မြေဧက လေးသောင်းကျော် အဓမ္မ သိမ်းဆည်းခံရဟု TSYO ကပြော

မြေဧက လေးသောင်းကျော် အဓမ္မ သိမ်းဆည်းခံရဟု TSYO ကပြော
by -
ဇော်ကြီး

အစိုးရ၏ စီမံကိန်းများကြောင့် ရှမ်းပြည် နယ် မြောက်ပိုင်းဒေသများတွင် အဓမ္မ သိမ်းဆည်း ခံရသည့် လယ်ယာမြေ ဧကပေါင်းလေးသောင်း ကျော်ရှိပြီဟု တအာင်းပလောင် ကျောင်းသားနှင့် လူငယ်များ အစည်းအရုံး TSYO အဖွဲ့က အစီ ရင်ခံစာ ထုတ်ပြန်လိုက်သည်။

ရွှေလီ ရေအားလျပ်စစ်စီမံကိန်း ၃ ခု အပါအဝင် ရွှေသဘာဝဓါတ်ငွေ့ပိုက်လိုင်း သွယ်တန်းခြင်းနှင့် တရုတ်မြန်မာ ရထားလမ်း ဖောက်လုပ်သည့် စီမံကိန်းများသည် မြေယာ သိမ်းခံရသည့် အဓိကအကြောင်း များ ဖြစ်သည်ဟု ယနေ့ ထုတ်ပြန်သည့် အစီရင်ခံစာက ဆိုသည်။

အဖွဲ့၏ စစ်တမ်းများအရ (၁၀)နှစ်တာကာလအတွင်း လယ်ယာမြေ အပါအဝင် လက်ဖက်ခြံနှင့် သီးနှံစိုက်ခင်း ဧက (၄၂၉၄၀) ကျော် အဓမ္မ သိမ်းပိုက်ခံရပြီး မိသားစု (၈၅၈၈) ကျော် အခက်အခဲ ဖြစ်နေသည်ဟု  အဖွဲ့ အလုပ် အမှုဆောင် ကော်မတီ မိုင်းပန်လက ပြောသည်။
nmgnews-tsyo
“ဘိုးဘွားစဉ်ဆက်ကတည်းက ဒီလယ်ယာမြေတွေမှာပဲ လုပ်ကိုင်စားသောက် လာကြတယ်။ လုပ်တတ်တာ ကလည်း ဒီစိုက်ပျိုးရေး တမျိုးဘဲရှိတယ်။ အခုလို အသိမ်းခံ လိုက်ရတော့ ခြေမကိုင်မိ လက်မကိုင်မိနဲ့ ဘာမှ မလုပ်တတ်မကိုင်တတ်တွေ ဖြစ်သွားတယ်။ နမ့်ဆန်မှာ တွေ့ခဲ့တဲ့ ဖြစ်စဉ် တချို့ဆိုရင် လက်ဖက်ခြံသိမ်းခံ လိုက်ရတဲ့ နောက်ပိုင်း စိတ်ပိုင်းဆိုင်ရာ ရောဂါရသွားတဲ့ သူတွေလည်း ရှိတယ်။”

အစိုးရ၏ စီမံကိန်းများ အပြင် စစ်တပ်တည်ဆောက်ခြင်းနှင့် ကားလမ်းဖောက်လုပ်ခြင်း များကြောင့် လက်ဖက်ခြံများ ဖျက်ဆီးခံခဲ့ရသလို သိမ်းဆည်းခံရသည့် မြေယာများအား စီးပွားရေး သမားများထံ လွဲပြောင်းပေးမှုများလည်း ရှိသည်ဟု ဆက်လက်ပြောဆိုသည်။

“နမ့်ဆန်မြို့ အထက် မန်လယ် ကျေးရွာမှာပေ့ါနော်။ ၂၀၁၁ ဇန္နဝါရီလထဲမှာပဲ လားရှိုး တိုင်းမှူး အမိန့်နဲ့ ဆိုပြီးတော့ ဒေသခံတွေရဲ့ လက်ဖက်ခြံတွေ အပါအဝင် အနီးအနားတောအုပ်တွေက ဧက(၅၀၀) အသိမ်း ခံလိုက်ရတယ်။ အခု အဲဒီနယ်မြေမှာ ဆိုရင် နဂါးပျံ ကုမ္ပဏီက လက်ဖက်တွေ စစိုက်နေပြီးတော့အဲဒီကုမ္ပဏီ ပိုင်ဖြစ်သွားပြီလို့ ပြောတယ်။”

သိမ်းဆည်းခံရစဉ်က အများစုမှာ လျော်ကြေးမရကြဘဲ လျော်ကြေးပေးသည့် ကုမ္ပဏီ အချို့ရှိ သော်လည်း ဧကအလိုက်ပေးခြင်း မဟုတ်သည့်အပြင် အပြည့်အဝ မရကြကြောင်း “ပြည်သူလူထုတွေ လက်ထဲကို တိုက်ရိုက် ပေးလိုက်တာ မဟုတ်ဘဲ အာဏာပိုင်တွေဆီကနေ တဆင့် ပေးလိုက်တယ်။ ကုမ္ပဏီတွေ ပေးတဲ့ လေးပုံ တပုံကိုဘဲ ဒေသခံတွေလက်ထဲရောက်တယ်။ သုံးပုံလောက်က အာဏာပိုင်တွေ လက်ထဲမှာဘဲ ပျောက်သွားတယ်လို့ သူတို့ကပြန်ပြောပြတယ်။” ဟု မိုင်းပန်လ ကပြောသည်။

ဒေသခံ တောင်သူများ၏ ၆၃ ရာခိုင်နှုန်းခန့် မြေယာ သိမ်းဆည်းခံခဲ့ရပြီး လောလောဆယ်တွင် အလုပ်အကိုင် မဲ့နေသည့်အတွက် ပညာသင်ကြားခြင်း မပြုနိုင်သလို အိမ်နီးချင်းနိုင်ငံများသို့ အလုပ်လုပ်ရန် ထွက်ခွာသွား သူများ အနေဖြင့် လူကုန်ကူးခံရမှုများ ရှိသည်ဟု အစီရင်ခံစာက ဆိုသည်။

ထို့အပြင် အစိုးရအနေဖြင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းပါ အချက်များကို လေးစား လိုက်နာရန်နှင့် မြေယာ ဥပဒေအား ရှင်းလင်းမှုရှိရေးအတွက် သုံးသပ်ပြင်ဆင်ပေးရန် တိုက်တွန်းထားသည်။
တောင်သူများ လယ်ယာမြေ လုပ်ကိုင်ခွင့်၊ ဆက်ခံပိုင်ခွင့်၊ လွဲပြောင်းခွင့်၊ ရောင်းချခွင့်ရှိသည့် ဥပဒေကြမ်းကို ကြံခိုင်ဖွံ့ဖြိုးရေး ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးက လွန်ခဲ့သည့် သြဂုတ်လ(၃၀) ရက် နေ့က လွှတ်တော်တွင် တင်ပြတောင်းဆိုခဲ့သည်။ သို့သော် ယင်းဥပဒေသည် တောင်သူလယ်သမားများ အား နစ်နာစေနိုင်သည့်အတွက် ဆိုင်းငံ့ထားရန် နိုင်ငံရေးပါတီ(၁၀)ခုမှ ယခုလ (၁၅) ရက်နေ့က လွှတ်တော် အကြီးအကဲများထံ စာရေးတောင်းဆို ထားသည်။

Most read this week