စစ်တပ်ကျောထောက်နောက်ခံရှိထားတဲ့ ဗမာအစိုးရနဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP တို့ နောက်တကြော့ အပစ်အခတ်ရပ်စဲရေး လုပ်မယ်ဆိုရင် ၁၉၉၅ ခုနှစ်က အဖြစ်အပျက်တွေကို အခြေခံပြီး KNPP ကရပ်တည်သွားဖို့ လုပ်ဆောင်သွားဖို့လိုပါလိမ့်မည်။
ဗမာအစိုးရဘက်က လက်မခံရင်လည်း မိမိတို့အတွက်အကျိုးယုတ်စေမှာမဟုတ်သလို KNPP ရဲ့ နိုင်ငံရေးလမ်း စဉ်နှင့်လည်း ကိုက်ညီမှာဖြစ်ပြီး ကရင်နီပြည်သူတွေအတွက်လည်း အကျိုးရှိစေလိမ့်မည်။
တကယ်အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု လက်မှတ်ရေးထိုးတဲ့နေ့မှာ တက်ရောက်ရမယ့်လူတွေက...
၁၊ ပြည်တွင်း ပြည်ပ သတင်းမီဒီယာ သမားတွေ တက်ရောက်သတင်း ယူခွင့်ရှိရမည့်အပြင်၊ KNPP ဖက်လိုက် သည့် ရှေ့နေများလည်း တက်ရောက်ခွင့်ရှိစေရမည်။
၂၊ ကရင်နီပြည်ရှိ ခရိုင် ၃ ခရိုင် အတွင်းရှိ မျိုးနွယ်စု တစုလျှင် (ကနီပြည်တွင်းမှာနေထိုင်သော - ရှမ်း၊ ပအို့၊ အင်းသား၊ ဓနု အပါအဝင်) ကိုယ်စားလည် ၃၀ ဦးစီ တက်ရောက်နားထောင် ပြောဆိုခွင့်ရှိစေရမည်။
၃၊ နေရာအားဖြင့်ကရင်နီပြည်၏ အလယ်ဗဟိုလ် ချက်မြှုပ်ရာ ဒီးမော့ဆိုကွင်းတွင် ပြုလုပ်သွားရမည်။
ကြွရောက်လာတဲ့ ကိုယ်စားလှယ်တွေကို KNPP မှ ထုတ်ရမည့်မေးခွန်းနဲ့ တင်ပြတောင်းဆိုချက်များ…
၁ ၊KNPP အနေနဲ့ သိန်းစိန်အစိုးရနဲ့အပစ်ရပ်စဲရေးလုပ်တာကို ကရင်နီပြည်သူတရပ်လုံးအနေနဲ့ လက်ခံမခံ။
၂၊ အပစ်ခတ်ရပ်စဲရေးကာလ မှာ နအဖ တပ်ရင်းတွေတပ်စွဲတဲ့မြို့များကလွဲရင် မြို့ပြင်ရှိ တောရွာဒေသများ၏ အုပ်ချုပ်ရေး၊ ဖွံ့ဖြိုးရေး၊ ကျန်းမာရေး၊ ပညာရေး အဝဝတို့ကို KNPP အား ကရင်နီပြည်သူတရပ်လုံးက လုပ်ဆောင်စေချင်တဲ့ဆန္ဒ သဘောထားရှိ၊ မရှိ၊ လုပ်ဆောင်ပေးမှာကို လက်ခံ၊ မခံ။
၃၊ အပစ်ခတ် ရပ်စဲရေး သဘောတူပြီးပြီ ဖြစ်သဖြင့်၊ ကရင်နီတပ်မတော်သားများတို့သည် တာဝန်အရ ကရင်နီပြည်အတွင်း သွားလာရာတွင် (နအဖ -တပ်ရင်းများတပ်စွဲထားသည့်မြို့များမှအပ) လက်နက်ကိုင် ဆောင်ခွင့်ရှိစေရမည်။
