အစိုးရနှင့် အပစ်ရပ်ရေး ဆွေးနွေးရန် NMSP ထွက်ခွာ

အစိုးရနှင့် အပစ်ရပ်ရေး ဆွေးနွေးရန် NMSP ထွက်ခွာ
by -
ဇော်ကြီး

အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးနိုင်ရန် မွန်ပြည်သစ်ပါတီ NMSP ကိုယ်စားလှယ်အဖွဲ့ ယနေ့မွန်းလွဲပိုင်း အချိန်က မွန်ပြည်နယ် ရေးမြို့မှ ထွက်ခွာသွားပြီဖြစ်သည်။

nmg-imna
အစိုးရဖက်မှ ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့နှင့် လာမည့် ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် မြို့တော် မော်လမြိုင်၌ တွေ့ဆုံကြမည်ဟု NMSP ကိုယ်စားလှယ် အဖွဲ့မှ ဗဟိုအလုပ်အမှုဆောင် ကော်မတီ နိုင်တလညီက အခုလို ပြောသည်။ 

“အဓိကကတော့ အပစ်အခတ်ရပ်စဲရေး အတွက်ပေ့ါနော်။ ဒါပေမယ့် အချက်ကတော့ လောလောဆယ် ပြောလို့ မရသေးဘူးပေ့ါနော်။ ဒါက နှစ်ဖက် ဆွေးနွေးရမယ့်ကိစ္စကို ကြိုပြီးတော့လည်း ပြောလို့ မကောင်းဘူးလေ။”

NMSP ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တွင် ဒု-ဥက္ကဌ နိုင်ရော့စ ဦးဆောင်၍ ဗဟိုအလုပ် အမှုဆောင်   ကော်မတီ နိုင်တလညီနှင့်   နိုင်လယီဂရောင်း၊ ဗဟိုကော်မတီ ၀င်များ ဖြစ်သည့်   နိုင်အေးမွန်၊ နိုင်ဗညားလယ်၊ နိုင်ဧကနှင့် ဗဟို စစ်ကော်မတီ ဒု-ဗိုလ်မှူးကြီး နိုင်ဗညားချမ်းနွန်တို့ ပါ၀င်ပြီး ယနေ့ ညနေပိုင်းက သံဖြူဇရပ်မြို့သို့ ရောက်ရှိနေပြီဖြစ်သည်။ 

၂၀၁၁ ခုနှစ် ဒီဇင်ဘာလ (၂၂) ရက်နေ့က ရထားဝန်ကြီး ဦးအောင်မင်းနှင့် NMSP ကိုယ်စားလှယ် အဖွဲ့တို့ ထိုင်းနိုင်ငံ စံခလဘူရီ မြို့၌ ပထမအကြိမ် အလွတ်သဘော တွေ့ဆုံခဲ့သည်။

ယင်းတွေ့ဆုံပွဲနိုက် NMSP ဖက်မှ တပြည်လုံး အတိုင်း အတာဖြင့် အပစ်အခတ်ရပ်စဲရေးပြုလုပ်ရန် တိုက်တွန်းခဲ့ပြီး အစိုးရဖက်မှ အပစ်အခတ်ရပ်စဲရေး၊ နှစ်ဖက် ဆက်ဆံရေးရုံး ထားရှိရေး၊ နိုင်ငံရေး အရ ငြိမ်းချမ်းရေး ဆွေးနွေးရန်နှင့် ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်ရန်တို့ကို တင်ပြခဲ့သော် လည်း တစုံတရာ သဘောတူညီမှု မရခဲ့ပေ။

လာမည့် ဖေဖော်ဝါရီလ (၁) ရက်နေ့ တွေ့ဆုံပွဲနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက် ကို မပြောနိုင် သေးသော်လည်း ပြည်ထောင်စုအဆင့်အထိ တွေ့ဆုံရန်ရှိပြီး “ကျနော်တို့ ထင်တာ ကတော့ အကောင်းဖက်ကိုပဲ သွားဖို့တော့ များမှာပါ။ ဘာဖြစ်လို့လည်းဆိုတာ့ ဒီနေ့ အနေအထား အရ နှစ်ဖက် ညှိနှိုင်းချက်ကတော့ ပြေလည်ဖို့ များတယ်လို့ ကျနော်တို့ မျော်လင့်တယ်လေ။” ဟု နိုင်တလညီက ပြောဆိုသည်။

