မြန်မာအစိုးရတပ်နှင့် KIA ကြား ဂျာပူရွာတွင် သုံးရက် တိုက်ပွဲဖြစ်

မြန်မာအစိုးရတပ်နှင့် KIA ကြား ဂျာပူရွာတွင် သုံးရက် တိုက်ပွဲဖြစ်
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် အရှေ့ဘက် ၀ိုင်းမော်မြို့နယ် ဂျာပူ(Ja Pu)ရွာတဝိုက်တွင် အစိုးရစစ်ကြောင်းနှင့် KIA ကြား ဇန်နဝါရီ ၁၄ ရက်မှ စဖြစ်သည့် တိုက်ပွဲသည် ယနေ့ တနင်္လာနံနက်ထိ ဆက်ဖြစ်နေဆဲဖြစ်ကြောင်း KIA စစ်အရာရှိများပြောသည်။

လိုင်ဇာ ဗဟိုဌာနချုပ်တွင် စစ်ရေးပြနေတဲ့ KIA စစ်သားများ။
သုံးရက်ကြာ တိုက်ပွဲမှာ KIA ဘက် စစ်သား ၃ ဦး ထိခိုက်ဒဏ်ရာရသည်ဟု KIA အရာရှိများ ဆိုသော်လည်း အစိုးရတပ်ဘက်မှ ထိခိုက်မှု ကိန်းဂဏန်း မသိရသေးပါ။

စစ်ပွဲနေရာသည် ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားသို့ လျှပ်စစ်မီး ဖြန့်ဝေပေးနေသော ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)ပိုင် မလိချောင်း ရေအားလျှပ်စစ်စက်ရုံနှင့် တရုတ်နယ်စပ်အနီးရှိ KIO/KIA အမာခံ စစ်စခန်းများနှင့် ဗဟိုဌာနချုပ်လိုင်ဇာနှင့်လည်း နီးကပ်ပါသည်။

နှစ်ဘက်တပ် စစ်ပွဲကြောင့် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင်တစ်ကြိမ် ဒီဇင်ဘာလတွင်တစ်ကြိမ် အစိုးရ စစ်ကြောင်း၏ လက်နက်ကြီးကြောင့့်် လျှပ်စစ်မီးကြိုးတိုင် ထိမှန်ပျက်စီးသွားကာ မြစ်ကြီးနားမြို့တွင် ရက်တို မီးပြတ်ခဲ့ရပြီဖြစ်သည်။

အိမ်ခြေ ၁၀၀ နီးပါးရှိ ကချင်တောရွာ ဂျာပူရွာမှ ရွာသားအများစုသည် ပြီးခဲ့သည့်နှစ်ဇွန်လ မြန်မာအစိုးရက KIO အား စတင်ထိုးစစ်ဆင်လာချိန်ကတည်းက လုံခြုံရာ တရုတ်နယ်စပ်အနီး KIO ထိန်းချုပ်ဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။

မန်မော် (ဗန်းမော်) ခရိုင် ဒေါ့ဖုန်းယန် (Dawhpumyang) မြို့နယ်ခွဲနှင့် အင်မေါက် (မိုးမောက်) မြို့နယ် ဘက်တွင်လည်း အစိုးရတပ်နှင့် KIA တပ်များကြား ယနေ့ ကွက်ကြားတိုက်ပွဲငယ်များ ဖြစ်ပွားသည်ဟု KIA စစ်အရာရှိများပြောသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၁၀ ရက်တွင် သမ္မတဦးသိန်းစိန်အစိုးရက ကချင်ပြည်နယ်တွင် ထိုးစစ်ရပ်တံ့ရန် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် သို့ ညွှန်ကြားခဲ့သော်လည်း စစ်တပ်မှ ယခုချိန်ထိ နာခံခြင်းမရှိပါ။

Most read this week