နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး UNA တောင်းဆိုမည်

နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး UNA တောင်းဆိုမည်
by -
ဇော်ကြီး

ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေးနှင့် နိုင်ငံရေးပြဿနာ များကို နိုင်ငံရေးနည်းအရ ဖြေရှင်းရန် UNA က လက်ရှိ အစိုးရထံ တိုက်တွန်း တောင်းဆိုမည်။

စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA ခေါင်းဆောင်များ၏ အစည်း အဝေးတရပ်ကို ယခုရက်ပိုင်းအတွင်းက ကျင်းပခဲ့ပြီး အဓိကကျသည့် တောင်းဆိုမှုများကို ကြေညာချက် ထုတ်ပြန်၍ တောင်းဆိုသွားမည်ဟု UNA အဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD မှ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က အခုလို ပြောသည်။

“အဓိကအားဖြင့်တော့ နိုင်ငံရေးအကျဉ်းသား အားလုံးကို လွတ်ပေးဖို့ လိုအပ်တယ်။ ပြည်တွင်း ငြိမ်းချမ်းရေးကို အခြေခံကျကျ ဖြေရှင်းပေးဖို့ လိုအပ်တယ်။ ပါ၀င်သင့် ပါ၀င်ထိုက်သူ အားလုံး ပါ၀င်နိုင်တဲ့ နိုင်ငံရေး အခင်းအကျင်းမျိုးကို ဖြေရှင်းပေးမှသာလျင် တနည်းအားဖြင့် သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး လုပ်ဆောင်ပေးမှသာလျင် စစ်မှန်တဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကို ရရှိပြီးမှ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်နိုင်မယ်ပေ့ါ။”

ယင်းကြေညာချက်အား လာမည့်ရက်ပိုင်းအတွင်း အပြီးသတ် ရေးဆွဲ ထုတ်ပြန် သွားရန် ပြင်ဆင် ထားသည်ဟုလည်း ဆိုသည်။

(၆၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အဖြစ် ထုတ်ပြန်ခဲ့သည့် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပတ်သက်၍ ဝေဖန်ချက် အမျိုးမျိုး ထွက်ပေါ်နေသည့် အပေါ် လက်တွေ့ကျသည့် ပြောင်းလဲမှုမျိုး ဖြစ်ပေါ်လာရန် ရည်ရွယ်၍ ယခုလို တောင်းဆိုခြင်း ဖြစ်သည်ဟု ဦးစိုင်းလိတ်က ပြောသည်။

“လက်ရှိ အစိုးရရဲ့ ဆောင်ရွက်ချက်ဟာ အပြောင်းအလဲ လုပ်နေတယ်လို့ဘဲ ပြောပြီးတော့မှ တကယ် တန်းကျတော့ အခြေခံကျကျ ပြောင်းလဲတာကို ကျနော်တို့ မတွေ့ရဘူး။ ဒီအပြောင်း အလဲတွေကို အမှန်တကယ် လုပ်ဖို့၊ နိုင်ငံတကာကို မျက်လှည့်ပြနေတဲ့ အနေအထားမျိုးကနေ လွတ်ကင်းပြီး တော့မှ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်ဖို့ စစ်မှန်တဲ့ နိုင်ငံ့ အကျိုးပြု လုပ်ငန်းတွေ လုပ်ဖို့ ကို ကျနော်တို့ ရည်ရွယ်ပြီးမှ တောင်းဆိုတာ ဖြစ်ပါတယ်။”

ထို့အပြင် လက်နက်ကိုင် တိုင်းရင်းသားများနှင့် အစိုးရတို့ပြုလုပ်နေသည့် အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ကိစ္စများကို ထဲထဲဝင်ဝင် ဆောင်ရွက်စေလိုသည့် ဆန္ဒရှိသည်ဟုလည်း ဆိုသည်။

“အပစ်အခတ်ရပ်စဲရေး လုပ်ပြီးတော့မှ တကယ်တန်း နိုင်ငံရေး ကိစ္စကို ဆွေးနွေးမယ်ဆိုတဲ့ အဆင့် ကျတော့ အခြေခံကျကျ သူတို့ မဆွေးနွေးဘဲနဲ့ ပြီးစလွယ် လုပ်သွားမှာကို စိုးရိမ်တဲ့ အတွက် ကြောင့်မို့ ငြိမ်းချမ်းရေးကို နိုင်ငံရေး အခြေခံကျကျ စဉ်းစားပြီးမှ လုပ်ပါလို့ ကျနော်တို့ တိုက်တွန်း ရခြင်းဖြစ်တယ်။”

အစည်းအဝေးသို့ UNA အဖွဲ့ဝင်များဖြစ်သည့် ဦးအေးသာအောင်၊ ဦးသာဘန်း၊ ဦးပူကျင်ရှင်းထန်၊ ဦးနိုင်ငွေသိမ်း၊ ဦးစိုင်းစောအောင်၊ ဦးစိုင်းရွှေကျူးနှင့် လူငယ်အဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက် ဆွေးနွေးခဲ့သည်။

UNA အဖွဲ့အား ၁၉၉၀ ရွေးကောက်ပွဲတွင် ပါ၀င်ယှဉ်ပြိုင်ခဲ့သည့် တိုင်းရင်းသား ပါတီ(၁၂) ခုဖြင့် ပူးပေါင်းဖွဲ့စည်းထားခြင်းဖြစ်သည်။

UNA အဖွဲ့ဝင်များ
၁။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD
၂။ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NMDF
၃။ ဇိုမီးအမျိုးသား ကွန်ဂရက် ZNC
၄။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD
၅။ ချင်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် CNLD
၆။ ကရင်အမျိုးသား ဒီမိုကရေစီ ကွန်ဂရက် KNCD
၇။ ကချင်ပြည်နယ် အမျိုးသား ဒီမိုကရေစီကွန်ဂရက် KNCD
၈။ ကယားပြည်နယ် လူမျိုးပေါင်းစုံ ဒီမိုကရေစီ အဖွဲ့ချုပ် KSANLD
၉။ ကယန်းအမျိုးသား ညီညွတ်ရေးနဲ့ ဒီမိုကရေစီအဖွဲ့ DOKNU
၁၀။ မရာပြည်သူ့ပါတီ MPP
၁၁။ ရှမ်းပြည် ကိုးကန့် ဒီမိုကရက်တစ်ပါတီ SSKDP
၁၂။ ရခိုင်ပြည်သူ့ဒီမိုကရေစီ တပ်ပေါင်းစု APDF

Most read this week