စစ်ဘေးရှောင်များထံသို့ ကူညီထောက်ပံ့ရေး ပစ္စည်းများ သယ်ယူပို့ဆောင်ရာတွင် စစ်ကောင်စီတပ်များက တင်းတင်းကြပ်ကြပ် စစ်ဆေးနေသဖြင့် အခက်အခဲများ ရှိနေသည်ဟု စစ်ဘေးရှောင်များအား ကူညီစောင့် ရှောက်ရေး ပူးပေါင်းအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။
တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ မကြာခဏ ဆိုသလို တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များတွင် စားသောက်ကုန်ပစ္စည်းများနှင့် ဆေးဝါးများကို အစစ်အဆေး တင်းကြပ်လာခြင်း ဖြစ်သည်။
ထောက်ပံ့ရေးပစ္စည်းများ သယ်ယူပို့ဆောင်ရာ လမ်းခရီးများတွင် စစ်ကောင်စီမှ ရှာဖွေဖမ်းဆီး၊ သိမ်းဆည်းခြင်း များ ပိုမိုပြုလုပ်လာသည့်အပြင် ကုန်ဈေးနှုန်းများ မြင့်တက်လာနေခြင်းများမှာလည်း အဓိက စိမ်ခေါ်မှုတရပ် ဖြစ်နေသည်။
ထိုသို့သော အခြေအနေများကြောင့် “အမိုးအကာနဲ့ ဆန်၊ ဆီ၊ ဆေး၊ ဆားလောက်ရရင်ကို အဆင်ပြေပါတယ်။ ကျန်တာက တောထဲမှာရှာကြံ စားသောက်လို့ရတယ်။ ကလေးတွေနဲ့ သက်ကြီးပိုင်းတွေအတွက် ကျန်းမာရေး ပိုင်းပဲ စိတ်ပူတယ်” ဟု တနင်္သာရီမြို့နယ်အတွင်း စစ်ဘေးရှောင်နေရသူ အသက် ၄၅ နှစ်အရွယ် အမျိုးသမီး တစ်ဦးက ပြောသည်။
စစ်ကောင်စီမှလည်း မြို့ပေါ်ဆိုင်များကို လွတ်လပ်စွာ ရောင်းချခြင်း မပြုနိုင်ရန် ဖိအားပေးစေခိုင်းမှုများ ရှိနေခြင်း တို့ကြောင့် လိုအပ်သည့် ပစ္စည်းများနှင့် ရိက္ခာများဝယ်ယူရန် ခက်ခဲနေသည်ဟု ကူညီပေးနေသူများက ပြော သည်။
ယခင်နှစ်များက မြိတ်ခရိုင်အတွင်းရှိ ပုလောမြို့နယ်နှင့် တနင်္သာရီမြို့နယ်များရှိ စစ်ဘေးရှောင်နေရသူများကိုသာ ရည်ရွယ်ကူညီပေးနေခဲ့ရသော်လည်း ယခုနှစ်တွင်မူ ကျွန်းစုမြို့နယ်အတွင်းမှာပါ တိုး၍ကူညီပေးနေရသည်ဟု စစ်ဘေးရှောင်များအား ကူညီစောင့် ရှောက်ရေး ပူးပေါင်းအဖွဲ့ တာဝန်ရှိသူက ဆက်ပြောသည်။
စစ်ဘေးရှောင်များအား နွေဦးမေတ္တာစစ်ဘေးရှောင်ကူညီရေးအဖွဲ့၊ တွဲလက်ညီညီ စစ်ဘေးရှောင်ကူညီရေး အဖွဲ့ နှင့် ဒေါန - တနင်္သာရီ စစ်ဘေးရှောင်များ အထောက်အကူပေးရေးအဖွဲ့ စသည့် လူမှုရေးအဖွဲ့အစည်းများက ကူညီ ပေးလျက် ရှိနေသည်။
စစ်ဘေးရှောင်များအနေဖြင့် တောတောင်များအတွင်းနှင့် ဥယျာဉ်ခြံများအတွင်း ရရာပစ္စည်းများဖြင့် ယာယီ တဲ ထိုးနေထိုင်ကြရာ စားနပ်ရိက္ခာများအပြင် အမိုးအကာများလည်း ရာနှင့်ချီ လိုအပ်နေပြီး မိုးတွင်းကာလသို့ ရောက် ရှိလာခြင်းကြောင့် ဝမ်းပျက်ဝမ်းလျော၊ ရာသီတုတ်ကွေးနှင့် ငှက်ဖျားရောဂါကု ဆေးဝါးများလည်း လိုအပ်လျက်ရှိ သည်။
