ကချင်စစ်ပြေး ဒုက္ခသည် (၄၀၀၀) ကျော် ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်နေ

ကချင်စစ်ပြေး ဒုက္ခသည် (၄၀၀၀) ကျော် ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်နေ
by -
ဇော်ကြီး

ကချင်ပြည်နယ် အရှေ့ခြမ်း ဆဒုံးခရိုင်အတွင်းမှ ထွက်ပြေးရောက်ရှိလာသည့် စစ်ပြေး ဒုက္ခသည် (၄၀၀၀) ကျော်သည် ကူးစက်ရောဂါများ ခံစားနေ ရပြီး ကျန်းမာရေး စောင့်ရှောက်မှု လိုအပ် နေသည်။

kachin12
၀ုိင်းမော်မြို့နယ် အတွင်းရှိ ဂါးရာယန်၊ အောင်ဂျာ၊ စံပိုင်၊ ဆွတ်ခေါင်၊ ဆမာခူး၊ မလိ မကောက် စသည့် ကျေးရွာ များမှ ထွက်ပြေး ရောက်ရှိလာသူများ အနက် ကလေး သူငယ်များ အပါအဝင် သွေးဝမ်းသွား ရောဂါများခံစားနေ ရသည်ဟု ဒုက္ခသည် စခန်းမှ ကျန်းမာရေးမှူး ဦးဇော်အောင်က အခုလို ပြောသည်။

“နို့စို့အရွယ် ကလေးငယ် လေးတွေက အစပေ့ါဗျာ။ အသက်ကြီးပိုင်းတွေအထိက အများအားဖြင့် သွေးဝမ်းတွေ ဖြစ်နေတာ တော်တော်များတယ်။ ချောင်းဆိုးကြတယ်။ တချို့ကျတော့ မြေကြီးပေါ် မှာ အိပ်ကြရတဲ့အတွက်ကြောင့် မို့ ကိုယ်တွေ ရောင်တာ၊ ဖောတာတွေ ဖြစ်နေကြတယ်။ ဆေးဝါး ကလည်း တော်တော်အခက်အခဲ ဖြစ်တယ်။ ကူညီမယ့်လူလည်း ဘယ်သူမှမရှိဘူး ဖြစ်နေတယ်။”

ကချင်ပြည် လွတ်မြောက်ရေးတပ်မတော် KIA တပ်ရင်း(၃) ဒေသရှိ မုံကာစွပ်ကျေးရွာ အတွင်း ယာယီဒုက္ခသည် စခန်း ဖွင့်လှစ်ထားပြီး ဆေးခန်း (၃) ခုရှိသည့်အနက် သွေးဝမ်းသွား ရောဂါ ဖြစ်ပွားသူ ၄၀ ခန့် ဆေးခန်းသို့ နေ့စဉ် ရောက်ရှိလာရာ လူနာများအတွက် နေထိုင်ရေးနှင့် ဆေးဝါး အခက်အခဲ ဖြစ်နေသည်ဟု ၎င်းက ဆက်ပြောသည်။

“အပေါ်ကလည်း မိုးမလုံ၊ လေမလုံဖြစ်နေတော့ နေရာတွေကလည်း မဆန့်တော့ဘူးပေ့ါဗျာ။ တချို့ကျတော့ မြေကြီးမှာအိပ်ပြီး ဆေးထိုးပေးရတယ်။ ရောဂါ တော်တော်ကြီးတဲ့ သူတွေကိုတော့ ကြမ်းပြားလေးခင်းပြီး အဲလိုပဲ ကုနေရတယ်။”

ကူးစက်ရောဂါဖြစ်ပွားရသည့် အဓိက အကြောင်းရင်းများ အနက် သောက်သုံးရေ မသန့်ရှင်းခြင်း အပြင် တကိုယ်ရေ သန့်ရှင်းမှုအတွက် ချိုးရေ အခက်အခဲကြောင့် ဟုလည်း ဆိုသည်။

ထွက်ပြေးလာ သူများအနက် ကိုယ်ဝန်ဆောင် မိခင် (၈၀)ခန့် ပါ၀င်ပြီး နှစ်ဦးအား ကလေးမွေးဖွား ပေးခဲ့သော်လည်း ၎င်းတို့အတွက် ဆေးဝါးနှင့် အဟာရ လုံလောက်မှု မရှိကြောင်း သိရသည်။ ထို့အပြင် KIA တပ်ရင်း(၃) ဒေသသည် အအေးပိုင်းဒေသ ဖြစ်သည့်အပြင် ဆောင်းရာသီ အအေးလွန်ကဲသည့် အတွက် အနွေးထည်နှင့် စောင်လိုအပ်နေ ကြောင်း သိရသည်။ 

ဒုက္ခသည် စခန်းအား သဘတ်ချောင်းဘေးတွင် ဖွင့်လှစ်ထားသော်လည်း ချောင်းအထက်ဖက်တွင် တရုတ်နိုင်ငံမှ ရေအားလျပ်စစ်စက်ရုံ တခု တည်ဆောက် ထားသည့်အတွက် ချောင်းရေကိုလည်း အသုံးမပြုရဲကြောင်း ဦးဇော်အောင်က အခုလို ပြောသည်။ 

“ရေကာတာ အောက်ပိုင်းမှာ ကျနော်တို့ကနေတော့ ရေချိုးဖို့လည်း ကြောက်နေရတယ်။ တခါတလေ သူတို့က ရေကို ဝေါကနည်း ဖွင့်လိုက်တဲ့အခါ လူတွေ ပါသွားမှာ စိုးရတယ်။ ပြီးတော့ အဲဒီရေတွေက သန့်လည်း မသန့်ဘူးလေ။”

လောလောဆယ် မုံကာစွပ် ဒုက္ခသည်စခန်းတွင်း နေထိုင် စားသောက်ရေး ကိစ္စများအား ဒေသခံ ခရစ်ယာန် ဘာသာရေး အသင်းအဖွဲ့များမှ လာရောက်ကူညီပေးသော်လည်း လုံလောက်မှု မရှိသည့်အပြင် ကျန်းမာရေးနှင့် ပတ်သက်သည့် ဆေးဝါး ကူညီမှုများ လိုအပ်နေသည်ဟု သိရသည်။ 

KIA တပ်စခန်းများအား ထိုးစစ်ဆင် တိုက်ခိုက်နေမှုအား ရပ်တန့်ရန် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်မှကာကွယ်ရေး ဦးစီးချုပ်ထံ ယခုလ (၁၀) ရက်နေ့က အကြောင်းကြားထား သည်ဟု သိရသည်။

သို့သော် KIA တပ်ရင်း(၃) ဌာနချုပ် အခြေစိုက်စခန်း ပတ်ဝန်းကျင်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး ယခုအခါ အစိုးရတပ်များနှင့် ဒုက္ခသည် စခန်း နေ့တဝက် ခရီးပင် မဝေးတော့ကြောင်း ဦးဇော်အောင်က ပြောသည်။

အစိုးရနှင့် KIA တပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သည့် အချိန် (၆) လတာ အတွင်း မြို့ပေါ်ဒေသများနှင့် တရုတ်မြန်မာ နယ်စပ်ဒေသများသို့ ထွက်ပြေးရောက်ရှိလာသည့် ဒုက္ခသည်ပေါင်း လေးသောင်းခန့် ရှိပြီဟု ကူညီပေးသူများက ခန့်မှန်းပြောဆိုကြသည်။

Most read this week