၄၊ နအဖ တပ်သားများ တမြို့နဲ့တမြို့ လမ်းမကြီးအတိုင်း သွားလာရာတွင် လက်နက်ကိုင်ဆောင်ခွင့်ရှိသည်၊ သို့သော်တောရွာသို့ ဝင်တွက်ရာတွင် လက်နက်ကိုင်ဆောင်ခြင်းမပြုစေရ။
၅၊ ကရင်နီပြည်သူများအား နအဖ က မည်သည့်ငွေကြေးမျိုးကိုမဆို မကောက်ခံစေရ၊ မည်သည့်အခမဲ့ လုပ်အားပေးခြင်း ၊ ပေါ်တာထမ်းစေခြင်းကို မခိုင်းစေရ၊
၆၊ သမ္မတ ဦးသိန်းစိန် တက်စဉ်ကာလ တပ်စခန်းတည်ဆောက်ရေးအတွက်ဆိုပြီး သိမ်းဆည်းထားသည့် ပြည်သူတို့၏ ယာမြေ၊ လယ်မြေများအား ချွင်းချက်မရှိပြန်ပေးရေး။
၇၊ နအဖ အနေနဲ့မည်သည့် စီမံကိန်းမျိုးမဆိုလုပ်လိုရင် KNPP နဲ့ ကရင်နီပြည်သူတရပ်လုံး၏ သဘောတူ ညီမှုရယူရမည်။
၈၊ ကရင်နီပြည်အတွင်း တပ်ရင်းသစ်များမတိုးချဲ့ရ ၊ ဦးသိန်းစိန် သမ္မတ စဖြစ်သည့်ကာလအတွင်း တိုးချဲ့လာ တဲ့ တပ်ရင်းသစ်များကို ပြန်လည်ရုတ်သိမ်းရေး၊ တပ်စခန်းသစ်များထပ်မံ မတိုးချဲ့ရေး။
၉၊ ဖဆပလ ခေတ်မှဒီနအဖ ခေတ် အထိ KNPP အား “တရားမဝင်အသင်း” အဖြစ်ထုတ်ပြန်ချက်ကိုပြန်လည် ရုတ်သိမ်းပြီး တရားဝင်အသင်းအဖြစ် အသိအမှတ်ပြုသွားရန်။
၁၀၊ တတိုင်းတပြည်လုံးအတိုင်းအတာဆောင်သည့်အပစ်ခတ်ရပ်စဲရေးထုတ်ပြန်ကြေငြာရန်။
ထိုကဲ့သို့လက်မှတ်ရေးထိုးကြပြီးချိန်မှစပြီး... တိုင်းရင်းသားအားလုံးနှင့် ပြေလည်ရာပြေလည်ကြောင်း နိုင်ငံပြဿနာဆွေးနွေရန်အတွက် အစိုးရမှ အချိန်ကာလအတိုင်းအတာ ( ၆ ) လထက်မကျော်စေဘဲ အတိအကျ ဂတိအာမခံချက်ပေးရမည်။
“နှောင်မှ”ဆိုသည့်မရေမရာ မသေချာ သည့်စကားမျိုးဖြင့် လှည့်စားမှုမျိုးမပြုလုပ်ရ။ ဒီတင်ပြချက်များကို မေးခွန်းအသွင်ဖြင့်မေးခဲ့သော် ပြည်သူတွေက ဒါတွေကို “လက်ခံသည်” ဟု ဖြေလိုက်သည်နှင့် KNPP ၏ တင်ပြတောင်းဆိုချက်များသည် ကရင်နီ ပြည်သူတို့၏ တောင်းဆိုချက်ဖြစ်သွားပေလိမ့်မည်။
ဒီတင်ပြချက်များအားလုံးက အခမ်းအနားကို တက်ရောက်လာကြတဲ့ ကရင်နီပြည် ပြည်သူတွေကငြင်းမယ် မဟုတ်သလို လက်ခံကြမည်သာဖြစ်တယ်။
ထိုသို့ ပြည်သူများရဲ့သဘောထားရပြီးသည်နှင့် KNPP ကြေငြာရမှာက...
