ကချင် စစ်ဘေး ဒုက္ခသည်များအား ကျပ်သိန်း (၄၀၀) ကျော် လှူဒါန်း

ကချင် စစ်ဘေး ဒုက္ခသည်များအား ကျပ်သိန်း (၄၀၀) ကျော် လှူဒါန်း
by -
သတင်းနှင့်မီဒီယာကွန်ယက်

ရန်ကုန်နှင့် မန္တလေး မြို့များရှိ ပရဟိတ လုပ်ငန်း ဆောင်ရွက်နေသူများက ကချင်ပြည်နယ်အတွင်း  တိုက်ပွဲများကြောင့် ထွက်ပြေးလာသူများ အား ကျပ်သိန်း (၄၀၀) ကျော် လှူဒါန်း မည်ဟု စေတနာရှင်များက ပြောသည်။

nmg-kachin-do

ရန်ကုန်မြို့ နာရေးကူညီမှု အသင်းနှင့် မန္တလေးမြို့မှ ဘဝအလင်းပရဟိတ အဖွဲ့အပြင် (၈၈) မျိုးဆက် ကျောင်းသားအဖွဲ့တို့စုပေါင်း၍ မြစ်ကြီးနားနှင့် ၀ုိင်းမော် မြို့တွင် ရောက်ရှိနေသည့် စစ်ပြေး ဒုက္ခသည် များအား ယနေ့မှ စ၍ လှူဒါန်းနေပြီး စုစုပေါင်း မြန်မာငွေ ကျပ်သိန်း (၄၀၀) ကျော် လှူဒါန်းမည်ဟု အဖွဲ့ဝင်တဦးဖြစ်သူ စိုင်းရဲကျော်စွာမြင့်က ပြောသည်။

“စုစုပေါင်း နာရေးကူညီမှု အသင်းက မတည်တာက သိန်း (၃၂၀) ဘဝအလင်း ပရဟိတ အသင်းနဲ့ ကျောင်းသားတွေက (၈၈) သိန်း။ ဘဝအလင်းကတော့ သိန်း နှစ်ဆယ် သုံးဆယ်ဖိုးလောက်ကို သူတို့ စောင်တွေဘာတွေ ၀ယ်ထားတာ ရှိသေးတယ်။ ကလေးတွေအတွက် စာအုပ်တွေရယ်၊ စားစရာ လေးတွေရယ် ပါတယ်။”

မြစ်ကြီးနားနှင့် ၀ုိင်းမော် မြို့တို့မှ မြန်မာ ဘုန်းတော်ကြီး ကျောင်းများနှင့် ခရစ်ယာန် ဘုရားရှိခိုးကျောင်းများ တွင် ဖွင့်လှစ်ထားသည့် ယာယီဒုက္ခသည် စခန်းပေါင်း (၃၄) ခုမှ လူဦးရေ (၇၀၀၀) ခန့်အား တဦးလျင် ကျပ်ငွေ (၃၅၀၀) နှုန်းဖြင့် လှူဒါန်းပေးခြင်း ဖြစ်သည်။

သွားရောက်လှူဒါန်းရသည့် ရည်ရွယ်ချက်နှင့် ပတ်သက်၍ “ပထမတချက်ကတော့ စစ်ဘေးဒဏ် သင့်တဲ့ သူတွေ၊ တိုင်းရင်းသားတွေ ဒုက္ခရောက်နေတဲ့အတွက် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေး ချင်တယ်။ နောက်တချက်ကတော့ ဒီလို စစ်ဘေးဒဏ်သင့်နေတဲ့ တိုင်းရင်းသားတွေကို ကျနော်တို့ ပြည်တွင်းမှာရှိတဲ့ မြန်မာနိုင်ငံသားတွေကလည်း ကိုယ်ချင်းစာတယ်။ ဒီအတွက် စိတ်မကောင်း ဖြစ်တယ်။ သူတို့ကို အားပေးချင်တယ်။ နှစ်သိမ့်ချင်တယ်။” ဟု စိုင်းရဲကျော်စွာမြင့်က ပြောသည်။

