ခိုင်မာသည့် ငြိမ်းချမ်းရေး တည်ဆောက်ရန် ကြိုးပမ်းမည်ဟု KNU ကပြော

ခိုင်မာသည့် ငြိမ်းချမ်းရေး တည်ဆောက်ရန် ကြိုးပမ်းမည်ဟု KNU ကပြော
by -
ဇော်ကြီး

အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်၍ အစိုးရနှင့် ကရင်အမျိုးသား အစည်းအရုံး KNU နှစ်ဖက် ကိုယ်စားလှယ် အဖွဲ့တို့ ထပ်မံတွေ့ဆုံရန် ရှိပြီး ခိုင်မာသည့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် ကြိုးပမ်းသွားမည်ဟု KNU ကပြောသည်။

nmg-knu-01
၂၀၁၂ ခုနှစ် ဇန္နဝါရီလ (၂၃) ရက်နေ့မှ (၂၅) ရက်နေ့အထိ ကရင်ပြည်နယ် ဒေသတနေရာတွင် ကျင်းပပြုလုပ်ခဲ့သည့် KNU ဒုတိယ အကြိမ် အရေးပေါ် ဗဟိုကော်မတီ အစည်းအဝေးမှ အထက်ပါ ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်ဟု KNU အဖွဲ့က ယမန်နေ့ ရက်စွဲဖြင့် ကြေညာချက် တစောင် ထုတ်ပြန်ခဲ့သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ အစိုးရနှင့် KNU နှစ်ဖက်ကိုယ်စားလှယ် အဖွဲ့တို့ ဇန္နဝါရီလ (၁၂) ရက် နေ့က ဘားအံမြို့ တွေ့ဆုံပွဲ၌ ပဏာမအဆင့် အချက် (၁၁) ချက်ကို မူအားဖြင့် သဘာတူ လက်မှတ်ရေးထိုး ခဲ့သော်လည်း ခိုင်မာမှု မရှိသေးကြောင်း KNU ဒု-ဥက္ကဌ စောဒေးဗစ် သာကပေါ် က အခုလို ပြောသည်။

“အခုဟာက အပစ်အခတ်ရပ်စဲရေး မခိုင်မာသေးဘူး။ အပစ်အခတ်ရပ်စဲရေးအတွက် ခြေလှမ်း တလှမ်းဘဲ ရှိသေးတယ်။ လက်မှတ်ထိုးတယ်ဆိုတာက အပစ်ရပ်မယ် ဆိုတဲ့ သဘော မဟုတ်သေး ဘူး။ အပစ်ရပ်ဖို့ သဘောတူတယ်ဆိုတဲ့ အဆင့်လောက်ပဲ ရှိသေးတယ်။ အဲဒီတော့ ခိုင်မာအောင် အများကြီးဆွေးနွေးရဦးမယ်။”

ခိုင်မာသည့် အပစ်အခတ်ရပ်စဲရေး တည်ဆောက်ပြီးမှသာ နိုင်ငံရေးအရ ငြိမ်းချမ်းရေးအဆင့်ကို ဆွေးနွေးရန် ရှိပြီး အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တိုင်းရင်းသား လူမျိုး အင်အားစုများဖြင့် စုပေါင်းဆောင်ရွက် သွားမည်ဟုလည်း ကြေညာချက်က ဆိုသည်။

ပထမအကြိမ် တွေ့ဆုံပွဲ၌ အစိုးရဖက်မှ ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း ဦးဆောင်၍ KNU ဖက်မှ ဗိုလ်ချုပ် မူတူးဆေးဖိုးက ဦးဆောင်ဆွေးနွေးခဲ့ပြီး နှစ်ဖက် ကိုယ်စားလှယ်များ (၄၅) ရက် အတွင်း ထပ်မံ တွေ့ဆုံရန် သဘောတူခဲ့သည်။

ဆွေးနွေးမည့် နေ့ရက် မသတ်မှတ်ရသေးသလို လာမည့်တွေ့ဆုံပွဲတွင် ယုံကြည်မှု တည်ဆောက် နိုင်ရန် နှစ်ဖက်တပ်များ လျော့ချခြင်း၊ ရုပ်သိမ်းခြင်းနှင့် တပ်နေရာချထားရေးကို ဆွေးနွေးသွားမည် ဟုလည်း ကြေညာချက်က ဆိုသည်။ 

ထို့အပြင် KNU ဗဟိုကော်မတီဝင် ပဒို မန်းငြိမ်းမောင် အပါအဝင် အကြောင်း အမျိုးမျိုးကြောင့် အစိုးရက ဖမ်းဆီးထားသည့် KNU တပ်ဖွဲ့ဝင်များ ပြန်လွတ်ပေးရေးကို တင်ပြတောင်းဆို သွားမည် ဟုလည်း စောဒေးဗစ်သာကပေါ်က အခုလို ပြောသည်။

“အစတုန်းကပြောတာက တမျိုး၊ အခုလုပ်တာက တမျိုးပေ့ါ။ မန်းငြိမ်းမောင် လွတ်ဖို့ ဆက်ပြီးတော့ ပြောရမှာဘဲ။ မန်းငြိမ်းမောင်လွတ်ပေးမယ် ငြိမ်းချမ်းရေး လက်ဆောင်ဆိုပြီးတော့ သူတို့ ပြောတာကိုး။”

ပဒို မန်းငြိမ်းမောင်အား မတရားအသင်းတွင် ပါ၀င်မှု ပုဒ်မ ၁၇(၁)၊ နိုင်ငံတော် ပုံကန်မှုတို့ဖြင့် တရားစွဲဆိုထားရာ ယမန်နေ့က အင်းစိန်ထောင် အထူးတရားရုံးတွင် စစ်ဆေးကြားနာခဲ့ပြီး လာမည့် ဖေဖော်ဝါရီလ (၂) ရက်နေ့တွင် ထပ်မံ စစ်ဆေးရန် ရှိသည်ဟု သိရသည်။