“ကရင်နီပြည်သူတရပ်လုံး၏ ဆန္ဒနှင့်အညီ ဒီနေ့ဒီအချိန်အခါကစပြီး KNPP သည် ဦးသိန်းစိန်တို့နှင့် အပစ်ခတ်ရပ်စဲပြီး တိုင်းပြည်အေးချမ်းသာရာရေးရှိစေမည့် ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းသည်အထိ အများပြည်သူအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေငြာအပ်ပါသည်”
ပြီးလျှင်သဘောတူညီမှု လက်မှတ်ရေးထိုးသည့် အစီအစဉ်လုပ်ရမည်။ ဒီတောင်းဆိုမှုများကို နအဖ ဦးသိန်းစိန်အုပ်စုတို့က လိုက်လျောမယ်ဆိုရင် ၁၉၉၅ ခုနှစ်တွင် ဖြတ်သန်းလာရခဲ့သည့် အတွေ့အကြုံအရ ကရင်နီပြည်သူရှေ့မှောက်က ရှေ့နေများရှေ့မှောက်တွင် နအဖ သိန်းစိန်အုပ်စုနဲ့ KNPP သဘောတူညီမှု လက်မှတ်ရေးထိုးရမည်။
သက်သေအဖြစ် အခမ်းအနားတက်ရောက်လာတဲ့ ကိုယ်စားလှယ်ထဲမှ မျိုးနွယ်တခုစီမှ ကိုယ်စားလှယ်တဦးစီ သက်သေအဖြစ်ဖြစ်စေရမယ်၊ ဦးသိန်းစိန်အုပ်စုမှ လူမဖြစ်စေရ။
အစိုးရဘက်ကမလိုက်လျှောနိုင်ဘူးဆိုရင် KNPP က အပစ်ခတ်ရပ်စဲရေးလုပ်ရင်လည်း ကရင်နီပြည်သူအတွက် ဘာမှအကျိုးရှိမှာမဟုတ်ပါ။
KNPP အနေနဲ့ လုပ်ပိုင်ခွင့်အာဏာလည်းရှိမှာမ ဟုတ်ပါ။ ဒီတောင်းဆိုချက်အားလုံးဟာ နိုင်ငံရေးဆွေးနွေး မှုပြေလည်ပြီးရင် အလိုအလျှောက်အခြေအနေနှင့် လိုက်လျှောညီထွေစွာပြောင်းလဲသွားစေရမည်။
၁၉၈၀ ခုနှစ် က စပြီး ၁၉၉၅ ခူနှစ်အတွင်း တချိန်က မဆလ/နဝတ/နအဖတို့က အင်အားအလုံးအရင်းနဲ့ အကြိမ်ကြိမ်အခါ အခါ လာတိုက်ပေမယ့် သိမ်းလို့မနိုင်တဲ့တောင်ကုန်းများ၊ နေရာများကို KNPP က အပစ်ခတ်ရပ်စဲရေး လုပ်သွားတဲ့ကာလ ၃ လအတွင်းကျမှဘဲ နအဖ က အခွင့်ကောင်းယူပြီးကျည်တ တောင့်မှမကုန် ၊ ရဲဘော်တယောက်မှမသေဘဲ သူတို့လိုချင်တဲ့ နေရာ ၊ တောင်ကုန်း တွေမှာနေရာယူ ပြီး
တပ်စွဲခဲ့တယ်မဟုတ်လား ၊၊ ခုတဖန် ကျနော်တို့မှာကျန်ရှိတဲ့ တောင်ကုန်း၊ နေရာ များကို နအဖတို့က အချောင်ထပြီးမယူမိဖို့ KNPP အနေနဲ့အထူးစဉ်းစားဖို့လိုမည်။
KNPP ရဲ့မူလမူလမ်းစဉ်သည် ဆုံးရှုံးသွားသောကရင်နီပြည်၏ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်တာဖြစ်ပြီး ၊ အခြေအနေအရ ကိုယ်ပိုင်ပြဋ္ဌန်းခွင့်အဆင့်သို့ ရှောကျပြီးဖြစ်တယ် ခုတခါလ ကိုယ်ပိုင်ပြဌန်းခွင့်အဆင့် တောင်မှ မရရှိနိုင်တဲ့လုပ်ရပ်မျိုးကို မလုပ်မိဖို့ဘဲလိုတယ်။ ဆက်သွယ်ရေးရုံးထားခွင့်ရရုံလေးနဲ့၊ လက်နက်မပါ သွားလာခွင့်ရရုံမျိုး၊ စီးပွါးရေးလုပ်ခွင့်ရရုံမျိုးနဲ့တော့ကျနော်တို့မကျေနပ်သင့်ပါ။
