KIA တပ်ရင်း (၃) ဒေသမှ ဒုက္ခသည် သုံးထောင်ခန့် နယ်စပ်သို့ ရောက်ရှိ

KIA တပ်ရင်း (၃) ဒေသမှ ဒုက္ခသည် သုံးထောင်ခန့် နယ်စပ်သို့ ရောက်ရှိ
by -
သတင်းနှင့်မီဒီယာကွန်ယက်

ကချင်ပြည် လွတ်မြောက်ရေး တပ်မတော် KIA နှင့် အစိုးရတပ်ဖွဲ့တို့ ယခု ရက်ပိုင်းအတွင်း တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေပြီး KIA တပ်ရင်း(၃) ထိန်း ချုပ်ဒေသမှ ဒုက္ခသည် (၃၀၀၀) ခန့် တရုတ်မြန်မာ နယ်စပ်သို့ ရောက်ရှိလာသည်။

nmg-kia-03
အစိုးရ၏ တပ်မ(၈၈) လက်အောက်ခံ တပ်ရင်းများက ဆဒုံးမြို့နယ်အတွင်းရှိ KIA တပ်ရင်း(၃) ဌာနချုပ် အခြေစိုက်ရာသို့ ယခုလ (၂) ရက်နေ့မှ စတင်၍ ထိုးစစ်ဆင် တိုက်ခိုက်နေပြီး ဒေသခံများ မိသားစုအလိုက် ထွက်ပြေးရောက်ရှိ လာကြသည်ဟု ဒုက္ခသည်များအား ကူညီပေးနေသူ တဦးက ပြောသည်။

“အားလုံးပေါင်း အိမ်ခြေ (၄၀၀) ကျော်မှာ စုစုပေါင်းလူဦးရေ (၃၀၀၀) ကျော်လောက်ရှိပြီ။ အခုလည်း ဆက်ပြီး ရောက်လာနေကြတယ်။ နေ့တိုင်းပဲ တဖြည်းဖြည်းနဲ့ ရောက်နေတယ်။”

ဆဒုံးမြို့နယ် အတွင်းရှိ ဂါးရားယန်၊ အောင်ဂျာ၊ စံပိုင်၊ ဆွတ်ခေါင်၊ ဆမာခူး၊ အင်လွန်ခူး၊ မလိ၊ မကောက် စသည့် ကျေးရွာများမှ ရောက်ရှိလာခြင်းဖြစ်ပြီး လောလောဆယ်တွင် တရုတ်မြန်မာ နယ်စပ်ရှိ မုံကာစွပ် ကျေးရွာ၌ ဒုက္ခသည် စခန်း ဖွင့်လှစ်ထားသည်။

ရောက်ရှိလာသူများအနက် ကျန်းမာရေး ချို့တဲ့နေပြီး ကူးစက်ရောဂါများလည်း ဖြစ်ပွား နေသည်ဟု “များသောအားဖြင့် သွေးဝမ်းသွားတယ်၊ ချောင်းဆိုးတယ်၊ ရင်ကျပ်တယ် ငှက်ဖျား ရောဂါတွေ ဖြစ်ကြတယ်။ သွေးဝမ်းသွားတာက ဘားတိုက်တခုမှာ တယောက်ဖြစ်ပြီ ဆိုလို့ရှိရင် တတဲလုံး ဖြစ်လာတဲ့ အခြေအနေ မှာရှိတယ်။ ဒါကို ကျနော်တို့ မကုနိုင်ဘူး ဆိုလို့ ရှိရင်တော့ နည်းနည်း စိုးရိမ် စရာတော့ ရှိတာပေ့ါ။ ဖြစ်တာနဲ့ တပြိုင်တည်း သွေးဝမ်းက ပါလာတယ်။ သွေးဝမ်းသွားတာနဲ့ တခါတည်း အံလာတယ်။” ဟုကူညီပေးနေ သူက ဆက်ပြောသည်။

