KNPP နှင့် အစိုးရ အပစ်ရပ်ရေး သဘောတူလက်မှတ်ထိုး

KNPP နှင့် အစိုးရ အပစ်ရပ်ရေး သဘောတူလက်မှတ်ထိုး
by -
ဇော်ကြီး

ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP နှင့် အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ နှစ်ဖက် ကိုယ်စားလှယ်တို့ ယနေ့နံနက် တွေ့ဆုံပွဲမှ အပစ်အခတ် ရပ်စဲရေးကို မူအားဖြင့် သဘောတူ လက်မှတ် ရေးထိုးလိုက်သည်။

ဓါတ်ပုုံ ကန္တာရဝတီ
နံနက် ၉ နာရီခွဲ အချိန်ခန့်က ကယားပြည်နယ် လွိုင်ကော်မြို့ မြို့တော် ခန်းမတွင် တွေ့ဆုံဆွေးနွေး ခဲ့ရာ KNPP ဖက်မှ စစ်ရေး၊ နိုင်ငံရေးနှင့် လူထုဘဝ လုံခြံုရေးအတွက် အာမခံချက် ရရှိရေး စသည့် အချက်များ အပါအဝင် အချက် (၂၀) တင်ပြခဲ့သည့်အနက် သဘောတူညီချက် တချို့ ရရှိခဲ့သည်ဟု KNPP ပါတီ အတွင်းရေးမှူး (၂) ဦးအောင်ဆန်းမြင့်က ပြောသည်။ 

“ကျနော်တို့ နှစ်ဦးနှစ်ဖက် အပစ်အခတ်ရပ်ဆိုင်းတယ်။ ဆက်ဆံရေးရုံးတွေ ထားရှိမယ်။ နယ်မြေ ဖြတ်သန်း သွားလာလို့ရှိရင် အသိပေး အကြောင်းကြားမယ်ဆိုတဲ့ အချက်တွေနဲ့ပဲ ကျနော်တို့ လက်မှတ်ရေးထိုးတယ်။”

ဆွေးနွေးချက်များအနက် အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်ရပြီး ရက်ပေါင်း (၆၀) အတွင်း စစ်ရေးအရ အစိုးရဖက်မှ တပ်စခန်းများ တိုးချဲ့ ဆောက်လုပ်ခြင်း မပြုရန်အပါအဝင် ဒေသတွင်းအမာခံ တပ်စခန်းများ မှအပ လူထုအပေါ် ၀န်ထုတ်ဝန်ပိုးဖြစ်စေသည့် တပ်စခန်းများအား ပြန်လည် ရုပ်သိမ်းပေးရန် တောင်းဆိုခဲ့ သည်။ သို့သော် ယင်းကိစ္စ ဆက်လက် ဆွေးနွေးရန် ကျန်နေ သေးကြောင်း ဦးအောင်ဆန်းမြင့်က ပြောသည်။

“ပြည်သူလူထုတွေရဲ့ ကျေးရွာတွေအနီးမှာ တပ်စခန်းတွေ ချထားတဲ့အခါကျတော့ သူတို့ရဲ့ နေ့စဉ် စားဝတ်နေရေး သွားလာရေးအတွက် အနှောင့်အယှက်ဖြစ်တာတွေ မလွတ်လပ်မှုတွေ အများကြီး ရှိတယ်။ အဲလို စခန်းလေးတွေကို ရုပ်သိမ်းဖို့ တောင်းဆိုတာပါ။ ဒါက စစ်တပ်နဲ့ ဆိုင်လာပြီဆိုတော့ သူတို့ဖက်ကလည်း အဲဒါလေးတွေကို စကားပြော (ပြန်ဆွေးနွေး)ဖို့ လိုလာတာပေ့ါ။”

ထို့အပြင် အပစ်အခတ်ရပ်စဲပြီး (၆) လအကြာတွင် တနိုင်ငံလုံးအသွင်ဆောင်သည့် နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်ပေးရန်နှင့် ယင်းဆွေးနွေးပွဲများတွင် အပြည်ပြည်ဆိုင်ရာမှ အကဲဖြတ် အဖွဲ့များ ထားရှိရေးကိုလည်း တောင်းဆိုခဲ့သည်ဟု ဆက်ပြောသည်။

ယနေ့ ဆွေးနွေးပွဲသို့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ ဌာနေ ကိုယ်စားလှယ် တဦးအပါအဝင် ရန်ကုန်မြို့ ဗြိတိသျှ သံရုံး ဒု-အတွင်းဝန်နှင့် အမေရိကန် သံရုံးမှ ကောင်စစ်ဝန်တို့လည်း တက်ရောက်ခဲ့ပြီး နိုင်ငံတကာ အသိသက်သေများ ရှေ့တွင် စကားပြောဆို ရသည့်အတွက် ထူးခြားသည်ဟုလည်း ဆိုသည်။

ယနေ့ တွေ့ဆုံပွဲတွင် အစိုးရဖက်မှ ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းဦးဆောင်သည့် ကိုယ်စားလှယ် (၇) ဦးနှင့် KNPP ဖက်မှ အတွင်းရေမှူး (၁) ခူးဦးရယ် ဦးဆောင်သည့် ကိုယ်စားလှယ် (၁၁) ဦးတို့ တက်ရောက်ခဲ့သည်။

အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးအတွက် KNPP နှင့် အစိုးရ နှစ်ဖက်ကိုယ်စားလှယ်များ ထိုင်းမြန်မာ နယ်စပ်တွင် ပဏာမတွေ့ဆုံဆွေးနွေးမှု နှစ်ကြိမ် ပြုလုပ်ခဲ့ပြီးဖြစ်သည်။ ထို့အပြင် ၁၉၉၅ ခုနှစ် စစ်အစိုးရ လက်ထက်က အပစ်အခတ်ရပ်စဲရေး တကြိမ်ပြုလုပ်ခဲ့သော်လည်း သုံးလခန့်အကြာတွင် ပျက်ပြားခဲ့သည်။

တချိန်တည်းတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF တပ်ဖွဲ့မှ တွဲဖက် အထွေထွေ အတွင်းရေးမှူး(၁) ကိုမြင့်ဦး ဦးဆောင်သည့် အဖွဲ့ဝင် (၆) ယောက်ပါ ကိုယ်စားလှယ်တဖွဲ့ ကရင်ပြည်နယ် ဘားအံမြို့သို့ ယနေ့နံနက်က ထွက်ခွာသွားကြောင်း သိရသည်။

ယင်းကိစ္စ အစိုးရနှင့် တွေ့ဆုံဆွေးနွေးရန် သွားရောက်ခြင်း မဟုတ်ဘဲ ဆွေးနွေးပွဲ သွားရောက်နိုင်ရန် ခရီးစဉ်များ ပြင်ဆင်ခြင်းသာ ဖြစ်ပြီး လာမည့် ဧပြီလဆန်းပိုင်းမှသာ တွေ့ဆုံနိုင်ဖွယ် ရှိသည်ဟု ABSDF ဒု-ဥက္ကဌ ဦးမျိုးဝင်းက ပြောသည်။

အလားတူ ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ KIO နှင့် အစိုးရ၏ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ တရုတ်ပြည် ရွှေလီမြို့၌ မတ်လ (၈) ရက်နေ့ မနက်ဖြန်တွင် တွေ့ဆုံဆွေးနွေးရန်ရှိကြောင်း သိရသည်။

Most read this week