တချိန်က ကရင်နီပြည်ရဲ့လွတ်လပ်ရေးကို ဦးနုလက်ထက် ဦးစိန် က ၆ ပုံးဝင်ဆန်အိတ်ပေါင်း ၅၀၀ နှင့် ပိသာ ၁၀၀ ဝင်ဆားအိတ်ပေါင်း ၂၀၀ အိတ် လှဲလည်ခဲ့တယ်။ ခုကျနော်တို့ရရှိလိုတဲ့ ကိုယ်ပိုင်ပြဌန်းခွင့်လေးကို အိမ်ဆောက်ဖို့လောက်ဘဲ ရနိုင်တဲ့ဘိလပ်မြေအိတ်နဲ့တော့ မလဲသင့်ပါ။
ယခင်ကရင်နီတို့ရဲ့ ညီနောင်အဖွဲ့အစည်းတချို့မှ ပုဂ္ဂိုလ် တချို့က သူတို့ရဲ့သံမဏိလမ်းစဉ်ကို အဆုံးတနေ့မှာ သူတို့အိမ်ဆောက်ဖို့ ဘိလပ်မြေဘဲ နအဖ ပေးခဲ့တယ်မဟုတ်လား။ ဒီ့ထက်ပိုပြီးသူဘာများရခဲ့သေးလဲ။
သူတို့ပြောပြောနေတဲ့ ပြည်သူ့အတွက် တိုက်ပွဲဝင်တယ် ဆိုတာတွေ ဘယ်မှာလဲ။ ကျနော်တို့ KNPP အနေနဲ့ နှစ်ပေါင်း ၆၄ နှစ်လုံးလုံး တိုက်ပွဲဝင်လာခဲ့ပြီးခါမှ ဘာတခုမှ အဖတ်ဆည်လို့မရနိုင်တဲ့ လုပ်ရပ်နဲ့ဘဲ အရှုံးခံသွားတော့မှာလား။
ခုချိန်ခါမှာ ဦးသိန်းစိန်အုပ်စုဟာ ကျနော်တို့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေနဲ့ စစ်ဖြစ်နေရမှာကို တအားကြောက်နေရတဲ့ အချိန်ဖြစ်လေတော့ ငြိမ်းချမ်းရေးစကားကိုဆိုပြီး သူတို့အတွက်သာ အကျိုးရှိစေပြီး တိုင်းရင်းသားတွေအဖို့ ဘာတခုမှအကျိုးမရှိနိုင်သော အပစ်ခတ်ရပ်စဲရေးကို ကမ်းလှမ်းတာဖြစ်တယ်။
ဦးသိန်းစိန်အုပ်စုက တိုင်းရင်းသားတွေကို တိုက်လေလေ ကျနော်တို့အဖို့ ပိုကောင်းလေလေဖြစ်နေတဲ့ အခြေအနေမျိုးမှာရှိနေပြီး သူတို့အဖို့ နာမည်အဆိုးနဲ့ နိုင်ငံတကာရဲ့ ကဲ့ရဲ့ ပြစ်တင်ဝေဖန်မှုကို ခံရပေလိမ့်မယ်။
အရေးကြီးတာက ကျနော်တို့ရဲ့လိုချင်တဲ့တောင်းဆိုမှုများမရမချင်းတင်းခံထားနိုင်ဖို့ဘဲ။ ကျနော်တို့ တိုင်းရင်းသားတွေ ညီညီညွတ်ညွတ်နဲ့ ကျနော်တို့ရဲ့ လိုအပ်ချက်တွေကို တောင်းဆိုမယ်။ မရမချင်းတင်းခံမယ်ဆိုရင် သိန်းစိန်အုပ်စုတို့က မပေးဘဲ၊ မလိုက်လျောဘဲနေလို့ရမယ်မဟုတ်ပါ။
ရီမာန်ထူးဟာ ကရင်နီအမျိုသား တိုးတက်ရေးပါတီ KNPP အမြဲတမ်းဗဟိုကော်မီဝင်တဦး ဖြစ်ပါတယ်။