မကွေးတိုင်းအတွင်း စာပေဟောပြောပွဲ ပြုလုပ်ခွင့် ပိတ်ပင်ခံ

မကွေးတိုင်းအတွင်း စာပေဟောပြောပွဲ ပြုလုပ်ခွင့် ပိတ်ပင်ခံ
by -
ဇော်ကြီး

အစိုးရသစ် တက်လာပြီးနောက် လွတ်လပ်စွာ ပြောဆိုရေးသားခွင့်များ အထိုက်အလျောက် ရနေပြီဟု ဆိုသော်လည်း မကွေးတိုင်းအတွင်း မြို့နယ်များရှိ စာပေဟောပြောပွဲများကို အာဏာပိုင်များက ပိတ်ပင်နေဆဲဖြစ်သည်။

ဟောပြောပွဲ ပြုလုပ်ရန် မြို့နယ် အာဏာပိုင်များထံက ခွင့်ပြုချက် ရရှိပြီးသော်လည်း စာရေးဆရာများ ရောက်ရှိချိန်မှ ပိတ်ပင်ခြင်းဖြစ်သည်ဟု ကိုယ်တိုင်သွားရောက်ခဲ့သည့် စာရေးဆရာ အော်ပီကျယ်က အခုလို ပြောသည်။

“တကယ့်တကယ် ပခုက္ကူဆိုရင် ကျနော်တို့ ရောက်ပြီးတော့ နောက်နေ့ပြောတော့မယ်ဆိုရင် အဲဒီနေ့ ကပ်ပြီးမှ ပိတ်တာ။ စင်တွေဘာတွေ ဆောက်ပြီး အကုန်လုပ်ပြီးသား၊ ပိုစတာတွေ ဘာတွေ တမြို့လုံး ကပ်ပြီးသား။ သူတို့ ကျင်းပရေး ကော်မတီ အဖွဲ့ ရင်ထိုးတွေ ဘာတွေ အကုန်လုပ်ပြီးသား။ ငွေကြေး တွေလည်း အများကြီး သုံးစွဲပြီးသား။ အလှူတွေလည်း ခံပြီးသား။ သူတို့(ဒေသခံ)မှာ မျက်ရည်တောင် ကျပါတယ်ဗျာ။ ဘာလို့လည်း ဆိုတော့ တမြို့လုံးကလည်း အားခဲထားတယ်။ သူတို့လည်း အားကျိုး မန်တက် လုပ်နေတာ။ အဲဒါ သူတို့ကို ခါးရိုက်ချိုးသလိုပဲ။”

အလားတူ ယနေ့ ဖေဖော်ဝါရီလ (၈) ရက်နေ့တွင် မကွေးတိုင်း မြစ်ခြေမြို့၌ ဟောပြောပွဲ ကျင်းပရန် စီစဉ်ထားသော်လည်း ခွင့်ပြုချက် မရကြောင်း ကြိုတင်သိရှိလိုက်သည့်အတွက် မသွားဖြစ်ခဲ့ကြောင်း ဆက်လက် ပြောဆိုသည်။

ဒေသခံများ၏ ဖိတ်ကြားခံရသည့် စာရေးဆရာအဖွဲ့များသည် မကွေးမြို့အပါအဝင် သရက်၊ အောင်လံ၊ ပခုက္ကူ၊ ဆိတ်ဖြူ၊ မြိုင်၊ ရေစကြို၊ ချောက်၊ မြစ်ခြေ စသည့်မြို့နယ်များသို့ ဇန္နဝါရီလဆန်းပိုင်းက  စတင်၍ လှည့်လည် ဟောပြောရန် စီစဉ်ထားသော်လည်း တပွဲမှ မဟောခဲ့ရကြောင်း သိရသည်။

လာမည့် ဧပြီလ (၁) ရက်နေ့တွင် ပြုလုပ်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ အချိန် နီးကပ်လာသည့် အတွက် ဟောပြောပွဲမပြုလုပ်ရန် ပိတ်ပင်ခြင်း ဖြစ်သည်ဟု အာဏာပိုင်များက ဆိုသော်လည်း စာရေးဆရာများအား လွန်ခဲ့သည့် တစ်လ ကျော်ကတည်းက ဖိတ်ကြားထားခြင်း ဖြစ်သည်ဟု ဆရာ အော်ပီကျယ်က ပြောသည်။

