ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မဲဆောက်မြို့မှာ အဖမ်းအဆီးများလာတဲ့အတွက် အထောက်အထားမဲ့ မြန်မာ နိုင်ငံသားတွေ အများအပြား အခက်အခဲဖြစ်နေတယ်လို့ မဲဆောက်ရောက် မြန်မာပြည်သူတွေက ပြောပါတယ်။
မဲဆောက်မြို့ကို တရားမဝင် ဝင်ရောက်ခိုလှုံလာတဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းရဲတပ်ဖွဲ့ တွေကနေ အဖမ်းအဆီးများလာဟာ စစ်ကောင်စီရဲ့ ဖိအားကြောင့် ဖြစ်နိုင်တယ်လို့ မဲဆောက်ရောက် CDM ကျောင်းဆရာမတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
“ရွေးကောက်ပွဲ (ထိုင်းရွေးကောက်ပွဲ) ပြီးတဲ့နောက်ပိုင်း ပိုပိုပြီး အဖမ်းအဆီးများလာတယ်။ အတတ်နိုင်ဆုံး အပြင်မထွက်ဘဲ အိမ်မှာပဲနေတယ်။ ခိုးဝင်တာများလာလို့လည်း ဖြစ်နိုင်တယ်။ စကစရဲ့ ဖိအားကြောင့် များလာ တာလို့လည်း ထင်တယ်။ စကစရဲ့ အာဏာသိမ်းမှုကို ထိုင်းနိုင်ငံက ထောက်ခံနေတယ်လို့လည်း ကျမတို့ ခံစားရ တယ်ပေါ့နော်” လို့ CDM ကျောင်းဆရာမက သူ့ရဲ့အမြင်ကို ပြောပါတယ်။
မဲဆောက်မြို့အတွင်း ထိုင်းရဲတပ်ဖွဲ့ကနေ အဖမ်းအဆီး ပြုလုပ်လာတဲ့အခါ အချိတ်အဆက်ရှိတဲ့ သူတွေကနေ အချင်းချင်းသတိပေးကြပြီး အဲဒီလိုနေ့မျိုးမှာ အပြင်မထွက်ဘဲနေကြပြီးတော့ ဝမ်းရေးအတွက် မဖြစ်မနေ ထွက် ကြရတဲ့အခါ ဖမ်းဆီးခံရတာတွေ ရှိတယ်လို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အမျိုးသားတစ်ဦးက ပြောပါတယ်။
“အဖမ်းအဆီးခံရတဲ့ ကိစ္စက နောက်ကျောမလုံသလို ခံစားရတယ်။ တစ်နေရာရာကို ဆိုင်ကယ်လေးငှားပြီးတော့ သွားတာပဲဖြစ်ဖြစ် ကားငှားပြီးတော့ သွားတာပဲဖြစ်ဖြစ် ရဲပါလား စောင့်ကြည်နေရတယ်။ မလုံခြုံမှုက ခံစားတာ တော့ အမှန်ပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ သည်းခံနိုင်လောက်တဲ့ အနေအထားမျိုးတော့ရှိတယ်” လို့ အထက် ပါ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အမျိုးသားက ဆက်လက်ပြောပါတယ်။
အထောက်အထား မရှိပေမဲ့ ကိုယ့်ဝမ်းရေးအတွက် မဖြစ်မနေ လုပ်ကိုင်စားသောက်နေကြတဲ့ သူတွေအနေနဲ့ လည်း အလုပ်ပျက်ကွက်တဲ့အခါ အလုပ်ပြုတ်နိုင်တဲ့ အနေအထားရှိပြီး အရဲစွန့်ပြီး ထွက်ကြတဲ့အခါ ထိုင်းရဲတွေ ရဲ့ ဖမ်းဆီးတာကို ခံရတာတွေ ရှိနေပါတယ်။
ထိုင်းရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးမှု ခံရရင် သက်သေခံအထောက်အထား မရှိတဲ့သူတွေ ရဲကိုလာဘ်ထိုးပြီး ထွက်လို့ရတာ တွေရှိပေမဲ့ ရဲက ဖမ်းဆီးတာမျိုးမဟုတ်ဘဲ ထိုင်းလူဝန်မှုကြီးကြီးရေးအဖွဲ့ (သို့မဟုတ်) အဖွဲ့စုံကစုပေါင်း ဖမ်းဆီး တာမျိုးတွေရှိနေပြီး ပြန်မရွေးနိုင်ရင် မြန်မာနိုင်ငံဘက်ကို ပြန်ပို့ခံရတာတွေ ရှိနေပါတယ်။
