ရခိုင်တွင် ကူညီကယ်ဆယ်ရေး ခရီးသွားခွင့်ပြုချက်ကို စစ်ကောင်စီက ယာယီဆိုင်းငံ့ထားဆဲဟု ကုလထုတ်ပြန်

ရခိုင်တွင် ကူညီကယ်ဆယ်ရေး ခရီးသွားခွင့်ပြုချက်ကို စစ်ကောင်စီက ယာယီဆိုင်းငံ့ထားဆဲဟု ကုလထုတ်ပြန်
ရခိုင်ပြည်အတွင်းက မုန်တိုင်းသင့်ပြည်သူများအား WFP က ရိက္ခာအချို့ထောက်ပံ့ပေးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - UN
ရခိုင်ပြည်အတွင်းက မုန်တိုင်းသင့်ပြည်သူများအား WFP က ရိက္ခာအချို့ထောက်ပံ့ပေးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - UN

မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်တွင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများအတွက် ခရီးသွားခွင့် ပြုချက်များကို စစ်ကောင်စီက ယာယီဆိုင်းငံ့ထားဆဲဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်း ရေးရုံး (UNOCHA)မှ ဇွန်လ ၁၉ ရက်နေ့က ထုတ်ပြန်သည်။

လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများအတွက် ခရီးသွားခွင့်ပြုချက် (TAs) များကို ယာယီ ဆိုင်းငံ့ထားခြင်းကြောင့် ရခိုင်ပြည်တစ်ဝှမ်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုအပေါ် သက်ရောက်မှုရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“မိုးသည်းထန်စွာရွာသွန်းခြင်းနဲ့ မုတ်သုံရာသီမှ ရေကြီးရေလျှံမှုတွေဟာ ဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဒေသ တွေကို ပြင်းထန်စွာ သက်ရောက်မှုရှိနေတဲ့အတွက် အဆိုပါရုတ်တရက်ဆုံးဖြတ်ချက်ဟာ ဆိုင်ကလုန်းဒဏ်ခံရတဲ့ လူဦးရေရဲ့ ဆိုးရွားသော ဘဝအခြေအနေတွေကို ပိုမိုဆိုးရွားစေတယ်” ဟု ထုတ်ပြန်သည်။  

ဇွန်လ ၈ ရက်နေ့ကစပြီး INGO၊ NGO နှင့် CSO အဖွဲအစည်းများအား ရခိုင်ပြည်အတွင်း ခရီးသွားလာခွင့်ကို ရက် အကန့်သတ်မၡိ ရပ်နားထားကြရန် ပြည်နယ်စစ်ကောင်စီက ဇွန်လ ၇ ရက်နေ့တွင် ညွှန်ကြားခဲ့သည်။

မုန်တိုင်းဒဏ်သင့် ပြည်သူများ အရေးပေါ်အကူအညီ လိုအပ်နေချိန်တွင် လူသားချင်းစာနာမှု ကူညီရေးအဖွဲ့များ အား ခရီးသွားလာခွင့် ရပ်ဆိုင်းလိုက်ခြင်းအပေါ် ဝေဖန်ရှုတ်ချမှုများ ရှိခဲ့သည်။

ဇွန်လ ၁၁ ရက်နေ့တွင် ပြည်နယ်စစ်ကောင်စီက NGO အဖွဲ့များ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ရန် ခွင့်ပြု ချက်များအား ယခင်ခွင့်ပြုထားရှိသည့် ခွင့်ပြုစာအတိုင်း ဆောင်ရွက်ခွင့်ပြုကြောင်း ထုတ်ပြန်ခဲ့သော်လည်း မြေ ပြင်အခြေအနေတွင် လွတ်လပ်စွာ ခရီးသွားလာခွင့်များ ကန့်သတ်ခံထားရဆဲဖြစ်သည်။

ဇွန်လ ၁၂ ရက်နေ့ ကုလသမဂ္ဂက ထုတ်ပြန်ချက်တွင် ကုလသမဂ္ဂဌာနေကိုယ်စားလှယ်နှင့် လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး Balakrishnan က “လူသားချင်းစာနာထောက်ထားမှုအဖွဲ့များကိုယ်စား ပြည်နယ်အုပ်ချုပ်ရေးကောင်စီကို တောင်းဆိုချင်တာက မူလဆုံးဖြတ်ချက်တွေအတိုင်း ပြန်လည်ခွင့်ပြုပေးဖို့ပါ” ဟု တိုက်တွန်းထားသည်။

ရခိုင်ပြည်အတွင်း လူသားချင်းစာနာထောက်ထားမှု အကူညီများပေးနိုင်ရန် ပြည်နယ်စစ်ကောင်စီထံ ခရီးသွား ခွင့်ပြုချက် တင်ထားသော်လည်း ခွင့်ပြုမိန့်ကျရန်အချိန်ကြန့်ကြာမှုများကြောင့် NGO အဖွဲ့အစည်းများမှာ အခက် အခဲများ ဖြစ်ပေါ်နေကြသည်။

"သူတို့(စစ်ကောင်စီ)ဘက်က နဂိုကတည်းက ခရီးသွားလာခွင့်ကို ဥပဒေနဲ့အညီ စာတင်ရမယ်ဆိုတာ ရှိတယ်။ ခွင့်ပြုချက်တင်တော့ ခွင့်ပြုချက်ကျမလာဘူး" ဟု ရခိုင်မှ NGO ဝန်ထမ်းတစ်ဦးက DMG သို့ ပြောသည်။

