ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ ပြည်ပရောက် အတိုက်အခံ အင်အားစုများနှင့်တွေ့

ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ ပြည်ပရောက် အတိုက်အခံ အင်အားစုများနှင့်တွေ့
by -
ဇော်ကြီး

ပြည်ပရောက် အတိုက်အခံ အင်အားစု တခုအပါအဝင် လက်နက်ကိုင် တိုင်းရင်းသား တပ်ဖွဲ့တစ်ဖွဲ့နှင့် အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိုယ်စားလှယ် အဖွဲ့တို့ ထိုင်းမြန်မာ နယ်စပ်တနေရာတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

nmg-news-pt-21ရထားပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်း ဦးဆောင်သည့် အဖွဲ့နှင့် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ DPNS အဖွဲ့မှ ကိုယ်စားလှယ်များ ယမန်နေ့ ညနေ ၃ နာရီ ခွဲ အချိန်ခန့်က ချင်းမိုင်မြို့တနေရာတွင် ပထမအကြိမ်အဖြစ် အလွတ်သဘော တွေ့ဆုံခဲ့ပြီး လွတ်လပ်ပွင့်လင်းစွာ ဆွေးနွေးနိုင်ခဲ့သည်ဟု  DPNS ဥက္ကဌ ဦးအောင်မိုးဇော်က အခုလို ပြောသည်။

“ကနေ့ကာလဟာ တယောက်နဲ့ တယောက် ယုံကြည်မှု၊ ရင်းနှီးမှု စပြီးတည်ဆောက်တဲ့ အဆင့်ပဲ ရှိတယ်လို့ ကျနော့်အနေနဲ့ ပြောချင်တယ်။ ဘာတွေ ပြောသလဲဆိုလို့ရှိရင် ကျနော်တို့ နိုင်ငံရေးအကျဉ်း သား ကိစ္စတွေ ရှိမယ်၊ နိုင်ငံရေး ပါတီတွေရဲ့ အခန်းကဏ္ဍကိစ္စတွေရှိမယ်၊ နောက်ဆုံးအဆင့် ဖွဲ့စည်းပုံ ကိစ္စတွေ အထိပေ့ါဗျာ။ ကျနော်တို့မြင်တဲ့ အမြင်တွေကို လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်း ကျနော််တို့ ပြောချင််တဲ့ သဘောထားတွေ ပြောခဲ့တာပဲ ဖြစ်ပါတယ်။” 

ယမန်နေ့ ဆွေးနွေးပွဲအပေါ် အားရကျေနပ်မှု ရှိသော်လည်း မြန်မာ့ နိုင်ငံရေး ပြေလည်စေရန် အချိန် ကာလ တခုအထိ ဆက်လက် ဆွေးနွေးရန် လိုနေသေးသလို DPNS ပါတီ၏ တင်ပြချက်များ အပေါ် ၀န်ကြီးဦးအောင်မင်းက တစုံတရာ တုန့်ပြန်မှု မရှိကြောင်း ၎င်းက ဆက်ပြောသည်။

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ DPNS အား ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေး ဆန္ဒပြ တောင်းဆို ခဲ့သည့် (၈) လေးလုံ အရေးတော်ပုံ နောက်ပိုင်း ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး အစိုးရက နှစ်ပေါင်း (၂၀) ကျော်ကြာ မတရားအသင်း အဖြစ် ကြေညာခြင်း ခံထားရသည်။

အလားတူ ၀န်ကြီး ဦးအောင်မင်း အဖွဲ့နှင့် ပအို၀်းအမျိုးသား အဖွဲ့ချုပ် PNLO အဖွဲ့ ကိုယ်စားလှယ်များ  ယမန်နေ့ညနေ ၅ နာရီကျော်က ချင်းမိုင်မြို့ တနေရာတွင် တွေ့ဆုံခဲ့ပြီး အဖွဲ့၏နိုင်ငံရေး ရပ်တည်ချက် (၃) ချက်အပါအဝင် အခတ်အပစ်ရပ်စဲရေး အချက် (၁၁) ချက်အား တောင်းဆိုခဲ့ကြောင်း PNLO အဖွဲ့ခေါင်းဆောင် ဦးခွန်မြင့်ထွန်းက အခုလို ပြောသည်။

“ပအို၀်းအမျိုးသား အဖွဲ့ချုပ်နဲ့ ပြည်ထောင်စု အစိုးရကြားမှာ အပစ်အခတ်ရပ်စဲရေးကို ပဏာမ သဘော တူညီမှု ရယူဖို့၊ တပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးကို တရားဝင် ကြေညာပေးဖို့၊ တပြည်လုံး အပစ်အခတ် ရပ်ပြီးချိန်ကစလို့ ရက်ပေါင်း (၆၀) အတွင်း အစိုးရနဲ့ တိုင်းရင်းသား အင်အား စုတွေအကြား တွေ့ဆုံဆွေးနွေးရေး လုပ်ဖို့၊ အဲဒီကတဆင့် နိုင်ငံရေး အင်အားစုတွေ အားလုံး ပါ၀င်တဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေး ဆက်လက် ဆောင်ရွက်ကြဖို့ အဲလို တောင်းဆိုချက် (၁၁) ချက် ရှိပါတယ်။”

ရထား ၀န်ကြီး ဦးအောင်မင်းက PNLO အဖွဲ့ တောင်းဆိုချက်များ အနက် အများစုကို လက်ခံ သော်လည်း ဆုံးဖြတ်ချက် မပေးနိုင်သည့် အချက် အချို့ကို နိုင်ငံတော် သမ္မတထံ တင်ပြပြီးမှသာ အပစ်အခတ် ရပ်စဲရေးကိစ္စ ထပ်မံ ဆွေးနွေးမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

ပအို၀်းအမျိုးသား အဖွဲ့ချုပ် PNLO သည် ၁၉၉၄ ခုနှစ် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ရယူထားသည့် ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့ (ရလလဖ) မှ ၂၀၀၇ ခုနှစ်တွင် ခွဲထွက်ခဲ့ပြီး အစိုးရအား လက်နက်ကိုင် တိုက်ပွဲဝင်နေသည့် အဖွဲ့ဖြစ်သည်။

Most read this week