လောလောဆယ်တွင် ဒုက္ခသည်များ၏ စားဝတ်နေရေး ကိစ္စများအား ဒေသခံ ခရစ်ယာန် ဘာသာရေး အသင်းအဖွဲ့များက ကူညီပေးနေပြီး ရေရှည်တွင် အခက်အခဲ ဖြစ်လာနိုင်သည်ဟု ၎င်းက ဆက်ပြောသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ တပ်ရင်း(၃) ဒေသခံ တပ်မှူးတဦးက လောလောဆယ် နှစ်ဖက် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပြီး KIA တပ်ရင်း(၃) ဌာနချုပ်ကို ဦးတည် တိုက်ခိုက်နေခြင်း ဖြစ်သည်ဟု ပြောသည်။

“တိုက်ပွဲဖြစ်တာတော့ ငါးရက်ရှိပြီ။ သူတို့က ဌာနချုပ်ကို ရောက်အောင် လာတိုက်နေတဲ့သဘော ဖြစ်နေတယ်။ စစ်ကြောင်း သုံးကြောင်းနဲ့ ၀ုိင်းတိုက်နေတယ်။ အဝေးကနေ လက်နက်ကြီးနဲ့ လှမ်းပစ်တယ်။ ခြေလျင်တပ်တွေကလည်း အနီးကပ် တက်ထိုးလာတာ ရှိတယ်။”

ဒေသတွင်း အပစ်အခတ် ရပ်စဲရေးအတွက် အစိုးရနှင့် KIO အဖွဲ့ နှစ်ဖက်ကိုယ်စားလှယ်များ နို၀င်ဘာလ (၂၉) ရက်နေ့က တရုတ်မြန်မာနယ်စပ် ရွှေလီမြို့တွင် တွေ့ဆုံဆွေးနွေး ခဲ့ကြသော် လည်း တစုံတရာ သဘောတူညီမှု မရသေးသလို တချိန်တည်းတွင် ဒေသတွင်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွား နေသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ကောင်းမွန်သည့် အဖြေတခုရသည်အထိ ဆွေးနွေးကြစေလိုသည်ဟု တရုတ်မြန်မာ နယ်စပ် စစ်ပြေးဒုက္ခသည်များအား ကူညီပေးနေသူ တဦးက အကြံပြုပြောဆိုသည်။

“ဒီထက်ပိုပြီးတော့ သဘောတူညီချက် မရကြဘူးဆိုရင်တော့ ပြည်သူတွေက ဒီ့ထက်ပိုပြီးတော့ ဒုက္ခ ရောက်ကြမယ်။ ကိုယ့်အိမ် ကိုယ့်ရွာကိုလည်း ပြန်လို့မရ၊ ပြန်တဲ့သူတွေလည်း အသတ်ခံရတာ၊ အဖမ်းခံ ရတာတွေ ဖြစ်နေတယ်။ ဒီလို ဒုက္ခတွေကို ပြည်သူတွေက ပိုပြီး ခံစားရတော့မယ်။ ဆိုတော့ နှစ်ဖက် စလုံးက ရေရှည်အတွက် ကောင်းမွန်မယ့်အဖြေလေးရအောင် သေခြာဆွေးနွေး ရင်တော့ ကောင်းမယ်လို့အကြံပြု ချင်တယ်။”

အစိုးရနှင့် KIA တို့ အချိန်ခြောက်လခန့် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် မြစ်ကြီးနား၊ ၀ိုင်းမော် နှင့် ဗန်းမော် မြို့ပေါ်ဒေသများ အပါအဝင် တရုတ်မြန်မာ နယ်စပ်ဒေသတလျှောက် ထွက်ပြေး ရောက်ရှိလာသည့် ဒုက္ခသည် သုံးသောင်းခန့် ရှိသည်ဟု ကူညီပေးသူများက ပြောသည်။

Most read this week