ပထမဆုံးအကြိမ် စာပေဟောပြောပွဲ မဲဆောက်တွင် ကျင်းပ

ပထမဆုံးအကြိမ် စာပေဟောပြောပွဲ မဲဆောက်တွင် ကျင်းပ
by -
အားမီ

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ရှိ တောရ မြန်မာ ဘုန်းကြီးကျောင်းတွင် မြန်မာနိုင်ငံမှ နာမည်ကျော် စာရေးဆရာများ လာရောက်သည့် စာပေဟောပြောပွဲတခုကို ပထမဆုံးအကြိမ်ကျင်း ပခဲ့သည်။

nmg-lc
လက်ရှိမြန်မာနိုင်ငံအတွင်း ဖြစ်ပျက်နေသော အခြေအနေများ၊ မြန်မာ့စာပေ အရေးအသားများကို စာရေးဆရာ ချစ်ဦးညို၊ မောင်စိန်ဝင်း(ပုတီးကုန်း)နှင့် နုနုရည်(အင်းဝ)တို့မှ ယမန်နေ့ညနေပိုင်းက သုတနှင့်ရသ ရောနှော ဟောပြောခဲ့ကြသည်ဟု မဲဆောက်မှ စာရေးဆရာသန်းဝင်းလှိုင်က ပြောသည်။

ထိုစာပေဟောပြောပွဲကို မိတ်ဆွေဟောင်း စာကြည့်တိုက်မှ ဆရာတော် ဣိသာရိယက ဦးဆောင်၍ ဒီဇင်ဘာလ ၄ ရက်နေ့ ညနေ ၄ နာရီခွဲမှ ည ၉ နာရီအထိ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ဟောပြောပွဲ ပြုလုပ်ရသည့် ရည်ရွယ်ချင်နှင့် ပတ်သက်၍ စာရေးဆရာသန်းဝင်းလှိုင်က ယခုလို ပြောသည်။

“မဲဆောက်မှာရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ၊ ရွှေ့ပြောင်းကျောင်းတွေရှိတယ်။ စာပေ၊ ဗဟုသုတ မြတ်နိုးသူတွေရှိတယ်။ အလုပ်သမားတွေဆိုရင် အလုပ်ပဲလုပ်နေတယ်။ အချိန်မရှိဘူးပေါ့ဗျာ။ စာပေနဲ့ ဝေးနေတယ်။ ကျောင်းသားတွေဆိုရင်လည်း လိုချင်တဲ့စာအုပ်တွေကို ဝယ်နိုင်တဲ့ငွေကြေးပမာဏ ဆိုတာကလည်းမရှိကြဘူး။ အဓိကကတော့ စာမဖတ်သူ ပပျောက်ရေးဆိုတဲ့ ရည်ရွယ်ချက်ပေါ့နော်။”

စာပေဟောပြောပွဲသို့ မဲဆောက်ရှိ ရွှေ့ပြောင်း မြန်မာအလုပ်သမားများ စာပေသင်ကြားနေသည့် SAW ကျောင်း၊ မင်းမဟော်ကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသူကျောင်းသားများ အပါအဝင် မြန်မာရွှေ့ပြောင်း အလုပ်သမားများနှင့် ထိုင်းနိုင်ငံရောက် စာပေဝါသနာရှင်များ စုစုပေါင်း လူဦးရေ ၈၀၀ နီးပါး တက်ရောက် အားပေးခဲ့သည်ဟုသိရသည်။

စာပေဟောပြောပွဲသို့ တက်ရောက်ခဲ့သည့် မဲဆောက်မြို့မှ မြန်မာရွှေ့ပြောင်း အလုပ်သမား တစ်ဦးက ဆရာချစ်ဦးညို ဟောပြောချက်များအနက် မိမိရင်ထဲတွင်စွဲကျန်ခဲ့သည့် အချက်နှင့် ပတ်သက်၍ ယခုလို ပြန်ပြောပြသည်။

“ကျနော်က ကဗျာရှုး၊ စာရှုး၊ သီချင်းရှုးတဲ့ ဒါပေမယ့် အာဏာရှုးထဲမှာတော့ ကျနော်မပါဘူးတဲ့။ နောက်ပြီး တော့ ကြီးကျယ်တယ်ဆိုတာကို အဓိပ္ပာယ်ဖွင့်ဆိုရင် အရမ်းကောင်းတယ်တဲ့။ ဉာဏ်ကြီးပြီးတော့ အမြင်တွေ ကျယ်တယ်တဲ့။ ဒါဆိုအရမ်းကောင်းတယ်။ ဒါပေမယ့် လောဘ ကြီးပြီးတော့ ဟိုဟာ ကျယ်တဲ့ကောင် ဆိုရင်တော့ တော်တော် ရွံဖို့ကောင်းတယ်တဲ့။ ဆိုပြီး ပြောသွားတာလေးတွေ ကျနော် အရမ်းသဘော ကျတယ်။”

ထိုစာပေဟောပြောပွဲတွင် ပထမဆုံးအနေဖြင့် မောင်စိန်ဝင်း(ပုတီးကုန်း)က မြန်မာနိုင်ငံရှိ လက်ရှိ အခြေအနေများကို ဟောပြောခဲ့သလို နုနုရည်(အင်းဝ)ကလည်း ကျမဖတ်တဲ့စာ၊ ကျမရေးတဲ့စာ ဆိုသည့်ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။

အလားတူ ဆရာချစ်ဦးညိုက မြန်မာနိုင်ငံသားများ စည်းကမ်းမဲ့ ဖြစ်နေသည်များကို သီချင်းဖြင့်စပ်ဆို ဟောပြောသွားကြောင်း တက်ရောက်အားပေးသူများလည်း အလွန်အားရနှစ်သက်ကြကြောင်းအဆိုပါ ရွှေ့ပြောင်းအလုပ်သမားက ပြောသည်။

Most read this week