နမ့်ခမ်းမြို့ ပေါက်ကွဲမှု (၁၃) နှစ်အရွယ် ကျောင်းသူတဦး ဒဏ်ရာရ

နမ့်ခမ်းမြို့ ပေါက်ကွဲမှု (၁၃) နှစ်အရွယ် ကျောင်းသူတဦး ဒဏ်ရာရ
by -
ဇော်ကြီး

ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် နောင်ကွမ် ကျေးရွာအနီး ယနေ့နံနက် ရှစ်နာရီခွဲ အချိန်ခန့်က ပေါက်ကွဲမှု တခုဖြစ်ပွားခဲ့ပြီး ကျောင်းတက်ရန် လာသည့် အသက် (၁၃)နှစ်အရွယ်ကျောင်းသူ တဦး ဒဏ်ရာရ ရခဲ့သည်။

နောင်ကွမ်ကျေးရွာမှ ကျောင်းသူ ကျောင်းသားများ ကျေးရွာအတွင်းမှ ထွက်လာစဉ် တချိန်တည်း၌ နမ့်ခမ်းမြို့ဘက်မှ အစိုးရစစ်ထရပ်ကား (၂၇) စီး ကျေးရွာအတွင်း ၀င်ရောက်ခဲ့ချိန်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ဟု ဒေသခံ တဦးက အခုလို ပြောသည်။

“ကလေးတွေက ကျောင်းသွားဖို့ ရွာထဲကနေ ထွက်လာတာ။ သူ့အုပ်စုနဲ့သူပေ့ါ။ အဲဒီမှာ လေးငါးဖွဲ့ လောက်ရှိတယ်။ ရွာကထွက်ပြီး တစ်ဖာလုံလောက်ပဲ ရောက်သေးတယ်။ စစ်ကားတွေကလည်း ရောက်လာတာပေ့ါ။ အရင်သွားတဲ့ကားက ရွာထိပ်နားရောက်တော့ သေနတ် သုံးချက် ဖောက်လိုက်တယ်။ သေနတ်သံကြားပြီးတော့ မိုင်းက ကွဲသွားတာ။”

ပေါက်ကွဲသံကြားရပြီးနောက် အစိုးရတပ်သားများ ကားပေါ်မှ ခုန်ဆင်းလာပြီး ပတ်ဝန်းကျင်တဝိုက် သို့ ပစ်ခတ်ခဲ့ရာမှ အသက်(၁၃)နှစ်အရွယ် ပဥ္စမတန်းကျောင်းသူ မနန်းစိန်ခမ်းကို ထိမှန်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။ 

“အဲဒီအချိန်မှာပဲ စစ်တပ်ကနေ ကျောင်းသွားနေတဲ့ ကလေးတွေရှိတဲ့ဖက်ကို သေနတ်နဲ့ ပစ်ထည့်လိုက် တော့ ကလေးရဲ့ ရင်ဘတ်မှာ ထိပြီး လဲသွားတယ်။ ကူတဲ့သူလည်း မရှိဘူးလေ။ ကျန်တဲ့ကလေးတွေ လည်း ကြောက်လန့်ပြီးတော့ တခါတည်း ထွက်ပြေးသွားကြတယ်။”

စိုင်းကျော်တင်၊ နန်းမြတို့၏ သမီးဖြစ်သူ နန်းစိန်ခမ်းသည် နမ့်ခမ်းမြို့ အခြေခံပညာ အထက်တန်း ကျောင်း အထက(၁) တွင် ပညာသင်ကြားနေပြီး ရရှိသည့် ဒဏ်ရာဖြင့် နမ့်ခမ်း မြို့နယ် ဆေးရုံတွင် ကုသမှု ခံယူနေရသည်။

ယင်းကိစ္စ မှန်ကန်ကြောင်း နမ့်ခမ်းဆေးရုံမှ ဆေးဝန်ထမ်း တဦးက “ဒဏ်ရာရပြီး ရောက်လာတဲ့ ကလေး တယောက်တော့ ရှိတယ်။ အခု နမ့်ခမ်းဆေးရုံမှာပဲ ရှိပါတယ်။” ဟု အတည်ပြု ပြောဆို ခဲ့သော်လည်း အသေးစိတ် အချက်အလက်များကို ဖြေကြားရန် ငြင်းဆိုခဲ့သည်။

ထို့အပြင် ပေါက်ကွဲမှု ဖြစ်ပွားစဉ် လယ်ကွင်းအတွင်း အလုပ်လုပ်နေသူ စိုင်းစံညွှန့် ဆိုသူအားအစိုးရ တပ်သားများက သေနတ်ဖြင့်ပစ်ခတ်ခဲ့ပြီး ဖမ်းဆီး စစ်ဆေးခဲ့သည်ဟု ဒေသခံက ဆက်လက် ပြောဆိုသည်။

“စိုင်းစံညွှန့်က လယ်ထဲမှာ ကောက်ရိုးသွားယူနေတာ မိုင်းကွဲတဲ့အချိန်မှာ ကြောက်ပြီးပြေးတော့ စစ်တပ်က ပစ်တာပေ့ါ။ အဲဒါနဲ့သူက ထော်လာဂျီနားမှာ သွားပုန်းနေတာ။ ထော်လာဂျီခေါင်းလည်းသေနတ်မှန်ထား တာ အပေါက်တွေ ဖြစ်သွားကုန်တယ်။ နောက်မှ စစ်တပ်က သူ့ကို ဖမ်းခေါ် လာပြီးတော့ စစ်တယ်။ သေနတ်ဒင်နဲ့လည်း ထုတယ်။ ရိုက်နက်ပြီးစစ်တာ သူလည်း ဒဏ်ရာရ သွားတယ်။”

ယမန်နေ့က မန္တလေးဖက်မှ တက်လာသည့် စစ်ထရပ်ကား (၄၈) စီးအား နမ့်ခမ်းမြို့ အထက(၁) ကျောင်းဝင်းအတွင်း တညအိပ် ရပ်နားခဲ့ပြီး (၂၇) စီးမှာ ယနေ့ နံနက်က မန်ဝိန်းကြီး ကျေးရွာ ဘက်သို့ ထွက်ခွာလာရာ နောင်ကွမ် ကျေးရွာအနီးတွင် ပေါက်ကွဲမှု ဖြစ်ပွားခြင်း ဖြစ်သည်။

လွန်ခဲ့သည့် နို၀င်ဘာလ (၁၀) ရက်နေ့ကလည်း နမ့်ခမ်းမြို့နယ် ရဲစခန်း အနီးတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ဒုရဲအုပ်တဦး သေဆုံးခဲ့ပြီး အမျိုးသမီး နှစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင်တဦး ဒဏ်ရာ ပြင်းစွာ ရခဲ့သည်။

Most read this week