ကရင်နီလူငယ်အဖွဲ့ကဦးဆောင်ပြီး အလုပ်သမားအခွင့်အရေးဆိုင်ရာအမြင်ဖွင့် သင်တန်းကို ကရင်နီပြည်နယ် လွိုင်ကော်မြို့မှာ ပထမဦးဆုံးအကြိမ်ပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
“အလုပ်သမားဆိုင်ရာ အခွင့်အရေးနဲ့ ပတ်သက်ပြီး ကရင်နီပြည် အတိုင်းအတာနဲ့ဆိုရင် အများကြီးအမြင်ဖွင့် ပေးဖို့ လိုပါအုံးမယ်။ သူတို့မှာ ဘယ်လို အခွင့်အရေးတွေ ရှိနေတယ်။ ဘယ်လို ကျင့်သုံးလို့ရနေတယ်ဆိုတာကို အများကြီးချပြဖို့ လိုနေပါသေးတယ်။ အခု ကျနော်တို့က ဥပဒေကို ပြန်သုံးသပ်ပြီး အခွင့်အရေးတွေ ထောက်ပြတော့ သူတို့ တော်တော် အံ့သြတယ်” လို့ အလုပ်သမားအခွင့်အရေးဆိုင်ရာ သင်တန်းဆရာချိန်ခွင် က ပြောပါတယ်။
အလုပ်သမားအခွင့်အရေးဆိုင်ရာ သင်တန်းနဲ့ပတ်သက်ပြီး မြန်မာပြည် စံနှုန်းအရ နိုင်ငံတကာစံနှုန်းအနေနဲ့ နှိုင်းယှဉ်တတ်စေရန်အတွက်နဲ့ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် အောက်တိုဘာလမှာ ပြဌာန်းထားတဲ့ အလုပ်သမားအသင်း ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေမှာ ဘယ်လို အခွင့်အရေးတွေ ရှိနေလဲဆိုတာကို သိမြင်နိုင်အောင် သင်တန်းပေး ရတာ ဖြစ်တယ်လို့ ပြောပါတယ်။
“သူတို့အနေနဲ့ စိတ်ဝင်စားမှု ရှိပါတယ်။ နောက်လည်း ဒီလို သင်တန်းမျိုးတွေကို များများပေးဖို့ တောင်းဆို ခံရပါတယ်။ သင်တန်းကာလက ၃ ရက်ပဲဖြစ်တော့ သူတို့အတွက် အရမ်းနည်းတယ်လို့ ပြောကြတယ်” ချိန်ခွင်က ပြန်လည်ပြောပြပါတယ်။
ယခုလက်ရှိ ကရင်နီပြည်တွင်းမှာ အချိန်ပို အလုပ်လုပ်ခိုင်းပြီး ခံစားခွင့်အပြည့်အဝ မပေးခြင်း၊ အလုပ်သမားလစာ အနည်းငယ်သာပေးခြင်း စတဲ့ အခက်အခဲများကြံုတွေ့နေရတယ်လို့ သင်တန်းမှာ တက်ရောက်တဲ့ သင်တန်းသား တဦးက ပြောပါတယ်။
“လူတယောက်ဖြစ်လာပြီဆိုရင်တော့ အသက်အရွယ်အလိုက်တော့ အလုပ်လုပ်ကြရမှာဖြစ်တယ်။ ပြောရမယ်ဆိုရင် နေ့စားအလုပ်သမားတယောက်က တရက်ကို ၈ နာရီထက်ပိုလုပ်မယ်ဆိုရင် သူ့ရဲ့ နေ့စားကပေးတာထက် ပိုပေးရမယ်။ ပြီးတော့ ၀န်ထမ်းတွေက ရုံးပိတ်ရက်မှာ ရုံးတက်ရမယ်ဆိုရင် သူ့ကို လုပ်အားခထက်ပိုပြီး ၂ဆ ပေးသင့်ပါတယ်။ အခုလက်ရှိပြောရမယ်ဆိုရင်တော့ အလုပ်သမားနဲ့ ပက်သက်ပြီး အခွင့်အရေးတွေတော့ မရှိသေးဘူးလို့ပဲ ပြောရမယ်” လို့ ပြောပါတယ်။
ကရင်နီပြည်တွင်းရှိ အလုပ်သမားများမှာ များသောအားဖြင့် အစိုးရ ၀န်ထမ်းများဖြစ်ကြပြီး၊ စိုက်ပျိုးရေး လုပ်ငန်း၊ ကားစပယ်ယာနဲ့ နေ့စားလုပ်ငန်းများ ဖြစ်ပါတယ်။
အလုပ်သမား အခွင့်အရေးဆိုင်ရာ သင်တန်းကို ယခုလ ဖေဖော်ဝါရီလ ၂၁ မှ ၂၃ ရက်နေ့အထိ ၃ ရက်တာ ပြုလုပ်ပြီး သင်တန်းမှာ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုနဲ့ ရှမ်းပြည်နယ်မှ လူငယ်အားလုံးပေါင်း အယောက် ၂၀ ခန့် တက်ရောက်ကြပါတယ်။