ဝိုင်းမော်-လိုင်ဇာလမ်းပေါ်ရှိ နေရပ်ပြန်စစ်ရှောင်ကျေးရွာများတွင် ငှက်ဖျားရောဂါများ ဖြစ်ပွားနေ

ကချင်ပြည်နယ်၊ ဝိုင်းမော် - လိုင်ဇာလမ်းပေါ်က စစ်ရှောင်နေရပ်ပြန် ကျေးရွာတွေဖြစ်တဲ့ ဂါးရာယန်၊ ကဇူးယန်နဲ့ ဒဘတ်ယန်ကျေးရွာတွေက ဒေသခံပြည်သူ အယောက် ၁၀၀ လောက် ငှက်ဖျားရောဂါ ဖြစ်ပွားနေတယ်လို့  ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလလောက်က စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီးတော့ ဒီနှစ်အစောပိုင်းက အားလုံးနီးပါး မိမိနေရပ်ကို ပြန်လာကြတာဖြစ်တဲ့အတွက် ခြင်တွေကို ကောင်းကောင်းမွန်မွန် မနှိမ်နင်းနိုင်ခဲ့လို့ အခုလို ငှက်ဖျားဖြစ်နေကြရ ခြင်းဖြစ်ကြောင်း ဂါးရာယန်ကျေးရွာနေ ရပ်မိ၊ ရပ်ဖတစ်ဦးက ပြောပါတယ်။

“လွန်ခဲ့တဲ့ နွေရာသီမှာ ခုတ်ထွင်ရှင်းလင်းလိုက်ပြီဆိုပေမဲ့ မိုးတွင်းဝင်တာနဲ့ ခြုံတွေပြန်ထလာတော့ ခြုံတွေများလို့ လည်း ဖြစ်နိုင်တယ်။ ငှက်ဖျားပိုးသယ်ဆောင်ထားတဲ့ ခြင်ကို ကျနော်တို့ သေချာမကာကွယ်နိုင်၊ မတွန်းလှန်နိုင်လို့ ထင်တယ်။ ငှက်ဖျားဖြစ်ပွားနှုန်းမြင့်နေတယ်” လို့ ဆိုပါတယ်။

ကျန်းမားရေးဌာနက ထောက်ပံ့ပေးထားတဲ့ ဆေးစစ်တံတွေနဲ့ ငှက်ဖျားကာကွယ်ဆေးတွေကို ၃ ရွာစလုံးမျှပြီး သုံးစွဲနေရတဲ့အပြင် ပြည်နယ်ကောင်စီအဖွဲ့ကနေ ငှက်ဖျားတိုက်ဖျက်ရေး စီမံကိန်းအနေနဲ့ လွန်ခဲ့တဲ့လက ဆေးကုသပေးထားတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ရွာအတွင်းက ငှက်ဖျားလက္ခဏာ ပြတဲ့သူတွေကို နှစ်ကြိမ်လောက် စစ်ဆေးပေးနေရတာဖြစ်တာကြောင့် ဆေးစစ် တဲ့ ပစ္စည်းကိရိယာအတံ မလုံလောက်တဲ့အတွက် ဒေသခံအားလုံးကို စစ်ဆေးပေးနိုင်တာမျိုး မရှိဘူးလို့လည်း အထက်ပါရပ်မိရပ်ဖက ဆက်လက်ပြောပါတယ်။

“လူနာတစ်ယောက်ကို  ၂ ခု (ဆေးစစ်တံ) ကိုင်လိုက်ရတဲ့အခါတွေ ရှိတယ်။ မဖျားတဲ့သူတွေကို စစ်ဖို့ဆိုရင်တော့ လုံလောက်မှုမရှိဘူး။ စစ်တံပြတ်လပ်တာ၊ ဆေးပြတ်လပ်တာတွေရှိတယ်” လို့ ဆိုပါတယ်။