ထို့အပြင် ဘဝအလင်း ပရဟိတ အဖွဲ့မှ ကျန်းမာရေးဝန်ထမ်းများနှင့် ဒေသခံ ဆရာဝန်များ ပူးပေါင်း၍ ဒုက္ခသည်များ၏ ကျန်းမာရေး ကိုလည်း စစ်ဆေးပေးနေပြီး ဆေးဝါးကုသမှု ပြုလုပ်ပေး သည်ဟု သိရသည်။

လှူဒါန်းငွေ ကျပ်သိန်း(၄၀၀) ကျော်အနက် မြစ်ကြီးနားနှင့် ၀ုိင်းမော်မြို့များရှိ ဒုက္ခသည်များအား လှူဒါန်းပြီး ပိုလျှံသည့်ငွေများကို ဗန်းမော်မြို့ရှိ ဒုက္ခသည်များထံ လှူဒါန်းမည်ဟု စိုင်းရဲကျော်စွာမြင့် က ပြောသည်။ 

“ကျနော်တို့ စဉ်းစားနေတာက မြစ်ကြီးနားနဲ့ ၀ုိင်းမော်ကို တယောက်ကို (၃၅၀၀) နှုန်းနဲ့ လှူမယ်။ ပိုလျှံတဲ့ ငွေကို ဗန်းမော်ဖက်ကို လှူမယ်လို့တော့ စိတ်ကူးထားတယ်။ သွားရေးလာရေးလည်း ခက်တော့ ပထမဦးဆုံး ဒီကနေ အဲဒီကို ရောက်နိုင်တဲ့ သူတွေကနေတဆင့် လှူလိုက်ချင်တယ်။”

တာလောကြီးကျေးရွာမှ ထွက်ပြေးလာသည့် ဒုက္ခသည်တဦးက “တိုက်ပွဲဖြစ်မှ ကမန်းကတန်း ကောက်ပြေး လာရတော့ လိုတာတွေတော့ အများကြီးပေ့ါ။ စောင်တွေ ခြင်ထောင်တွေ အဓိက လိုအပ်တာပေ့ါ။ စားသောက်စရာတွေတော့ နီးစပ်ရာတွေက လာပေးကမ်းကြတော့ လောလော ဆယ် ပြေလည်တယ်လို့ ဆိုပေမယ့် ရေရှည်မှာကြတော့ ခက်လာနိုင်တယ်လေ။” ဟု ပြောသည်။

စေတနာရှင်များ အဖွဲ့သည် ယမန်နေ့ညနေက မြစ်ကြီးနားသို့ ရောက်ရှိလာပြီး ယနေ့ နေ့လည် ပိုင်းမှ စတင် လှူဒါန်းခြင်းကြောင့် နောက်ထပ် နှစ်ရက်ခန့် အတွင်း လုပ်ငန်း ပြီးစီးနိုင်လိမ့်မည်ဟု ခန့်မှန်းကြောင်း စိုင်းရဲကျော်စွာမြင့်က ပြောသည်။

ဒေသတွင်း အပစ်အခတ် ရပ်စဲရေးအတွက် အစိုးရနှင့် ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ (KIO) တို့ နို၀င်ဘာလ (၂၉) ရက်နေ့က တရုတ်မြန်မာ နယ်စပ် ရွှေလီမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သော်လည်း တစုံတရာ တိကျသည့် အဖြေ မရရှိသေးသလို တိုက်ပွဲများလည်း ဆက်လက် ဖြစ်ပွားနေသည်။

အချိန်ခြောက်လခန့် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် မြစ်ကြီးနား၊ ၀ုိင်းမော်၊ ဗန်းမော်မြို့များနှင့် တရုတ်မြန်မာ နယ်စပ်ဒေသများသို့ ထွက်ပြေးလာသည့် ဒုက္ခသည်ပေါင်း သုံးသောင်းခန့် ရှိသည်ဟု ဒုက္ခသည် ကူညီပေးနေသည့် အဖွဲ့များက ခန့်မှန်းပြောဆိုသည်။

Most read this week