ထို့အပြင် စာရေးဆရာများအား ဟောပြောခွင့် ပိတ်ပင်ခြင်းမဟုတ်ဘဲ အခြားဒေသများတွင် ခွင့်ပြုထားပြီး မကွေးတိုင်းအတွင်း၌သာ ကန့်သတ်ထားခြင်းဖြစ်၍ လွတ်လပ်စွာ ထုတ်ဖော် ပြောဆို ရေးသားခွင့်များ အပေါ် ဒေသအာဏာပိုင်များက စိုးရိမ်ပုံ ရကြောင်း “သူတို့နယ်မှာ ဒီလို စာပေ ဟောပြောပွဲတွေနဲ့ လူတွေ လွတ်လပ်စွာ တွေးခေါ်ခြင်း ပြောဆိုခြင်းဆိုတဲ့ ပုံသဏ္ဍာန်ကြီးကို အကျင့်ရမှာ စိုးနေတာပဲ။” ဟု ဆရာအော်ပီကျယ်က သုံးသပ်ပြောဆိုသည်။

သို့သော် စာရေးဆရာ ဦးအောင်သင်း၊ ဆရာမ ဒေါ်သန်းမြင့်အောင်နှင့် မန္တလေး ဆေးတက္ကသိုလ်မှ ဒေါက်တာ အောင်ကြီးတို့ သုံးဦးသည် ယမန်နေ့ နေ့လည်ပိုင်း အချိန်က မကွေးမြို့ ဆေးတက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားများအား ဟောပြောခွင့်ရခဲ့ကြောင်း ဆရာမ ဒေါ်သန်းမြင့်အောင်က အခုလို ပြောသည်။

“မကွေးမှာ ဟောပြောခွင့် ရတယ်ဆိုတာက ကျနော်တို့ မကွေးမြို့ပေါ် ဆိုရင်တော့ မလွယ်ဘူးထင်တယ်။  အခုက မကွေး ဆေးတက္ကသိုလ်ထဲမှာ ပြောတာ။ ပြင်ပ လူတွေ မပါဘူး။ ကျောင်းသားတွေချည်းပဲ။ ဒေါက်တာ ဦးအောင်ကြီးနဲ့ ကျနော်ကတော့ တယောက်ကို တနာရီစီ ဟောခွင့်ရလိုက်တယ်။ ဆရာအောင်သင်းကတော့ ကျန်းမာရေး မကောင်းလို့ ခန ဟောလိုက်ရတယ်။”

ယင်းကိစ္စနှင့် ပတ်သက်၍ ဆေးတက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားများသာ ပါ၀င်ပြီး ပြင်ပ ဧည့်သည်များ မပါသည့်အတွက် ဟောပြောခွင့် ပေးခြင်း ဖြစ်နိုင်သည်ဟု ဆရာမ သန်းမြင့်အောင်က သုံးသပ်ပြီး လွန်ခဲ့သည့် ဒီဇင်ဘာလက သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်သက်သည့် ဟောပြောပွဲကိုမူ ပိတ်ပင်ခံခဲ့ရသည်ဟု သိရသည်။

အလားတူ ဇာဂနာ ဦးဆောင်သည့် သီးလေးသီး အငြိမ့်အဖွဲ့က ရန်ကုန်တိုင်း သံလျင်မြို့ ကျိုက်ခေါက် စေတီပွဲတော်၌ ဖေဖော်ဝါရီလ (၁) ရက်နေ့မှ (၃) ရက်နေ့အထိ ကပြခွင့်ရခဲ့ရာ ဒုတိယနေ့ည ပြက်လုံး တွင် ဘုရားဂေါပကအဖွဲ့အား ထိခိုက်စေသည့် အတွက် တတိယနေ့ည ကပြခွင့်ကို ဂေါပက အဖွဲ့က ပိတ်ပင်လိုက်ကြောင်း သိရသည်။

Most read this week