ရွာ ၃ ရွာက ပြည်သူတွေအတွက် ဂါးရာယန်ကျေးရွာမှာ ဆေးပေးခန်းတစ်ခု ဖွင့်ထားပေးပေမဲ့ တာဝန်ခံ ဆရာမ တစ်ယောက်ပဲ ရှိတာကြောင့် မနိုင်မနင်းဖြစ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဆေးပေးခန်း နေ့တိုင်းမဖွင့်တဲ့အတွက် ရွှေညောင်ပင်ကျေးရွာဘက်ကို သွားရောက်ကုသဖို့ကလည်း  သွားရေး လာရေး အဆင်မပြေတာကြောင့် ဆေးရှိတဲ့ အိမ်နီးနားချင်းတွေဆီကနေ တောင်းယူ  သောက်သုံးနေရတယ်လို့ ကဇူးယန်ကျေးရွာ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

အထက်ပါကျေးရွာတွေကို ပြန်လာနေထိုင်ကြတဲ့ နေရပ်ပြန်စစ်ရှောင် အယောက် ၄၀၀၀ နီးပါးရှိပြီဖြစ်ပြီး သူတို့ တွေ အတွက် ဆေးဝါးနဲ့ တခြားအကူအညီတွေ လိုအပ်နေတာပါ။

အဲဒီကျေးရွာတွေနဲ့ တခြားဒေသတွေအတွက် ကျန်းမာရေးဝန်ထမ်းတွေကို ပို့ပေးနိုင်ဖို့ သင်တန်းတွေ ပို့ချပေးနေ တယ်လို့ စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြောပါတယ်။

“ကျန်းမာရေးဝန်ထမ်းတွေကလည်း အားလုံးက CDM လုပ်သွားတော့ ခက်သွားတာလေ။ CDM လုပ်တဲ့သူများ သွားတော့ ကျန်းမာရေးဝန်ထမ်းတွေ မရှိတော့ ပြန်ခက်သွားတယ်။ အခု တစ်ယောက်၊ နှစ်ယောက်က သင်တန်း ဆင်းပြီး ပြန်ခန့်နေပေမဲ့ မလုံလောက်နိုင်ဘူး ဖြစ်နေတယ်” လို့ ဦးခက်ထိန်နန်က ပြောပါတယ်။

ဒါ့အပြင် ဝိုင်းမော်နဲ့ မြစ်ကြီးနားမြို့နယ်အတွင်းမှာရှိတဲ့ စစ်ရှောင်စခန်းက ပြည်သူအချို့လည်း ငှက်ဖျားရောဂါ ဖြစ်ပွားနေကြပါတယ်။

ဂါးရာယန်၊ ကဇူးယန်နဲ့ ဒဘတ်ယန်ကျေးရွာ ဒေသခံတွေဟာ ၂၀၁၁ ခုနှစ်က ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နဲ့ မြန်မာစစ်တပ်တို့ရဲ့ တစ်ကျော့ပြန်တိုက်ပွဲတွေကြောင့် မိမိကျေးရွာတွေကို စွန့်ခွာခဲ့ရပြီး ၂၀၂၂ ခုနှစ်က ကျေးရွာတွင်း ပြန်လည်နေထိုင်နေကြသူတွေ ဖြစ်ပါတယ်။

Most read this week

အိန္ဒိယက မြန်မာ့အရေးကို စိတ်ဝင်စားတဲ့အပေါ်  ကြိုဆိုတယ်လို့ တော်လှန်ရေးအဖွဲ့တွေပြော
November 6, 2024
အိန္ဒိယနိုင်ငံက မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်လို့ စိတ်ဝင်စားလာတဲ့အပေါ် ကြိုဆိုတယ်လို့...
October 22, 2024
ကချင်အထူးဒေသ ၁၊ အမှတ် ၁၀၀၃ ကချင်နယ်ခြားစောင့်တပ်(BGF) တပ်ရင်းဌာနချုပ်ကို အောက်တိုဘာလ ၂၁ ရက်နေ့...
October 19, 2024
ကချင်အထူးဒေသ(၁)၊ နယ်ခြားစောင့်တပ်(BGF) ရဲ့ ဌာနချုပ်အခြေစိုက်ရာ တရုတ်နယ်စပ်က ပန်ဝါမြို့ကို KIA၊...
October 8, 2024
လက်လွှတ်လိုက်ရတဲ့ တပ်စခန်းတွေကို ပြန်လည်သိမ်းပိုက်မယ်လို့ သတင်းထွက်ပေါ်ပြီးနောက် မြစ်ကြီးနား-...