ရှမ်းပါတီအသစ် မှတ်ပုံတင်လျှောက်ထား

ရှမ်းပါတီအသစ် မှတ်ပုံတင်လျှောက်ထား
by -
ဇော်ကြီး

ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း အထက်ပိုင်းဒေသများရှိ ရှမ်းတိုင်းရင်းသားများ ကိုယ်စားပြုပါတီ အဖြစ် တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ TNDP အမည်ဖြင့် ရွေးကောက်ပွဲ ကော်မရှင်ထံ မှတ်ပုံတင်ခွင့် လျှောက်ထား လိုက်သည်။

nmg-news-pt-23
နေပြည်တော်ရှိ ရွေးကောက်ပွဲ ကော်မရှင်ထံ ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ပါတီ မှတ်ပုံတင်ခွင့် သွားရောက် လျှောက်ထားခဲ့ပြီး မှတ်ပုံတင်ရသည့် ရည်ရွယ်ချက်နှင့် ပတ်သက်၍ ဦးဆောင် အဖွဲ့တွင် ပါ၀င်သူ စိုင်းဌေးအောင်က အခုလို ပြောသည်။

“ကျနော်တို့ မြန်မာနိုင်ငံဖွံ့ ဖြိုးတိုးတက်အောင် ကျနော်တို့ အင်နဲ့ အားနဲ့ ပါ၀င်ချင်လို့ပါ။ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းက ကျနော်တို့ လူမျိုးတွေအားလုံး ပြန်ပြီးတော့ စုစည်းချင်တဲ့ ရည်ရွယ်ချက်လည်း ပါပါတယ်။ ရှမ်းပြည်နယ်ထဲမှာဆိုရင်တော့ မိုးမိတ်၊ မဘိန်းဘက်လည်း ပါပါတယ်။” 

ရန်ကုန်နှင့် မန္တလေးမြို့တို့ အပါအဝင် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအတွင်းရှိ ရှမ်းနီ တိုင်းရင်းသား ကိုယ်စားလှယ် (၁၈) ဦးတို့က မန္တလေးတိုင်း မဟာအောင်မြေ မြို့နယ်တွင် ဇန္နဝါရီလ (၁၉) ရက်နေ့က အစည်းအဝေးကျင်းပ၍ ပါတီအမည်ပေးကာ လက်မှတ်ထိုး ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

လာမည့် ဧပြီလ(၁) ရက်နေ့ ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် နောက်ကျ နေသည့်အတွက် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှသာ ယှဉ်ပြိုင်နိုင် လိမ့်မည်ဟုလည်း  စိုင်းဌေးအောင် က ဆိုသည်။

“ကြားဖြတ်ရွေးကောက်ပွဲအတွက်က မမီတော့ဘူးပေ့ါ။ ပါတီ မှတ်ပုံတင်ပြန်ကျဖို့က အချိန် တလလောက် စောင့်ရဦးမယ်လေ။ အခု ကြားဖြတ်ရွေးကောက်ပွဲက (၁၆) ရက်နေ့ကနေစပြီးတော့ (၃၁) ရက်နေ့မှာ လွှတ်တော် အမတ် စာရင်းတွေ ပိတ်ပြီဆိုတော့ ကျနော်တို့ မမီနိုင်တော့ဘူးဗျ။”

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြားဖြတ် ရွေးကောက်ပွဲအတွက် လွှတ်တော် ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းရန် ဇန္နဝါရီလ (၁၆) ရက်နေ့မှ (၃၁) ရက်နေ့ အထိ သတ်မှတ်ထားကြောင်း လွန်ခဲ့သည့် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ (၂၉) ရက်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့သည်။ 

ပါတီဝင်အင်အားကို မသတ်မှတ်ရသေးသော်လည်း အကယ်၍ ပါတီ မှတ်ပုံတင်ခွင့် ကျပါက ရှမ်းနီ တိုင်းရင်းသားအများစု နေထိုင်သည့် ကချင်ပြည်နယ်အတွင်း မိုးညှင်း၊ မိုးကောင်း၊ မြစ်ကြီးနား၊ ၀ုိင်းမော်၊ ဖားကန့်၊ ဗန်းမော်၊ မိုးမောက်၊ မန်စီမြို့နယ်များနှင့် စစ်ကိုင်းတိုင်းအတွင်းရှိ ခန္တီး၊ ဟုမ္မလင်း၊ မော်လိုက်၊ ဖောင်းပြင်၊ အင်းတော်၊ ဗန်းမောက်၊ ကသာစသည့် မြို့နယ်များတွင် ယှဉ်ပြိုင်ရန် ရည်ရွယ်ထားသည်ဟုလည်း စိုင်းဌေးအောင်က ဆိုသည်။

ပါတီ အမှတ် တံဆိပ်နှင့် အလံကို ပါတီ မှတ်ပုံတင်ခွင့် ကျပြီးမှ ဆွေးနွေး ဆုံးဖြတ်သွားရန်ရှိပြီး လောလောဆယ် ပါတီကိစ္စများကို စိုင်းဌေးအောင်၊ စောဝင်းထွန်းနှင့် ဦးအောင်ချင်းတို့က တာဝန်ယူ ဆောင်ရွက်သွားမည်ဟုလည်း သိရသည်။

လွန်ခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်၌ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ USDP၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ NUP၊ ကျားဖြူခေါ် ရှမ်းတိုင်းရင်းသားများ တိုးတက်ရေး ပါတီ SNDP နှင့် အမျိုးသား ဒီမိုကရေစီ အင်အားစုအဖွဲ့ NDF စသည့် ပါတီ(၄) ခု  ၀င်ရောက် ယှဉ်ပြိုင်ခဲ့သည်။

Most read this week