ထားဝယ်ခရိုင် သပိတ်ကော်မတီ ဦးဆောင်သူ ကိုမင်းလွင်ဦး၏ ဖခင်ကို စစ်ကောင်စီတပ်မှ နေအိမ်တွင် လာ ရောက် ဖမ်းဆီးသွားသည်ဟု သပိတ်ကော်မတီက ထုတ်ပြန်ထားသည်။
လောင်းလုံးမြို့နယ်၊ ပြင်းထိန်ကျေးရွာနေ ဦးအောင်ဖေ အသက် ၆၅ နှစ်ကို ဇွန်လ ၁၉ ရက်နေ့၊ မွန်းတည့် ၁၂ နာရီ အချိန်ခန့်က အင်အား ၃၀ ခန့် ပါဝင်သည့် စစ်ကောင်စီတပ်မှ ကားလေးစီးဖြင့် ရောက်ရှိလာပြီး ရိုက်နှက်ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ဖြစ်သည်။
သပိတ်ကော်မတီဝင်တစ်ဦးက “မဖမ်းခင် အိမ်ထဲမှာ အကုန်မွှေနှောက် ရှာဖွေခဲ့သေးတာ။ ကျောင်းသားသမဂ္ဂ လက်ပတ်အနီတစ်ခုနဲ့ အမျိုးသမီးသမဂ္ဂ အင်္ကျီတစ်ထည် တွေ့သွားတယ်လို့ သိရတယ်။ ပြီးတာနဲ့ ကန်ကြောက် ရိုက်နှက်ပြီး ခေါ်သွားတာ” ဟု ပြောသည်။
စစ်ကောင်စီတပ်မှ နေအိမ်အတွင်းရှိ ပစ္စည်းများကိုလည်း ရိုက်နှက်ဖျက်ဆီးခဲ့ကာ ဖုန်း ၂ လုံးနှင့် ငွေကျပ် ၈ သိန်း ကျော်ကိုလည်း ယူဆောင်သွားခဲ့သေးသည်ဟု သပိတ်ကော်မတီဝင် တစ်ဦးက ပြောသည်။
သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးသည် စစ်အာဏာသိမ်းပြီးသည့် နောက်ပိုင်း လောင်းလုံးမြို့နယ်အတွင်း အကြမ်းမဖက် လူထုသပိတ် လှုပ်ရှားမှုများကို ဦးဆောင်နေသူ တစ်ဦးဖြစ်ပြီး စစ်ကောင်စီတပ်မှ ဆုကြေးငွေပေး မည်ဟု မက်လုံးပေး ဖမ်းဝရမ်းထုတ်ပြန်ခြင်းကို ခံထားရသူလည်းဖြစ်သည်။
ကိုမင်းလွင်ဦးကို ဖမ်းမမိသည့်အတွက် ဖခင်ဖြစ်သူအား ဓားစာခံအနေဖြင့် ယခုကဲ့သို့ ဖမ်းဆီးသွားခြင်းမှာ လူ့အခွင့်ရေး ချိုးဖေါက်နေသည့် စစ်ကောင်စီ၏ သူရဲဘောကြောင်သော အကြမ်းဖက် လုပ်ရပ်သာ ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
လက်ရှိတွင် ဖမ်းဆီးခံလိုက်ရသည့် ကိုမင်းလွင်ဦး၏ ဖခင်ကို လောင်းလုံးမြို့၊ မြို့မရဲစခန်းတွင် ချုပ်နှောင်ထား သည်ဟု ဒေသခံများက ပြောသည်။
၂၀၂၁ ခုနှစ်ကလည်း ကိုမင်းလွင်ဦး၏ မိခင်ဖြစ်သူကို စစ်ကောင်စီတပ်မှ ဖမ်းဆီးစစ်ဆေးခဲ့ပြီးနောက် ၅ ရက် ခန့်အကြာတွင် ပြန်လွှတ်ပေးခဲ့သေးသည်။
ထားဝယ်ဒေသအတွင်း ယခင်ကလည်း ဒီမိုကရေစီအရေး လှုပ်ရှားနေသူများ၏ မိသားစုဝင်များကို စစ်တပ်က ဖမ်းဆီးစစ် ဆေးခြင်း၊ မိခင်များကို ဖမ်းဆီးထောင်ချခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းများနှင့် ချိပ်ပိတ်ခြင်း များရှိခဲ့သည်။
ထို့အပြင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများက PDF တပ်ဖွဲ့ဝင်များ၏ မိဘများ၊ မိသားစုဝင်များအား ပစ်ခတ် သတ်ဖြတ်ခဲ့ခြင်းများကိုပါ ပြုလုပ်နေကြသည်။