လာမည့်တွေ့ဆုံပွဲတွင် အဆင်ပြေချောမွေ့စေရန် ပြည်တွင်းပြည်ပရှိ ကရင်လူမှု အသိုင်းအဝိုင်းများ မှ နိုင်ငံရေးနှင့် ဥပဒေရေးရာ ကျွမ်းကျင်သည့် ပညာရှင်များထံက အကြံဉာဏ်များ တောင်းခံသွား ရန်ရှိသလို တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ်များတွင် အမျိုးသမီးများ ပိုမိုပါ၀င်လာရေးကိုလည်း ဆောင်ရွက်သွားမည်ဟု ကြေညာချက်က ဖော်ပြသည်။

အစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံး KNU တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သည့် နှစ်ပေါင်း (၆၀) ကျော် ကာလအတွင်း အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး အကြိမ်ကြိမ် ဆွေးနွေးခဲ့သော်လည်း အောင်မြင်မှု မရခဲ့ဘဲ ဒုတိယ အကြိမ်မြောက် ထပ်မံဆွေးနွေးမည် ဖြစ်သည်။

KNU တောင်းဆိုမှုအား အစိုးရကိုယ်စားလှယ် အဖွဲ့မှ မူအားဖြင့် သဘောတူညီချက် (၁၁) ချက်
၁။ တပြည်လုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရမည်။ အထူးသဖြင့် တိုင်းရင်းသား နယ်မြေများတွင် ဖြစ်ပွားနေသည့် စစ်ပွဲများ အမြန်ဆုံး ရပ်စဲရမည်။
၂။ ကြောက်ရွံ့ခြင်းကင်းသည့် ပြည်သူပြည်သားများ ဘဝအဖြစ် ရပ်တည်နိုင်ရန် အာမခံရမည်။
၃။ ပြည်သူပြည်သားများအတွင်း ယုံကြည်ရသည့် အခြေအနေ တည်ဆောက်ရန်။
၄။ အခြေခံ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းကို ဆောင်ရွက်ပေးရေးနှင့် ဒေသဆိုင်ရာ လူထုနှင့် အတိုင်ပင်ခံပြုသည့် ဖွံ့ဖြိုးရေး လုပ်ငန်းများအား အထောက်အကူပေးရန်။
၅။ နိုင်ငံတော်၏ သတင်းမီဒီယာများအား ငြိမ်းချမ်းရေး ဖြစ်စဉ်များတွင် ပူးပေါင်းဆောင်ရွက် စေရန်နှင့် အခြားမီဒီယာများအား တိကျသော ငြိမ်းချမ်းရေးဆိုင်ရာ အချက်အလက် ရယူခွင့်ပြုရန်။
၆။ အတင်းအဓမ္မ လုပ်အားပေးခိုင်းစေခြင်း၊ ပုံစံ အမျိုးမျိုးဖြင့် ငွေကြေးကောက်ခံခြင်း၊ ပေးကမ်း လှူဒါန်း ခိုင်းခြင်း၊ အခြားသော ငွေကြေးကူညီစေခြင်း မပြုရန်။
၇။ အကျဉ်းသားများအား လွတ်ပေးရန် ပြည်သူပြည်သားများဘဝ ပြန်လည် ထူထောင်ရေးနှင့် ပြည်သူများ၏ မြေယာကိစ္စများကို ဖြေရှင်းပေးရန်။
၈။ နှစ်ဖက်စလုံးမှ ငြိမ်းချမ်းရေး ပြောဆိုမှုများနှင့် တိုးတက်ရေး နည်းလမ်းများအား အကျိုးဆောင် ပံ့ပိုးကြရန်။
၉။ စေ့စပ်ညှိနှိုင်းမှု စားပွဲဝိုင်းတွင်ပါ၀င်သည့် ကိုယ်စားလှယ်များ တရားဝင်မှု ရှိစေရန်နှင့် သက်ဆိုင်ရာ နယ်မြေများရှိ ပြည်သူများနှင့် လုံလောက်သည့် တိုင်ပင်မှု ပြုချိန် ရရှိရန်နှင့် ဖြစ်စဉ်အား ပြင်ပမှ ကူညီပံ့ပိုးသူများအကြား ရှင်းလင်းသည့် အခန်းကဏ္ဍများ ထားရှိရန်။
၁၀။ ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် စောင့်ကြပ်စစ်ဆေးခြင်း၊ စိစစ်အတည်ပြုခြင်းနှင့် တည့်မှတ် မှန်ကန်အောင် အစီအစဉ် လုပ်ဆောင်မှုများ စတင်ရန်။
၁၁။ ဘက်အားလုံးမှ တည်မြဲသည့် ငြိမ်းချမ်းရေးကို ရှေ့ရှုသည့် လုပ်ဆောင်မှုများ တိုးတက် ဖြစ်ပေါ် စေနိုင်ရန် အာမခံသည့် ပျော့ပြောင်းညင်သာသည့် လုပ်ငန်းစဉ် ထားရှိရန်။ ဘက်တဖက် အပေါ် သတိမဲ့ ခွင့်ပြုလိုက်လျောသည့် လိုသလို အနက်အဓိပ္ပာယ် ကောက်ယူနိုင်သော ဝေါဟာရ အသုံးအနှုန်းများ ပပျောက်ရေးကို လုပ်ကိုင်ရမည်။

Most read this week