KIA နှင့် အစိုးရ ကိုယ်စားလှယ်များ မကြာခင် တွေ့ဆုံဖွယ်ရှိ

KIA နှင့် အစိုးရ ကိုယ်စားလှယ်များ မကြာခင် တွေ့ဆုံဖွယ်ရှိ
by -
သတင်းနှင့်မီဒီယာကွန်ယက်

ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ကချင်ပြည် လွတ်မြောက်ရေးအဖွဲ့ KIO နှင့် အစိုးရ ကိုယ်စားလှယ် အဖွဲ့တို့ မကြာခင် ရက်ပိုင်းအတွင်း နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးဖွယ် ရှိကြောင်း KIO ကပြောသည်။

KIO ဖက်မှ တွေ့ဆုံဆွေးနွေးရေး ဗဟိုကော်မတီ အဖွဲ့ ဖွဲ့စည်း ပြီးကြောင်းနှင့် ဇန္နဝါရီလ လယ်ပိုင်း လောက်တွင် ဆွေးနွေး ပွဲများ ပြန်လည် ပြုလုပ် နိုင်လိမ့်မည်ဟု ကချင်ပြည် လွတ်မြောက်ရေး ကောင်စီ KIC ၏ ဒု-အတွင်းရေးမှူး ဦးယော်ထုံက အခုလို ပြောသည်။

“အခုပြန်တွေ့ကြဖို့လည်း လုပ်နေကြတယ်။ စိုင်းပြင်းနေကြတယ်။ အစိုးရဖက်ကလည်း ကော်မတီ တောင် ရွေးထားပြီးပြီ။ ကျနော်တို့ဖက်ကလည်း ရွေးထားပြီးပြီ။ ဒီဇန္နဝါရီလလယ်လောက် ဆိုရင် တော့ ပြန်ဆွေးနွေး ဖြစ်မယ်ထင်တယ်။”

ကချင်ပြည် လွတ်မြောက်ရေး ကောင်စီ KIC သည် KIO ပါတီမှ ချမှတ်လာသည့် လုပ်ငန်းစဉ် များအား လက်တွေ့ အကောင် အထည်ဖော် ဆောင်ရွက်ရသည့် အဖွဲ့ဖြစ်သည်။

လောလောဆယ် ဒေသတွင်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည့်အတွက် တရုတ်မြန်မာ နယ်စပ် တနေရာတွင် တွေ့ဆုံကြလိမ့်မည်ဟု ဦးယော်ထုံက ခန့်မှန်းပြောဆိုသည်။

ထို့အပြင် ယခု တကြိမ်တွေ့ဆုံပွဲသည် ပြည်ထောင်စု အဆင့်ဆွေးနွေးမှုမျိုး ဖြစ်လိမ့်မည်ဟုလည်း “ခန့်မှန်းကြည့်တော့ ပြည်နယ်အဆင့်တော့ ကျနော်တို့ ပြီးသွားပြီလို့ သဘောထားကြတယ်လေ။ အခုက ပြည်ထောင်စု အဆင့် ဆွေးနွေးဖို့ပဲ ရှိတော့တာကိုး။” ဟု ဆက်လက် ပြောဆိုသည်။ 
လွန်ခဲ့သည့် နို၀င်ဘာလ (၂၉) ရက်နေ့က အစိုးရ ကိုယ်စားလှယ်များ ဖြစ်သည့် စက်မှုဝန်ကြီး ဟောင်း ဦးအောင်သောင်း၊ ကချင်ပြည်နယ် ၀န်ကြီးချုပ် ဦးသိန်းဇော်နှင့် ရထားပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်းနှင့် KIO ဥက္ကဌ ဦးဇောင်းဟရား ဦးဆောင်သည့် (၆) ဦးပါ ကိုယ်စားလှယ် အဖွဲ့တို့ တရုတ်နိုင်ငံ ရွှေလီမြို့တွင် တွေ့ဆုံခဲ့ဆွေးနွေး ခဲ့သည်။ 

နှစ်ဖက် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားချိန်မှ စတင်၍ အပစ်အခတ် ရပ်စဲရေးအတွက် (၅) ကြိမ် ထက်မနည်း တွေ့ဆုံဆွေးနွေး ခဲ့သော်လည်း တစုံတရာ သဘောတူညီမှု မရခဲ့သေးသလို  တိုက်ပွဲများ ရပ်ဆိုင်းသွားခြင်းလည်း မရှိသေးပါ။  

