မူတြော်ခရိုင်တွင် တစ်ရက်အတွင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု (၂) ကြိမ်ပြုလုပ်

မူတြော်ခရိုင်တွင် တစ်ရက်အတွင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု (၂) ကြိမ်ပြုလုပ်

ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံးထိန်းချုပ်နယ်မြေ မူတြော်(ဖာပွန်)ခရိုင်တွင် တစ်ရက်အတွင်း စစ်ကောင်စီက ၂ ကြိမ်တိုင်တိုင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သည်ဟု ခရိုင်တာဝန်ရှိသူက ပြောသည်။

ဇွန်လ ၂၇ ရက်နေ့၊ နံနက် ၇ နာရီအချိန်တွင် မူတြော်ခရိုင် ဒေဘူးနို နှင့် နီးထောထီးပယ်ခိုကျေးရွာရှိ လူသူမနေ သော မျိုးဆက်သစ် စာသင်ကျောင်းကို စစ်ကောင်စီက ဂျက်လေယာဉ် နှစ်စင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင် ခဲ့သလို ည ၁၁ နာရီအချိန်တွင်လည်း မောလယ်ခို့ကျေးရွာအနီး သင်တန်းကျောင်းတစ်ခုတွင် လာရောက်ဗုံးကြဲ တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။

ဒေဘူးနိုနှင့် နီးထောထီးပယ်ခိုကျေးရွာရှိ မျိုးဆက်သစ်စာသင်ကျောင်း တိုက်ခိုက်မှုတွင် လူထိခိုက်မှု မရှိသော် လည်း စာသင်ကျောင်း အဆောက်အအုံ (၄) လုံးပျက်စီးသွားရသည်ဟု ကေအဲန်ယူ မူတြော်ခရိုင်သတင်းစဉ်က ထုတ်ပြန် ထားသည်။

အဆိုပါကျေးရွာကို စစ်ကောင်စီတပ်မှ ယခုအကြိမ်နှင့်ဆိုပါက (၃) ကြိမ်မြောက် လာရောက်ဗုံးကြဲခဲ့ခြင်း ဖြစ် သောကြောင့် ပထမအကြိမ် ဗုံးကြဲတိုက်ခိုက်ခံရပြီးကတည်းက ဒေသခံများသည် ကျေးရွာတွင် မနေထိုင်ကြ တော့သည့်အတွက် လူထိခိုက်မှုမရှိခြင်းဖြစ်သည်ဟု မူတြော်ခရိုင်ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို့က ကေအိုင်စီသို့ ပြောသည်။

၎င်းက “လေယာဉ်၂ စင်းနဲ့ ၄ လုံး ဗုံးကြဲတိုက်ခိုက်သွားတယ်။ အဆောက်အဦး(၄)လုံးက ပျက်စီးသွားတယ်။ ကျန် တာတွေက ထိပေမယ့်လည်း ပြန်ပြင်လို့ရသေးတယ်။ ရွာသားတွေထိတာမရှိဘူး။ ဘာကြောင့် ရွာသားတွေ မထိ တာလဲဆိုတော့ ပထမအကြိမ် လေယာဉ်နဲ့လာပစ်ပြီး နောက်ပိုင်း ရွာသားတွေက ကြောက်တော့ လိုက်ရှောင်နေ တယ်။ လူထုတွေက ရွာမှာမနေတော့ဘူး” ဟု ကေအိုင်စီသို့ပြောသည်။

ထို့အပြင် မူတြော်ခရိုင်ထဲတွင် စစ်ကောင်စီတပ်မှ လက်နက်ကြီး ပစ်ခတ်မှုနှင့် လေယာဉ်တိုက်ခိုက်မှု မကြာခဏ လုပ်ဆောင်သည့်အတွက် ဒေသခံလူထုများသည် ကျေးရွာတွင်ပြန်နေမရဲဘဲ တောတောင်ထဲကိုသာ တိမ်းရှောင် နေရပြီး ယခုကဲ့သို့ မိုးရာသီအချိန်တွင် အခက်အခဲ ပိုမိုကြုံတွေ့နေရသည်ဟု ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို့က ဆက်လက်ပြောသည်။

၎င်းက “အခုက လူထုတွေက တောတောင်ထဲမှာပဲ တိမ်းရှောင်ရတော့ မိုးရာသီမှာဆိုရင် အမိုးအကာတွေက မလုံ လောက်ဘူး။ အစားအသောက်ရှာဖွေရတာတွေလည်း ခက်ခဲလာတယ်။ ပြီးတော့ တောထဲမှာနေရတော့ ဒီအချိန် ခြင်အရမ်းများတော့ ခြင်ထောင်တွေလည်း မလုံလောက်ဘူး၊ ငှက်ဖျားတွေဖြစ်ပြီး ဆေးဝါးတွေလည်း လိုအပ် တယ်” ဟု ပြောသည်။

လူထုများနေထိုင်သည့် ကျေးရွာနှင့် စိုက်ပျိုးလုပ်ကိုင်သည့် တောင်ယာနှင့် ဥယျာဉ်ခြံများတွင်လည်း စစ်ကောင် စီဘက်မှ လေကြောင်းတိုက်ခိုက်သည့်အပြင် လက်နက်ကြီးများနှင့်ပစ်ခတ်သောကြောင့် ဒေသခံလူထုများသည် စိုက်ပျိုးလုပ်ကိုင် မရဲကြတော့၍ လာမည့်နှစ်တွင် စားနပ်ရိက္ခာလိုအပ်ချက်ကြီးမားလာနိုင်ကြောင်း မူတြော်ခရိုင် ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို့က ဖြည့်စွက် ပြောသည်။

စစ်ကောင်စီတပ် အဏာသိမ်းပြီးအချိန်မှ စတင်၍ ကေအဲန်ယူ တပ်မဟာ (၅) နယ်မြေတွင် လေကြောင်း တိုက် ခိုက်ခံရမှု အများဆုံးဖြစ်ကာ စာသင်ကျောင်း အဆောက်အအုံ အများဆုံး ပစ်မှတ်ထား ပစ်ခတ်တိုက်ခိုက်ခံရ သည်ဟု ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန - KECD၏ ပြုစုထားသည့် စာရင်းအရသိရသည်။

Most read this week

November 7, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် ကရင်နီပြည်နယ်စပ်မှစ၍ သူးမွဲထအထိ...
November 6, 2024
ပြည်သူလူထုအပါအဝင် တော်လှန်ရေးအင်အားစုအဖွဲ့အစည်းများကြား တူညီသော ဦးတည်ချက်ဖြင့် မူဝါဒအရ...
November 6, 2024
ကော့ကရိတ်မြို့နယ်မြောက်ပိုင်း ရန်ကုတ်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နေရာနှင့် ကျုံဒိုး...