ကချင်ပြည် တိုက်ပွဲဒေသအတွင်း စစ်ထရပ်ကား ရာချီပို့

ကချင်ပြည် တိုက်ပွဲဒေသအတွင်း စစ်ထရပ်ကား ရာချီပို့
by -
ဇော်ကြီး

အစိုးရတပ်နှင့် ကချင်ပြည်လွတ်မြောက်ရေး တပ်မတော် KIA တပ်ဖွဲ့တို့ တိုက်ပွဲဖြစ် ပွားနေသည့် ဒေသများသို့ ယခုရက်ပိုင်း အတွင်း ရာနှင့်ချီသည့် စစ်ထရပ်ကားများ ပို့ဆောင်နေသည်ဟု နယ်စပ် သတင်းများက ဆိုသည်။

ယမန်နေ့ည သန်းခေါင်အချိန်ခန့်က အစိုးရစစ်ထရပ်ကား အများအပြား မူဆယ်မြို့သို့ ရောက်ရှိ လာပြီး တိုက်ပွဲဖြစ်ပွားနေသည့် မန်ဝိန်းကြီးကျေးရွာဖက်သို့ မောင်းနင်သွားသည်ဟု မူဆယ် မြို့ခံ တဦးက အခုလို ပြောသည်။

“ကိုးနာရီ ဆယ်နာရီလောက်ဆို ကျနော်တို့က အိပ်ပြီလေ။ ကားက ည တစ်နာရီလောက်မှ ရောက်လာတာ။ ဘယ်နှစ်စီးမှန်းတော့ မသိလိုက်ဖူး။ စစ်ကားကတော့ အများကြီးဘဲ မန်ဝိန်း ဖက်ကို ဆင်းသွားတာ။ အခုလည်း ကချင်ပြည်ထဲမှာ တိုက်ပွဲ ဖြစ်နေတယ်။ ဘယ်နေရာလည်း ဆိုတာတော့ မသိသေးဘူး။”

ယင်းကိစ္စ ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်ဒေသ အခြေစိုက် KIA တပ်မဟာ(၄)မှ အမည်မဖော် လိုသည့် အရာရှိတဦးက လားရှိုးမှ အစိုးရစစ်ထရပ်ကားများ မူဆယ်ဖက်သို့ တက်လာသည်ဟု သတင်းရကြောင်း အခုလို ပြောသည်။

“အတိအကျ မဟုတ်ပေမယ့်လို့ ကြားနေရတာက မနေ့က တက်လာတာ အစီး (၅၀) ကျော်တယ်။ ဒီနေ့လည်း အစီး (၁၀၀) ကျော် ထပ်တက်လာတယ်လို့ ကြားတယ်ဗျ။ တပ်ဖွဲ့ဝင် အင်အား တစ်ထောင် ကျော်လောက် ရှိနိုင်တယ်လို့ ခန့်မှန်းရတယ်။”

ထို့အပြင် ယမန်နေ့က လားရှိုးမှ တက်လာသည့် စစ်ထရပ်ကား အစီး(၅၀) ခန့် “၀” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA တပ်ဖွဲ့နှင့် နယ်မြေချင်းထိစပ်နေသည့် ယခင် ကိုးကန့်တပ်ဖွဲ့များ အခြေစိုက်ရာ ကွန်လုံ ဒေသဘက်သို့ ထွက်ခွာသွား သည်ဟုလည်း ဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ယမန်နေ့က အစိုးရ၏ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် စကခ(၁၀) လက်အောက်ခံ တပ်ရင်း (၈)ရင်း လားရှိုးမြို့သို့ ရောက်ရှိလာသည်ဟု KIO ပြောခွင့်ရ ပုဂ္ဂိုလ် ဦးလနန်က အတည်ပြု ပြောဆိုသည်။

တချိန်တည်းတွင် မိုးမောက်မြို့နယ်အတွင်းရှိ KIA တပ်ရင်း (၁၅) ထိန်းချုပ် ဒေသအတွင်းနှင့် ဆဒုံးမြို့နယ်အတွင်းရှိ တပ်ရင်း(၃) ဒေသများတွင် အစိုးရက ထိုးစစ်ကြီး ဆင်နွဲနေသည့် အတွက် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်ဟု ဆက်ပြောသည်။

