ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (ကေအဲန်ပီပီ)က အစိုးရနှင့် ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးရန်အတွက် ယနေ့ မွန်းလွဲ တစ်နာရီကျော်တွင် ကရင်နီပြည် လွိုင်ကော်မြို့သို့ လေယာဉ်ဖြင့် ဆိုက်ရောက်လာ၍ ကရင်နီပြည်မှ ပြည်သူများနှင့် ဌာနဆိုင်ရာ အသီးသီးမှ ၀န်ထမ်းများ လူဦးရေ တသောင်းကျော် လာရောက်ကြိုဆိုကြကြောင်း ကေအဲန်ပီပီက ပြောသည်။
ကေအဲန်ပီပီ အတွင်းရေးမှူး ၁ ခူဦးရယ် ဦးဆောင်သော ကေအဲန်ပီပီ ငြိမ်းချမ်းရေး ကော်မီတီမှ ကိုယ်စားလှယ် ၁၁ ဦးနှင့် မှတ်တမ်း အဖွဲ့ဝင် ၄ ဦးတို့သည် ရထား ပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်း ဦးဆောင်သော အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိုယ်စားလှယ် အဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ရန် အတွက် ထိုင်း-မြန်မာနယ်စပ်ကနေ တာချီလိတ်မှတဆင့် လွိုင်ကော်မြို့သို့ လေယာဉ်ဖြင့်ဆိုက်ရောက်လာ ခြင်း ဖြစ်သည်။
ကေအဲန်ပီပီအား လွိုင်ကော် လေယာဉ်ဆိပ်မှ အောက်ဘက်လမ်းမ တလျှောက်တွင် ကယားပြည်နယ် ၀န်ကြီးချုပ် အဖွဲ့၊ ပြည်ထောင်စု ၀န်ကြီးနှစ်ဦး၊ ဘာသာရေး အဖွဲ့၊ ဌာနဆိုင်ရာ အဖွဲ့အစည်း၊ ကရင်နီ အပစ်အခတ်ရပ်စဲရေး အဖွဲ့များ ဖြစ်သော ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး (ကလလတ ခေါ် ကြယ်နီ)၊ ကယန်းပြည်သစ် (ကေအဲန်အယ်လ်ပီ)၊ ကရင်နီသွေးစည်းညီညွတ်ရေး (ကေအဲန်အက်စ်အို ခေါ် ကြည်ဖြူ)၊ ကရင်နီအမျိုးသား ဒီမိုကရက်တစ်ပါတီ (ကေအဲန်ဒီပီ ခေါ် နဂါး)နှင့် ကရင်နီ မျိုးနွယ်စု ပေါင်းစုံတို့က လာရောက်ကြိုဆိုကြသည်ဟု ကေအဲန်ပီပီ အတွင်းရေးမှူး ၂ အောင်ဆန်းမြင့်က ပြောသည်။
ထို့အပြင် ကေအဲန်ပီပီအား ရိုးရာ ၀တ်စုံများ ၀တ်ဆင်ခြင်း၊ ရိုးရာ အတီးအမုတ်များ တီးမုတ်ခြင်း၊ ရိုးရာ အကများ ကခြင်းနှင့် အလံများ ဝှေ့ယမ်းခြင်းများဖြင့် ကြိုဆိုကြကြောင်း ကေအဲန်ပီပီအား လာရောက်ကြိုဆိုသူ လွိုင်ကော်မြို့ခံ တဦးက ပြောသည်။
"ရွာက လူတွေ အများကြီး လာကြိုကြတယ်။ ပြည်သူလူထုတွေလည်း အားလုံး စိတ်ဝင်စားနေကြတယ်လေ။ ကယား ၀တ်စုံနဲ့ သွားကြတယ်။ ကယားလီဖူး ဆိုတော့" ဟု ၎င်းက ပြောသည်။
ကေအဲန်ပီပီ ငြိမ်းချမ်းရေး ကော်မီတီ ကိုယ်စားလှယ်များသည် လွိုင်ကော်မြို့၏ အစိုးရ ဧည်ဂေဟာတွင် တည်းနေကြပြီး မနက်ဖြန် ရ ရက်နေ့တွင်လည်း ထိုနေရာ၌ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိုယ်စားလှယ် အဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးမည်ဟု အောင်ဆန်းမြင့်က ပြောသည်။
၎င်းက "သူတို့ကတော့ ကျနော်တို့ကို ဒီတခေါက် ဆွေးနွေးပွဲမှာဆိုလို့ရှိရင် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် လက်မှတ်ကို ထိုးစေချင်တဲ့ သဘောပေါ့နော့်။ အရင်တခေါက် ကျနော်တို့ သွားတို့ကတော့ ဦးအောင်မင်ကတော့ အဲလို အတင်း ဖိအားပေးတာတွေ ရှိတယ်လေနော့်။ ဒါပေမဲ့ ကျနော်တို့ အဖွဲ့အစည်းရဲ့ သဘောထားကတော့ ကျနော်တို့ ယူဆောင်သွားတဲ့ အချက်တွေ အပေါ်မှာ သူတို့ရဲ့ တုန့်ပြန်မှုက အများကြီး မူတည်တယ်။ သူတို့ အဲဒါတွေ လုပ်နိုင်မှာပဲ ကျနော်တို့ အဲဒါတွေ လုပ်နိုင်မယ့် အနေအထား ရှိတယ်လေနော့်" ဟု ဆက်ပြောသည်။
ကေအဲန်ပီပီနှင့် အစိုးရတို့သည် ယင်းအပစ်အခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ရန်အတွက် ထိုင်းနိုင်ငံတွင် ပဏာမအဆင့် နှစ်ကြိမ် တွေ့ဆုံခဲ့ကြပြီး ဖြစ်သည်။ ၎င်းတို့သည် ပြီးခဲ့သည့် ၁၉၉၅ ခုနှစ်က အချက် ၁၆ ချက်ဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူခဲ့ကြသော်လည်း ၃ လ အကြာတွင် ပြန်လည်ပစ်ခတ်ခဲ့ကြသည်။