မဲဆောက်မှာ အဖမ်းအဆီးများပေမဲ့ လုံခြုံရေးပိုင်းအနေနဲ့ မြန်မာနိုင်ငံမှာထက် လုံခြုံတယ်လို့ စစ်အာဏာသိမ်းမှု ကို ဆန့်ကျင်တဲ့အတွက် ထိုင်းနယ်စပ်ကို ထွက်ပြေးတိမ်းရှောင်လာသူ ကိုဟိန်းအောင်က ပြောပါတယ်။
“တစ်ခုပဲ။ ဖမ်းဆီးခံရရင်တောင်မှ အများစုက လူလိုသူလိုပဲ ဆက်ဆံရတယ်ပေါ့။ စစ်ကောင်စီလက်အောက်မှာ နေရသလောက်မဆိုးပါဘူး” လို့ ကိုဟိန်းအောင်က အခြေအနေကို ရှင်းပြပါတယ်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရင်းနဲ့ အခြေအနေမျိုးမျိုးကြောင့် မဲဆောက်မြို့အပါအဝင် ထိုင်းနိုင်ငံဘက်ကို ရောက်လာကြတဲ့ မြန်မာနိုင်ငံသားအများပိုင်းမှာ မိသားစုလိုက် ပြောင်းလာရတာဖြစ်ပြီး အရင်တုန်းက ရွှေ့ ပြောင်း အလုပ်သမားတွေလို အလုပ်လုပ်မယ်ဆိုပြီး ထွက်လာကြတာ မဟုတ်တဲ့အတွက် အခက်အခဲအများကြီး ရှိတယ်လို့လည်း ဆိုပါတယ်။
“အစစအရာရာ တစ်ကနေပြန်စရတယ်။ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်လာကြတဲ့သူတွေများတယ်။ အခက်အခဲတွေက ရှိတယ်အများကြီးပဲ။ ဒါပေမဲ့ ဒီလိုပဲ တော်လှန်ရေးမနိုင်မချင်း သွားကြရမှာပဲ” လို့ ကိုဟိန်း အောင်က ဆိုပါတယ်။
ကူညီပေးတဲ့ အဖွဲ့အစည်းတွေကပေးတဲ့ ဆန်ဆီဆားတွေရပေမဲ့ ငွေကြေးထောက်ပံ့တာမျိုး မရှိဘဲ အခြားနိုင်ငံမှာ လာရောက်နေထိုင်နေတဲ့အတွက် အိမ်ငှားခအတွက် အမြဲပူနေရပြီး တော်လှန်ရေးသမားအချင်းချင်း စည်းစည်း လုံးလုံးနဲ့ မျှမျှတတ စားသောက်နေကြပြီးတော့ တစ်ခါတလေ စိတ်ဓာတ်ကျတာတွေ ရှိတယ်လို့လည်း CDM ကျောင်းဆရာမက ပြောပါတယ်။
“တော်လှန်ရေးမှာ အားလုံးက အခက်အခဲကိုယ်စီနဲ့ ဘဝတွေအသက်တွေရင်းပြီးတော့ ရှေ့ဆက်နေရတယ်။ တစ်ခါတလေ စိတ်ဓာတ်ကျတာတွေလည်း ရှိတယ်။ တစ်ခါတလေ ကျတော့လည်း ကိုယ့်ကိုကိုယ်အရမ်းကို အားတင်းပြီးတော့ နေရတယ် အိမ်ကို လွမ်းတာတွေ အများကြီးပဲပေါ့နော်“ လို့ CDM ကျောင်းဆရာမ က ပြောပါ တယ်။
နွေဦးတော်လှန်ရေး ဖြစ်စဉ်ကြောင့် ထိုင်းနိုင်ငံနယ်စပ်အနှံကို ရောက်လာကြတဲ့ မြန်မာတွေအတွက်ကို တရားဝင် ကဒ် တစ်ခုခုရှိဖို့ အရေးတကြီးလိုအပ်နေပြီး မလေးရှားအစိုးရနဲ့ UNHCR သဘောတူညီချက်နဲ့ လုပ်ထားတဲ့ UN ကဒ်လိုမျိုး ထုတ်ပေးနိုင်ရင် အဆင်ပြေနိုင်မယ်လို့လည်း ပြောပါတယ်။
မေလ ၁၄ ရက်နေ့က မဲဆောက်မြို့၊ မယ်ပရပ်ကွက်မှာရှိတဲ့ နေအိမ်တစ်အိမ်ကို ဝင်ရောက်စစ်ဆေးချိန် စစ်လက် နက်နဲ့ ပစ္စည်းတချို့ကို ဖမ်းဆီးသိမ်းယူခဲ့ပြီး စစ်လက်နက် ထုတ်လုပ်သူတွေကို ဆက်လက်ရှာဖွေနေတုန်း ဖြစ် တယ်လို့လည်း ဆိုပါတယ်။