ရွှေပြည်သာ ဆရာတော် တရားဟောခွင့် ပိတ်ပင်ခံရ

ရွှေပြည်သာ ဆရာတော် တရားဟောခွင့် ပိတ်ပင်ခံရ
by -
သတင်းနှင့်မီဒီယာကွန်ရက်

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်မှ မေတ္တာရှင် ရွှေပြည် သာ ဆရာတော် ဦးဇဝနအား ရှမ်းပြည် နယ် ပြည်နယ် သာသနာရေး ဦးစီးဌာနတာဝန်ရှိ သူများက တရားဟောခွင့် တနှစ် ပိတ်ပင်လိုက် သည်။

ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့တွင် “အမျိုးဘာသာ သာသနာ ကိုယ်သာ စောင့်ရှောက်ရာ” အမည်ဖြင့် နို၀င်ဘာလ (၂၀) ရက်နေ့မှ ဒီဇင်ဘာလ (၁) ရက်နေ့အထိ တရားပွဲ ကျင်းပနေပြီး နို၀င်ဘာလ (၂၂) ရက် နေ့ညတွင် ဆရာတော် ဦးဇဝန ဟောကြားရန်အလှည့် ဖြစ်သော်လည်း ဟောခွင့် မပေးခဲ့ဟု တာချီလိတ်မြို့ခံ တဦးက ပြောသည်။

“တရား မဟောရဘူး။ တနှစ်တိတိ ပိတ်တယ်လို့ ပြောတယ်။ ဆရာတော်ကတော့ ပြောသွား ပါတယ်။ ဒီနှစ်မဟောရလည်း နောက်နှစ်ပေ့ါတဲ့။ အဲဒါနဲ့ နေ့လည် နှစ်နာရီ လောက်မှာ ရန်ကုန်ကို လေယာဉ်နဲ့ ပြန်တက် သွားတယ်။”

ဆရာတော် ဦးဇဝန ကျန်းမာရေး မကောင်းသည့်အတွက် တရားမဟောနိုင်ကြောင်း အာဏာပိုင် များက ပြောဆိုခဲ့သည်။ သို့သော် ဆရာတော်မှာ ကျန်းမာရေး ကောင်းမွန်ပြီး နေ့လည် (၁) နာရီ အချိန်ခန့်တွင် တာချီလိတ်မြို့ ဗယ်လင်တိုင်း လက်ဖက်ရည်ဆိုင်၌ လာရောက် ဖူးမျော်သည့် ပရိတ်သတ် (၂၀၀) ကျော်အား တရားတိုလေး ဟောကြားပေးခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

တာချီလိတ်မြို့သို့ မလာမီ နို၀င်ဘာလ(၂၀)နှင့် (၂၁) ရက်နေ့များက ကျိုင်းတုံမြို့တွင် တရား ဟောခဲ့ရာ နိုင်ငံရေးနှင့် ညှိစွန်းသည့် အကြောင်းအရာ တခုခုကို ထည့်သွင်းဟောမိသဖြင့် ယခုကဲ့သို့ ပိတ်ပင် ခံရခြင်း ဖြစ်နိုင်သည်ဟု တာချီလိတ် မြို့ခံများက ထင်ကြေးပေး ပြောဆိုနေ ကြသော်လည်း ဆရာတော် ဦးဇဝန က တစုံတရာ မိန့်ကြားခဲ့ခြင်း မရှိပါ။

ယင်းကိစ္စနှင့် ပတ်သက်၍ သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာ ရဟန်းတော်များအဖွဲ့မဲဆောက်ရုံး တာဝန်ခံ ဆရာတော် ဦးဇဝနက အစိုးရသစ် အနေဖြင့် နိုင်ငံတကာမျက်နှာစာတွင် လွတ်လပ်ခွင့်များ ပေး နေပြီဟု ဆိုသော်လည်း လက်တွေ့မှာ လွတ်လပ်မှု မရှိသေးကြောင်း ပြသခြင်းဖြစ်သည်ဟုမိန့်ကြား သည်။