ရခိုင်ပြည်နှင့် ချင်းပြည်နယ်တို့တွင် ဆိုင်ကလုန်း Mocha တုံ့ပြန်မှုအတွက် ဖြန့်ဖြူးရေးနှင့် သယ်ယူပို့ဆောင်ရေး အစီအစဉ်များ၏ အတည်ပြုချက်ကို ဆိုင်းငံ့ထားဆဲဖြစ်သည်ဟု UNOCHA ၏ ယနေ့ ထုတ်ပြန်ချက်တွင် ပါရှိ သည်။

လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့များကို ခရီးသွားလာခွင့်ကန့်သတ်ထားသည်မှာ ရခိုင်ပြည် တွင်းရှိ ပြည်သူများ၏ လူ့အခွင့်အရေးကို စစ်ကောင်စီက ချိုးဖောက်နေခြင်းဟု မုန်တိုင်းသင့်ပြည်သူများအား ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောသည်။

“နိုင်ငံရဲ့အစိုးရလို့ ပြောနေတဲ့လူတွေက သူတို့ကိုယ်တိုင် ကူညီကယ်ဆယ်ရေးပေးသင့်တယ်။ ကူညီပေးနေတဲ့ အဖွဲ့တွေကိုလည်း မြန်မြန်ဆန်ဆန်အလုပ်ဖြစ်အောင် ဆောင်ရွက်ပေးသင့်တယ်။ အခုဆိုရင်ကျနော်တို့ နယ် ဘက်ကို ကူညီကယ်ဆယ်ရေးသွားပေးတာ စစ်ကောင်စီနဲ့မတွေ့ရအောင် ရှောင်ပြီးသွားနေရတယ်။ မဟုတ်ရင် ပြဿနာတွေတက်မယ်။ အဖမ်းခံရနိုင်တယ်” ဟု ၎င်းက ပြောသည်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကန့်သတ်ချက်များရှိနေသော်လည်း အကူအညီပေးရေးအဖွဲ့များသည် ၎င်းတို့ခွင့်ပြုချက်ရရှိထားသည့် ဆိုင်ကလုန်းဒဏ်ခံရပ်ရွာများသို့ အရေးကြီးသော အကူအညီများ ပေးအပ် လျက် ရှိကြောင်း UNOCHA ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် “မိုခါ” ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်အတွင်းက ဒေသခံ ပြည်သူ ၁,၅၄၇,၇၆၁ (တစ်ဆယ့်ငါးသိန်းကျော်) ထိခိုက်နစ်နာခဲ့ရသည်ဟု ရက္ခိုင့်တော်(AA) က ထုတ်ပြန်ထားသည်။

မုန်တိုင်သင့်မြို့နယ်များမှ ကျေးလက်ဒေသနှင့် စစ်ဘေးရှောင်စခန်းများတွင် စားနပ်ရိက္ခာနှင့် ကူညီကယ်ဆယ် ရေးပစ္စည်းများရရှိမှု အားနည်းနေကြောင်း ဒေသခံများက ပြောဆိုကြသည်။

“စခန်းမှာ အိမ်သာလည်း မရှိဘူး။ မိန်းကလေးတွေအတွက် အဆင်မပြေဘူး။ သူတို့(စစ်ကောင်စီ)က လူသားချင်း စာနာမှု ကူညီပေးနေတဲ့အဖွဲ့တွေကို ပိတ်ပင်ထားတော့ စားဝတ်နေရေးက ပိုပြီးဒုက္ခရောက်ပြီပေါ့” ဟု ရသေ့ တောင်မြို့နယ်၊ စေတီပြင်စစ်ဘေးရှောင်စခန်းမှ မမေစုလှိုင်က ပြောသည်။

လက်ရှိတွင် မုန်တိုင်းသင့်လူဦးရေ၏ ၃၀ ရာခိုင်နှုန်းခန့်မှာ နိုင်ငံတကာအဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့ အစည်း များနှင့် ပုဂ္ဂလိကအလှူရှင်များထံမှ အကူအညီအချို့ရရှိထားသော်လည်း ကျန် ၇၀ ရာခိုင်နှုန်းမှာ အရေးပေါ် ကူညီကယ်ဆယ်ရေးပစ္စည်းများ မရရှိကြသေးကြောင်း AA က ပြောဆိုထားသည်။

ရခိုင်ဒေသဈေးကွက်အတွင်း ရောင်းချနေကြသည့် တားမြစ်အလှန်ကုန်ပစ္စည်းအချို့။
November 8, 2024
အစားအသောက်နှင့် ဆေးဝါးကွပ်ကွဲရေးဦးစီးဌာန (FDA) က သုံးစွဲရန်မသင့်ကြောင်း တားမြစ်ထားသည့်...
November 8, 2024
ရခိုင်ပြည်အတွင်းရှိ စစ်ဘေးရှောင်စခန်းများတွင် သက်ကြီးပိုင်းအရွယ်များ လေဖြတ်ရောဂါဖြစ်ပွားမှု...
စစ်တွေမြို့ရှိ ရွှေနှလုံးတော် ခရစ်ယာန်ဘုရားကျောင်း။  ဓာတ်ပုံ - Sacred Heart Church – Sittwe
November 7, 2024
ရခိုင်ပြည်၊ စစ်တွေမြို့တွင် ခရစ်ယာန်ဘာသာဝင်များ ဘုရားကျောင်းသို့ သွားရောက်ကာ...
November 7, 2024
မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်အကြား ကုန်သွယ်မှုများ ပိုမိုလုပ်ဆောင်နိုင်ရန်...