ဝက်လက်မြို့နယ် ဒေသခံ၂ဦး သတ်ဖြတ်ခံရ

ဝက်လက်မြို့နယ် ဒေသခံ၂ဦး သတ်ဖြတ်ခံရ
ဝက်လက်နက်မြို့အဝင်ဆိုင်းဘုတ်
ဝက်လက်နက်မြို့အဝင်ဆိုင်းဘုတ်

စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ် အနောက်ခြမ်း တကောင်းမင်းကျေးရွာမှ ဒေသခံအမျိုးသားနှစ်ဦး စစ် ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးသတ်ဖြတ်ခြင်းကိုခံခဲ့ရသည်ဟု Wetlet Imformational Network အဖွဲ့ထံမှ သိရသည်။

ဝက်လက်မြို့ပေါ်မှ စစ်ကောင်စီတပ်ဖွဲ့များသည် တကောင်းမင်းကျေးရွာကို ဝင်ရောက်စီးနင်းခဲ့ပြီး ဒေသခံ အမျိုး သားနှစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု Wetlet Imformational Network မှတာဝန်ရှိသူ တစ်ဦးက ပြောသည်။

“အဲ့ဒီစစ်ကြောင်းက ၂၁ရက်နေ့က မူးကြီးကျေးရွာကိုမီးရှို့ပြီး ဝက်လက်မြို့ထဲကိုဝင်သွားတယ် နောက်နေ့ မနက် ၉ နာရီခွဲလောက်က တကောင်းမင်းရွာကိုရောက်သွားတယ် အဲ့ဒီရွာသား အမျိုးသားနှစ်ဦးကို သေနတ်နဲ့ ပစ်သတ် ခဲ့တာပါ။ ရုပ်အလောင်းလည်းပြန်ရတယ်ပြောပါတယ် ပြေးရင်းနဲ့ မိပြီးသတ်ခံရတယ်လို့ ယူဆပါတယ်” ဟု ပြော သည်။

ဇွန်လ ၂၂ ရက်နေ့၊ နံနက်ပိုင်း ၉ နာရီအချိန်ခန့်က ကျေးရွာထဲ ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်က ဖမ်းဆီးသတ် ဖြတ်သွားခြင်း ဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် တကောင်းမင်းကျေးရွာရှိ‌ နေအိမ် ၁၅ လုံး၊ ဆိုင်ကယ် ၉ စီးနှင့် ကား ၁ စီးကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည့် အပြင် အခြား ဒေသခံ အမျိုးသားနှစ်ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ယနေ့အချိန်ထိ အဆက် အသွယ် တစ်စုံတစ်ရာ မရရှိသေးကြောင်းသူက ဆက်ပြောသည်။

အဆိုပါစစ်ကောင်စီတပ်ဖွဲ့သည် စစ်ကြောင်း ၂ခုခွဲကာ  စစ်ကိုင်းမြို့နယ် အနောက်နှင့် မြောက်ဘက်ခြမ်းနှင့် ဝက် လက်မြို့နယ် အနောက်ခြမ်းရှိကျေးရွာများကို လှည့်ပတ်ကာ စစ်ကြောင်းထိုးမီးရှို့နေသောကြောင့် ကျေးရွာ ၂၀ ခန့်မှ ပြည်သူများဘေးလွှတ်ရာသို့ထွက် ပြေးတိမ်းရှောင်နေရသည်ဟု ဝက်လက်ကာကွယ်ရေးတပ်က ပြော သည်။

“ဒီစစ်ကြောင်း နှစ်ခုထဲက တစ်ခုက ရွှေဘိုဘက်ကိုသွားနေတယ်။ နောက်တစ်ကြောင်းကတော့ စစ်ကိုင်းကို ရောက်သွားပြီ။ ဒေသခံတွေကတော့ သူတို့တောင်ကလာရင် မြောက်ပြေး၊ မြောက်ကလာရင် တောင်ပြေး လုပ် နေရတယ်။ တော်တော်များများကတော့ ဘုန်းကြီးကျောင်းတွေ စာသင်ကျောင်းတို့မှာ တိမ်းနေကြတယ်” ဟု ပြောသည်။

တကောင်းမင်းကျေးရွာသည် မကြာခဏစစ်ကောင်စီတပ်၏ ဝင်ရောက်စီးနင်းခံရပြီး အိမ်ခြေ ၂၀၀ ခန့်ရှိသည့် ကျေးရွာတစ်ခုဖြစ်ကာ ဝက်လက်မြို့မှဆိုင်ကယ်ဖြင့်သွားပါက ၁၅ မိနစ်ခန့်သာ ကြာသည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် ဝက်လက်မြို့နယ် သတင်းမှန် ပြန်ကြားရေးအဖွဲ့ကလည်း တကောင်းမင်းရွာမှ ပြည်သူနှစ်ဦးကို စစ်ကောင်စီတပ်ဘက်က ရက်စက်စွာ သတ်ဖြတ်သွားခဲ့ပြီး ကျေးရွာကိုမီးရှို့ဖျက်ဆီးသွားခဲ့သည်ဟု ထုတ်ပြန် ထားပါသည်။

ဝက်လက်မြို့နယ်တွင် စစ်တပ်မှအာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ်မေလအထိ စစ်ကောင်စီတပ်က ဝင်ရောက် မီးရှို့ခဲ့သည့် နေအိမ်ပေါင်း ၃၄၀၀ ကျော်ရှိနေပြီဖြစ်သည့်အပြင် ကျေးရွာပေါင်း ၂၀ ကျော်မှ ဒေသခံပြည်သူ ထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရဆဲ ဖြစ်သည်။

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒ လေ့လာရေး အင်စတီကျု (ISP Myanmar) ၏ ဇွန်လ ၁၄ ရက်နေ့ နောက်ဆုံး ထုတ် ပြန်ချက်အရ မြန်မာနိုင်ငံတစ်ဝှမ်းတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သား ၈၆၀၀ ကျော် သေဆုံးခဲ့ရ သည်ဟု ဖော်ပြထားသည်။

November 6, 2024
မြစ်ကြီးနား– တနိုင်းဆက်သွယ်ထားတဲ့ လီဒိုလမ်းမကြီး ဆိုးဆိုးရွားရွားပျက်စီးနေတာကြောင့်...
ဆင်ရိုင်းတိုက်ခိုက်လို့ ထိခိုက်ပျက်စီးသွားတဲ့ ကားများ
November 5, 2024
ပူတာအိုမြို့နဲ့ ဆွမ်ပရာဘွမ်ကြားမှာ တောဆင်ရိုင်းတစ်ကောင်တိုက်ခိုက်မှုကြောင့် ခရီးသွား ကား ၅...
November 5, 2024
မြန်မာ–တရုတ်နယ်စပ် ကချင်ပြည်နယ် ကံပိုင်တည်နယ်စပ်ဂိတ်ပိတ်လိုက်တဲ့နောက် မြစ်ကြီးနားမြို့မှာ...
November 1, 2024
ကချင်အထူးဒေသ ၁ နယ်မြေက နယ်ခြားစောင့်တပ်ဖွဲ့ BGF ရဲ့နောက်ဆုံးကျန်တဲ့ အမှတ် ၁၀၀၁...