“မေတ္တာရှင် ဦးဇဝနတို့  ဒယ်အိုးဆရာတော်တို့ဆိုရင် တကယ့် ပရဟိတလုပ်ငန်းတွေ၊ အကျိုးပြု လုပ်ငန်း တွေကို လုပ်နေတာ။ ဒီလို ဆရာတော်တွေကို အားပေး အားမြောက် ပြုရမယ့် ကိစ္စကို အားပေး အားမြောက် မပြုတဲ့အပြင် လိုက်ပြီးတော့ ကာဆီးကာဆီး လုပ်နေတဲ့အခါကျတော့ ကိုယ့်တိုင်းပြည်အပေါ် စေတနာထား ပြီး တကယ် ကိုယ်ကျိုးစွန့်လုပ်နေတဲ့ ဘုန်းကြီးတွေကို အနှောင့်အယှက်ပေးတယ်ဆိုတာ တိုင်းပြည်ကို မချစ်ရာရောက်တာပဲ။”

ထို့အပြင် မြန်မာနိုင်ငံသည် ဗုဓ္ဒဘာသာနိုင်ငံဟု ဆိုသော်လည်း သံဃာတော်များအား တရားဟောခွင့်ပိတ်ပင် သည့် ကိစ္စကိုမူ မြို့နယ်အဆင့်ထိ လုပ်ပိုင်ခွင့် ပေးထားသည့်အတွက် နိုင်ငံရေး လုပ်သူများထက် ပိုမိုဆိုးရွား သည့် အနေအထား ဖြစ်သည်ဟုလည်း ဆိုသည်။

တရားဟောခွင့် ပိတ်ပင်ခံရသည့် ဆရာတော် ဦးဇဝနသည် နာမည်ကြီး ဆရာတော် တပါး ဖြစ်သည့်အပြင် ဒကာ ဒကာမများ လှူဒါန်းသည့် ငွေများဖြင့် မိဘမဲ့ကလေး စာသင်ကျောင်းများ၊ မျက်မမြင်ဆေးရုံများ၊ လူမှုရေး လုပ်ငန်းများနှင့် တရားစခန်းများတွင် အသုံးပြုခဲ့သည်။

တရားပွဲ ပိတ်ခံရသည့်အပေါ် “ဒီဆရာတော်က ဘာသာရေးတရားဘဲ ဟောတာကိုး။နိုင်ငံရေးတရားဟောတာ မှ မဟုတ်ဘဲ။ ဒီတရားကို ပိတ်ပင်တယ်ဆိုတာ ဒကာ၊ ဒကာမ တွေရဲ့ အသိတရားကို ပိတ်ပင်တာနဲ့ အတူတူ ပဲလေ။ အဲဒါ အခု ဒကာ၊ ဒကာမတွေက မကျေနပ်ကြဘူး။” ဟု တာချီလိတ်မြို့ခံက ပြောသည်။

တာချီလိတ်မြို့တွင် နှစ်စဉ် တရားပွဲများ ကျင်းပလေ့ရှိပြီး ယခုနှစ်သည်(၁၄) ကြိမ်မြောက် ဖြစ်ပြီး ဆရာတော် ဦးဇဝန သည် တတိယအကြိမ်မြောက် လာရောက်ဟောကြားခြင်း ဖြစ်သည်။

နို၀င်ဘာလ (၁၅) ရက်နေ့က မန္တလေးမြို့ မဟာမြတ်မုနိ ဘုရားကြီးဝင်း မဟာဗုဓ္ဒဝင် ဗိမ္မာန်တော်ကြီးတွင် သံဃာ ငါးပါးဦးဆောင်၍ ဆန္ဒပြခဲ့ရာ တောင်းဆိုချက်(၃) ချက်အနက် လွတ်လပ်စွာ ပြောဆို ရေးသားထုတ် ဝေခွင့် ရရှိရေးလည်း ပါ၀င်သည်။

Most read this week