ငြိမ်းချမ်းရေး ဆက်လက် ထိန်းသိမ်းရန် ကရင်ခွဲထွက်အဖွဲ့ သဘောတူ

ငြိမ်းချမ်းရေး ဆက်လက် ထိန်းသိမ်းရန် ကရင်ခွဲထွက်အဖွဲ့ သဘောတူ
by -
ဇော်ကြီး

အစိုးရနှင့် ငြိမ်းချမ်းရေးဆက်လက် ထိန်းသိမ်းရေး အတွက် ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိုယ်စားလှယ်အဖွဲ့နှင့် ကရင်ခွဲထွက် အဖွဲ့တခုဖြစ်သည့် KNU/ KNLA ငြိမ်းချမ်းရေးကောင်စီတို့ ယနေ့မွန်းလွဲပိုင်းက အချက်(၇) ချက်ကို သဘောတူ လက်မှတ်ရေးထိုးလိုက်သည်။

အစိုးရဖက်မှ ဦးအောင်သောင်း ခေါင်းဆောင်သည့် အဖွဲ့ဝင် (၁၀) ဦးနှင့် KNU/ KNLA ဖက်မှ ဗိုလ်ချုပ်ထင်မောင် ဦးဆောင်သည့် အဖွဲ့ဝင် (၈) ဦးတို့ ယနေ့ နံနက် (၉) နာရီ အချိန်က နေပြည်တော်တွင် ပဏာမအဆင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

သဘောတူညီချက်များအနက် တဖက်နိုင်ငံသို့ ရောက်ရှိနေသည့် ဒေသခံများ နေရပ်ရင်းသို့ ပြန်လည် အခြေချ နေထိုင်ရန်နှင့့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပေးရန် ပါရှိကြောင်း ဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် ရန်ကုန်တိုင်း(မ်း) ဂျာနယ်မှ အယ်ဒီတာ တဦးက အခုလို ပြောသည်။

“ပဏာမ ငြိမ်းချမ်းရေး ဆောင်ရွက်ပြီးသည့် နောက်တွင် တဖက်နိုင်ငံနိုက် ရောက်ရှိနေသော တိုင်းရင်းသားတို့၏ ပြန်လည်ဝင်ရောက် အခြေချ နေထိုင်သည့် နေရာတွင် ၎င်းတို့၏ စားဝတ်နေရေး၊ ပညာရေး၊ ကျမ္မာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ရေ၊ မီး အစရှိသည့် ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် အလျင်အမြန် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်မှ ခွင့်ပြု၍ ကိုယ်ထူ ကိုယ်ထ လုပ်ဆောင်ခွင့့်များကို ပံ့ပိုးသွားမည်။”

အစိုးရနှင့် KNU/ KNLA တပ်ဖွဲ့အကြား လက်ရှိတည်ရှိနေသော ငြိမ်းချမ်းရေးကို ဆက်လက် ထိန်းသိမ်းရန်၊ KNU/ KNLA တပ်ဖွဲ့ဝင်များအား မယ်လနှင့် ထိုးကော်ကိုး နေရာများတွင် အခြေပြု နေထိုင်ရန်၊ နှစ်ဖက် ဆက်ဆံရေးရုံးများ ဖွင့်လှစ်ရန်၊ လက်နက်ဖြင့် နယ်မြေကျော် ဖြတ်သန်းသွား လာမှုကို နှစ်ဖက် ကြိုတင် အသိပေးရန်၊ နယ်မြေ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း များတွင် နှစ်ဖက် ခေါင်းဆောင်များ ညှိနှိုင်း လုပ်ဆောင်ရန်နှင့် ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်ရန် စသည်တို့ သဘောတူခဲ့သည်။

ထို့အပြင် KNU/ KNLA ဖက်မှ တင်ပြထားသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် မူအားဖြင့် သဘောတူပြီး ကရင်ပြည်နယ်အတွင်း မြို့ကြီး (၆) ခုတွင် စီးပွားရေးရုံးများ ဖွင့်လှစ်ရန်ကိုလည်း သဘောတူခဲ့သည်ဟု ရန်ကုန်တိုင်း(မ်း) ဂျာနယ် အယ်ဒီတာက ဆက်ပြောသည်။

“ကုမ္ပဏီ၏ စီးပွားရေး ဆက်ဆံရေး ရုံးများကို ဘားအံ၊ မြဝတီ၊ ဘုရားသုံးဆူ၊ ကော့ကရိတ်၊မောတောင်၊     ကော့သောင်းတို့တွင် ထားရှိမည်။ KNU/ KNLA ငြိမ်းချမ်းရေး ကောင်စီမှ တင်ပြထားသော ငြိမ်းချမ်းရေး အဓိပ္ပါယ် ဖွင့်ဆိုချက်များအပေါ် မူအားဖြင့် သဘောတူညီ၍ နှစ်ဦးနှစ်ဖက် ကျိုးပမ်းသွားမည် ဖြစ်ပါသည်။” 

ဗိုလ်ချုပ် ထင်မောင် ဦးဆောင်သည့် KNU/ KNLA ငြိမ်းချမ်းရေး အဖွဲ့သည် လွန်ခဲ့သည့် ၂၀၀၇ ခုနှစ်တွင် ကရင်အမျိုးသား အစည်းအရုံး KNU မှ ခွဲထွက်ခဲ့ပြီး စစ်အစိုးရ လက်ထက်က  အပစ်အခတ် ရပ်ဆိုင်းရေးကို သဘောတူခဲ့သော်လည်း တရားဝင် လက်မှတ်ထိုးထားခြင်း မရှိခဲ့သလို ၂၀၁၀ ခုနှစ် နယ်ခြားစောင့် တပ်ဖွဲ့စည်းရေးကို လက်မခံ ငြင်းဆန်ထားသည့် အဖွဲ့ဖြစ်သည်။

Most read this week