အလားတူ အခြားသော တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များဖြစ်သည့် ကရင်နီပြည် တိုးတက်ရေး ပါတီ KNPP နှင့် ပအို၀်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ PNLO တပ်ဖွဲ့တို့လည်း  ရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် တွေ့ဆုံရန် ရှိသည်ဟု ယင်းအဖွဲ့များက ဆိုသည်။

တွေ့ဆုံမည့် နေ့ရက်ကို အတိအကျ မသတ်မှတ်ရသေးသော်လည်း လာမည့် ဖေဖော်ဝါရီလ ပထမ အပတ်ခန့်တွင် ထိုင်းနိုင်ငံ အတွင်း တွေ့ဆုံနိုင်လိမ့်မည်ဟု ခန့်မှန်းထားပြီး တပြည်လုံး အတိုင်း အတာဖြင့် အပစ်အခတ် ရပ်စဲရေး၊ နှစ်ဖက် ဆက်ဆံရေးရုံး ဖွင့်လှစ်ရေး၊ နယ်မြေသတ်မှတ် ပေးရေး နှင့် နှစ်ဖက်တပ်ဖွဲ့များ နေရာချထားရေး စသည့် အချက်များကို အကြမ်းဖျင်း တင်ပြသွားရန် ရှိသည်ဟု PNLO အဖွဲ့ ဥက္ကဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

အလားတူ KNPP အဖွဲ့ အတွင်းရေးမှူး (၁) ခူးဦးရယ်ကလည်း လာမည့် ဖေဖော်ဝါရီ လဆန်းပိုင်း တွင် နှစ်ဖက်ကိုယ်စားလှယ်များ တွေ့ဆုံရန် ရှိပြီး အခြားတိုင်းရင်းသား တပ်ဖွဲ့များနည်းတူ အချက် လေးချက်အပေါ် အဓိကထား ဆွေးနွေးသွားမည်ဟု အခုလို ပြောသည်။ 

“အပစ်အခတ်ရပ်စဲရေး၊ ဆက်ဆံရေးရုံးဖွင့်ရေး၊ နယ်မြေဖြတ်သန်း သွားလာတဲ့အခါမှာ တဖက်နဲ့ တဖက် ခွင့်ပြုချက် ရယူရေး၊ ဆွေးနွေးပွဲ အဆင့်ဆင့် ပြုလုပ်နိုင်ဖို့ နေရာနဲ့ အချိန် သတ်မှတ်ရေး အဲလို ကိစ္စတွေကို ပဏာမ အဆင့်အနေနဲ့ ဘယ်လို ပြောဆိုကြမယ်ဆိုတာနဲ့ ပတ်သက်ပြီး အရင်ဆုံး ဆွေးနွေးမှာပါ။”

NMSP၊ KNPP နှင့် PNLO တပ်ဖွဲ့များသည် တိုင်းရင်းသား တပ်ပေါင်းစုတခုဖြစ်သည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC အဖွဲ့ဝင်များ ဖြစ်ပြီး လွန်ခဲ့သည့် လများက ရထားဝန်ကြီး ဦးအောင်မင်းနှင့် အလွတ်သဘောတွေ့ဆုံခဲ့သည်။

UNFC အဖွဲ့တွင် လက်နက်ကိုင် တိုင်းရင်းသား တပ်ဖွဲ့ (၁၁) ဖွဲ့ပါ၀င်ပြီး ယင်းတို့အနက် ကရင် အမျိုးသား အစည်းအရုံး KNU၊ ချင်းအမျိုးသားတပ်ဦး CNF နှင့် ရှမ်းပြည်တပ်မတော် မြောက်ပိုင်း ခေါ် ရှမ်းပြည်တိုးတက်ရေးပါတီ SSA/ SSPP တပ်ဖွဲ့များက အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးထားပြီး ကချင်ပြည် လွတ်မြောက်ရေးအဖွဲ့ KIO သည် အစိုးရနှင့် သဘော တူညီချက် မရသေးပေ။

Most read this week