ထို့အပြင် ဒီဇင်ဘာလ ပထမအပတ်အတွင်း တိုက်ပွဲပေါင်း အကြိမ် (၆၀) ကျော် ဖြစ်ပွားခဲ့ပြီးအစိုးရ တပ်ဖွဲ့ဘက်မှ ထိခိုက်ကျဆုံးသူ များပြားသည်ဟု လည်းဆိုသည်။ 

“တပ်ရင်း (၁၅) မှာ တိုက်ပွဲ ကြီးကြီးမားမား ဖြစ်တယ်။ နောက်ပြီးတော့ မိုးမောက်အထက် လော့ဒန် အောက်မှာလည်း ရာနဲ့ချီပြီးတော့ ထိခိုက်ဒဏ်ရာရတာတွေ ရှိတယ်။ တပ်ရင်း(၃) ဖက်မှာလည်း ဆွတ်ပေါင်၊ ဂါးရားယန် တိုက်ပွဲတွေ ကန်ပိုက်တီ လမ်းကြောင်းမှာ သူတို့က ကျဆုံးတာ ရာနဲ့ ချီပြီးတော့ ရှိသွားတယ်။ ဒါကြောင့်မို့ သူတို့ မကျေနပ်ချက်ကြောင့်ပဲ အဲဒီတပ်ရင်းကို သဲကြီးမဲကြီး ချေမှုန်းတဲ့ သဘောပါဘဲ။”

ဒေသတွင်း အပစ်အခတ်ရပ်စဲရေးအတွက် အစိုးရနှင့် KIO အဖွဲ့ နှစ်ဖက်ကိုယ်စားလှယ်များ နို၀င်ဘာလ (၂၉) ရက်နေ့က တရုတ်မြန်မာနယ်စပ် ရွှေလီမြို့တွင် တွေ့ဆုံခဲ့ကြသော်လည်း တစုံတရာ သဘောတူညီမှု မရသေးပါ။

ယင်းကိစ္စနှင့် ပတ်သက်၍ အစိုးရအဖွဲ့အနေဖြင့် အပစ်အခတ် ရပ်စဲရေးကို ပြုလုပ်လိုသည့် ဆန္ဒရှိသော် လည်း စစ်တပ်အပေါ် တစုံတရာ အမိန့်ပေးနိုင်သည့် အနေအထား မရှိသေးကြောင်း ဦးလနန်က သုံးသပ်ပြောဆိုသည်။ 

“အစိုးရဝန်ကြီး အဖွဲ့တွေကလည်း ကြည့်ရတာ စစ်တပ်အပေါ်မှာ ဘယ်လိုမှ အမိန့်ပေးနိုင်မှု စွမ်းအားတော့ မရှိဘူးလို့ သုံးသပ်လို့ ရတယ်ခင်ဗျ။ ဒါကြောင့်မို့ တဖက်မှာ တွေ့ဆုံဆွေးနွေးဖို့ လုပ်နေပေမယ့် တဖက်မှာ စစ်တပ်က ထိုးစစ်ကို အရှိန်ပို မြှင့်ပြီးတော့ လုပ်နေကြတယ်။”

KIA သည် စစ်အစိုးရနှင့် (၁၇)နှစ်ကြာ အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့ပြီး လွန်ခဲ့သည့် ဇွန်လ (၉) ရက်နေ့က တာပိန်ရေအား လျပ်စစ်စက်ရုံ လုံခြံုရေး အကြောင်းပြချက်ဖြင့် နှစ်ဖက်တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာခဲ့ပြီး ယနေ့ (၆) လ ပြည့်ပြီ ဖြစ်သည်။

အချိန်(၆)ကြာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် မြစ်ကြီးနား၊ ၀ုိင်းမော်နှင့် ဗန်းမော်မြို့တို့အပြင် တရုတ်မြန်မာ နယ်စပ်သို့ ထွက်ပြေးရောက်ရှိလာသည့် စစ်ပြေးဒုက္ခသည်ပေါင်း သုံးသောင်းကျော် ရှိပြီဟု ဒုက္ခသည် ကူညီပေးရေး အဖွဲ့များက ခန့်မှန်းပြောဆိုသည်။

Most read this week