တချိန်တည်းတွင် တရုတ်မြန်မာနယ်စပ် လွယ်ဂျယ်မြို့မှ မိုးမောက်မြို့သို့သွားရာ လမ်းကြောင်း ပေါ်ရှိ KIA တပ်ဖွဲ့၏ ယောယုံ စခန်းအား အစိုးရတပ်က ပြင်းထန်စွာ ထိုးစစ်ဆင် တိုက်ခိုက် နေသည့်အတွက် ယမန်နေ့က ဆုတ်ခွာပေး လိုက်ရကြောင်း ဦးယော်ထုံက ပြောသည်။
ယင်းဒေသအတွင်း အစိုးရ၏ တပ်မ (၈၈)နှင့် တပ်မ (၉၉) လက်အောက်ခံ တပ်ရင်းများအပါအဝင် တပ်ရင်းပေါင်း (၃၀) ကျော်က (၈၁) မမ၊ (၁၂၀) မမ နှင့် (၁၀၅) မမ ခေါ် တာဝေးပစ် လက်နက် ကြီးများဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ခြင်းဖြစ်သည် ဟုလည်း ဆိုသည်။

အလားတူ ကချင်ပြည်နယ် မိုးကောင်းမြို့မှ ကျောက်စိမ်း အများဆုံးထွက်ရှိရာ ဖားကန့်မြို့သို့ သွားသည့် ပင်မလမ်းကြောင်း တခုအား ဒေသခံ KIA အရာရှိများက ခေတ္တ ပိတ်ပင်ထားသည်ဟု သိရကြောင်း ဖားကန့်မြို့ခံ တဦးက အခုလို ပြောသည်။

“KIA အရာရှိတွေက ကားသမားတွေကို ပြောတယ်။ ဒီသုံးလေးရက်အတွင်းမှာ မိုးကောင်းက ကားတွေကိုလည်း ဒီဖက်မတက်ခဲ့ပါနဲ့။ ဒီဖားကန့်က ကားတွေကိုလည်း မိုးကောင်းကို မသွားကြပါနဲ့ အဲလိုတော့ပြောတယ်။”

လောလောဆယ် ယင်းလမ်းကြောင်းတလျောက်တွင် အစိုးရတပ်ဖွဲ့များ လှုပ်ရှား လာသည့်အတွက် တိုက်ပွဲများ ဖြစ်ပွားလာပါက လူထုထိခိုက်မည်စိုး၍ ပိတ်ပင်ခြင်း ဖြစ်နိုင်ကြောင်း KIC ဒု-အတွင်း ရေးမှူး ဦးယော်ထုံက အခုလိုပြောသည်။

“အဲဒါ ကျနော်လည်းကြားတယ်။ ဘာကြောင့်လည်း ဆိုတော့ လမ်းမှာတိုက်ပွဲဖြစ်နိုင်တယ်။ ကျနော် တို့လည်း စစ်ကြောင်းတက်လာ တယ်ကြားတော့ လမ်းမှာလည်း ပစ်ခတ်ဖို့ အမိန့်ထုတ်ထား တာကိုး။ အဲဒါကြောင့် တိုက်ပွဲဖြစ်လာ လို့ရှိရင် ပြည်သူတွေဘာတွေ ထိခိုက်နစ်နာတာတွေ မဖြစ်ဖို့ပါ။ လုံးဝ မသွားရ မလာရဆိုတဲ့ သဘောတော့ မဟုတ်ဖူး။ ဒါပေမယ့် မသွားရင် ပိုကောင်းတယ် ဆိုတဲ့ သဘောနဲ့ ပိတ်ထားတာ ထင်တယ်။” 

KIA နှင့် အစိုးရတပ်ဖွဲ့တို့ အချိန် (၇) လခန့်အတွင်း တိုက်ပွဲကြီးငယ်ပေါင်း (၉၀၀) ကျော် ဖြစ်ပွား ခဲ့ပြီး မြို့ပေါ်နှင့် နယ်စပ်ဒေသများသို့ ထွက်ပြေး ရောက်ရှိလာသည့် စစ်ပြေးဒုက္ခသည်ပေါင်း လေးသောင်းကျော် ရှိပြီဟု KIO မှတ်တမ်း များက ဆိုသည်။

KIO အဖွဲ့သည် ၁၉၉၄ ခုနှစ် စစ်အစိုးရလက်ထက်က အပစ်အခတ်ရပ်စဲခဲ့ပြီး နယ်ခြားစောင့်နှင့် ဌာနေပြည်သူ့စစ် အသွင်ပြောင်းရန် လက်မခံ ငြင်းဆန်ခဲ့သည့်နောက် ၂၀၁၁ ခုနှစ် ဇွန်လ (၉) ရက်နေ့မှ စတင်၍ တိုက်ပွဲများ ပြန်လည်ဖြစ်ပွား ခဲ့သည်။

Most read this week