ပုလောမြို့နယ်အတွင်း ကျေးရွာပေါင်း ၃၀ ခန့် စစ်ဘေး တိမ်းရှောင်နေကြရပြီး ယခင် ၂၀၂၂ ခုနှစ်က စစ်ရှောင် စခန်းတွင် အမြဲတမ်း စစ်ရှောင်သူဦးရေ ၁၀၀၀ ကျော်သာရှိနေခဲ့ရာမှ ယခုလက်ရှိတွင် ၂၀၀၀ ကျော် ရှိနေသည်ဟု ပုလောစစ်ဘေးရှောင် စီမံခန့်ခွဲရေး ကော်မတီအဖွဲ့ မှ ကောက်ယူထားသည့် စာရင်းများက ဆိုသည်။
ထို့အပြင် လာရောက်ခိုလှုံခြင်းမပြုဘဲ နီးစပ်ရာဆွေမျိုးများရှိရာ ကျေးရွာများနှင့် မြို့ပေါ်များသို့ ထွက်ပြေး တိမ်း ရှောင်နေကြရသူ အယောက် ၂၀၀၀ ဝန်းကျင်ခန့် ရှိနေသည်။
တနင်္သာရီမြို့နယ်အတွင်း စစ်ရှောင်စခန်း သီးခြားမရှိသေးခြင်းကြောင့် စစ်ရှောင်အရေအတွက် ကောက်ယူရန် ခက်ခဲနေပြီး မြို့နယ်တစ်ခုလုံး ပြီးခဲ့သည့်မေလအတွင်းက အမြဲတမ်းစစ်ရှောင်အပါအဝင် စစ်ဘေးရှောင်ပြည်သူ စုစုပေါင်း ၅၀၀၀ ကျော်ခန့်ရှိခဲ့ကြောင်း ဒေါနတနင်္သာရီ စစ်ဘေးရှောင်များအထောက်အကူပြုရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့်မေလအတွင်းက တနင်္သာရီမြို့နယ်အတွင်း ကျေးရွာအုပ်စု ၁၀ အုပ်စုမှ လူဦးရေ ၁၅၀၀ ကျော် ကူညီ ထောက်ပံ့ပေးခဲ့ရသည်ဟု နွေဦးမေတ္တာ စစ်ရှောင်ကူညီပေးရေး အဖွဲ့ဝင် တစ်ဦးက ပြောသည်။
လက်ရှိ ဇွန်လအတွင်း အရှေ့မော်တုန်း၊ အနောက်မော်တုန်း၊ ဘန်းလမွတ်၊ညောင်ပင်ကုန်း၊ကမ်းတို၊ ရမ်းဖိုစသည့် ကျေးရွာများအနီး တိုက်ပွဲများကြောင့် စစ်ရှောင်ဦးရေ ၁၆၀၀ ဝန်းကျင်ခန့်ရှိလာနေပြီး ကျွန်းစုမြို့နယ် အတွင်း၌ လည်း ဘန္ဒနဲ၊ ကျွန်းသာ၊ မြိုင်သာ၊ ကမ်းသာစသည့်ကျေးရွာများမှ စစ်ဘေးရှောင်နေကြရသူ ဦးရေ ၁၀၀၀ နီးပါး ခန့် ရှိနေသည်။
ပုလောနှင့် တနင်္သာရီမြို့နယ်များအတွင်း စစ်ဘေးရှောင်များအား ကူညီပေးနေသည့်အဖွဲ့များ နည်းပါးနေသေး ခြင်းကြောင့် ထောင်နှင့်ချီနေသည့် စစ်ရှောင်များအတွက် အခြေခံလိုအပ်ချက်များကို လုံလောက်စွာ ပံ့ပိုး ကူညီ ပေးနိုင်ရန် မြိတ်ခရိုင်အတွင်း ကူညီပေးနိုင်မည့် အဖွဲ့အစည်းများကိုလည်း မျှော်နေကြသည်ဟု ပူးပေါင်း ကူညီ ရေးအဖွဲ့ တာဝန်ရှိသူက ပြောဆိုသည်။
တနိုင်ငံလုံး အတိုင်းအတာဖြင့် စစ်ဘေးရှောင်များအား NUGအစိုးရမှ ကူညီပံ့ပိုးပေးမှုများ ရှိနေခဲ့သော်လည်း အကန့်အသတ်ဖြင့်သာ ရရှိနေခြင်းကြောင့် ရေရှည်တွင် စစ်ရှောင်များ ငတ်ပြတ်ခြင်းများ ဖြစ်ပေါ်လာနိုင်ကာ အခြေခံလိုအပ်ချက်များ ပြည့်မှီအောင်ဖြည့်ဆည်းပေးနိုင်ရန် အရေးကြီးနေသည်ဟု ဆိုသည်။