စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်များ၊ ဝန်ထမ်းများက ဧည့်စာရင်းစစ်ခြင်းကို စီးပွားရေးလုပ်ငန်းတစ်ခု အဖြစ် လုပ်ကိုင်လာသည်ဟု ပုသိမ်မြို့ခံများက ပြောသည်။
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် ဧည့်စာရင်းစစ်ခြင်းကို စီးပွားရေး လုပ်ငန်းတစ်ခုအဖြစ် သဘောထားကာ စစ်ကောင် စီ လက်အောက်ခံ စစ်သား၊ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ပျူစောထီးများနှင့် မီးသတ်တပ်ဖွဲ့ ဝင်များ က တက်တက်ကြွကြွ လုပ်ကိုင်နေသည်ဟု ဒေသခံများကပြောသည်။
ပန်းဆက်ရပ်ကွက်မှ အသက် ၄၀ ကျော် အမျိုးသမီးတစ်ဦးက “ဧည့်စာရင်း မတိုင်မိလို့ နောက်နေ့ ရပ်ကွက်ရုံး လာခိုင်းပြီး ဒဏ်ကြေးငွေ တစ်သောင်း ဆောင်ခိုင်းတယ်။ မများ လွန်းဘူးလားဆိုတော့ ဒါဗိုလ်ကြီးက သတ်မှတ် ပေးထားတာ။ မဆောင်ချင်ရင် အဖမ်းခံမလားလို့ ပြောတယ်” ဟု ပြောသည်။
ဧရာဝတီတိုင်း၊ ပုသိမ်မြို့ပေါ်ရှိ ရပ်ကွက် ၁၄ ခုကို ယခုရက်ပိုင်းတွင် ညတိုင်းနီးပါး စစ်ကောင်စီ လက်အောက်ခံ များက အလှည့်ကျ ဧည့်စာရင်း စစ်ဆေးခြင်းကို ပြုလုပ်နေသည်ဟု အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူအချို့က ပြော သည်။
အိမ်ထောင်စု လူဦးရေစာရင်းတွင် ဖော်ပြထားသည့် ရပ်ကွက်မှ မြို့ပေါ်ရှိ အခြားရပ်ကွက်သို့ ရွှေ့ပြောင်းနေထိုင် ပါကလည်း ဧည့်စာရင်းတိုင်ရပြီး တစ်လ နေထိုင်ခွင့်အတွက် ရာအိမ်မှူးကို တစ်ထောင်ကျပ် ပေးရသည်ဟု ဝန်ထမ်း အိမ်ယာတွင် နေထိုင်သူတစ်ဦးက ပြောသည်။
ဥမ္မာဒန္တီ ၅ လမ်းတွင်နေထိုင်သူတစ်ဦးက “တခြားမြို့က လာတဲ့ ဧည့်သည်ဆိုရင် တစ်ပါတ်ပဲ နေထိုင်ခွင့်ရတယ်။ ဆက်နေမယ်ဆို ထပ်တိုင်ပေါ့။ နောက် တစ်ပါတ်အတွက် တစ်ထောင်ထပ်ပေးရတယ်” ဟု ပြောသည်။
ဧည့်စာရင်းတိုင်ရသည့် ဒုက္ခမှကင်းရန် အိမ်ထောင်စု လူဦးရေစာရင်းကို ယခုနေထိုင်ရာ ရပ်ကွက်သို့ ပြောင်းရာ တွင်လည်း မြို့နယ် လဝက ရုံးမှ ရံပုံငွေဟုဆိုကာ တစ်သောင်းကျပ် တောင်းသဖြင့် ပေးခဲ့ရကြောင်း အိမ်ထောင်စု လူဦးရေစာရင်းအား ရပ်ကွက်ပြောင်းလုပ်သူ အသက် ၃၀ ကျော်ခန့် အမျိုးသမီးတစ်ဦးက ပြောသည်။
“အရင်နေတဲ့ ရပ်ကွက်က ထောက်ခံစာအတွက် တစ်ထောင်၊ အခုနေတဲ့ ရပ်ကွက်က ထောက်ခံစာက တစ်ထောင် အိမ်ယာပိုင်ဆိုင်မှု အထောက်အထားနဲ့ မှတ်ပုံတင်တွေကို မိတ္တူဆွဲပေးရတယ်။ မရှိဆင်းရဲသားတွေ အဖို့ကတော့ ရပ်ကွက် ပြောင်းလုပ်ဖို့တောင် ခက်ခဲတယ်” ဟု ပြောသည်။
အိမ်ထောင်စု စာရင်းကို ရပ်ကွက်ပြောင်းလုပ်ပါက ကုန်ကျမည့် ငွေကျပ် ၁၅၀၀၀ ခန့်ကို တစ်လုံးတည်း အကုန် မခံနိုင်ခြင်းနှင့် အလုပ်ပါ တစ်ရက်နားရမည်ဖြစ်၍ မလုပ်နိုင်ဘဲ တစ်လအတွက် ဧည့်စာရင်းတိုင်ခ တစ်ထောင် ကျပ်နှုန်းကိုသာ မဖြစ်မနေပေးနေရခြင်း ဖြစ်သည်ဟု ဒေသခံအချို့က ပြောသည်။
ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက “တစ်ရက်ကို ဧည့်စာရင်းတိုင်တာရယ် ထောက်ခံစာလုပ်တာ ရယ် နောက်ဧည့်စာရင်းစစ်ပြီး မိတဲ့သူတွေကို ဒဏ်ရိုက်လို့ ရတဲ့ငွေဟာ သိန်းချီတယ်။ ဒါ့ကြောင့် နေ့တိုင်း ဧည့် စာရင်းကို အပင်ပန်းခံပြီး စစ်နေကြတာ။ ဧည့်စာရင်းမိတာ နည်းတဲ့ ညဆို တွက်ခြေမကိုက်ဘူးလို့ ငြီးကြသေး တာ” ဟု ပြောသည်။
ပုသိမ်မြို့ပေါ်ရှိ ရပ်ကွက် ၁၄ ခု တွင် အမှတ် ၁၊ ၆၊ ၇၊ ၈၊ ၉၊ ၁၀၊ ၁၁၊ ၁၂ နှင့် ၁၄ ရပ်ကွက် တို့တွင် နေ့စဉ်နီးပါး လမ်းများအလိုက် အလှည့်ကျ ဧည့်စာရင်းစစ်ခြင်းကို စစ်သားများ၊ ရပ်ကွက်နယ်ထိန်းရဲများ၊ ရပ်ကွက် အုပ်ချုပ် ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ ပျူစောထီးများနှင့် မီးသတ်တပ်ဖွဲ့ဝင်များက လုပ်ဆောင် နေကြခြင်း ဖြစ် သည်။