ကချင်အရေးအတွက် အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးကို CSW တောင်းဆို

ကချင်အရေးအတွက် အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးကို CSW တောင်းဆို
by -
ကချင်သတင်းဌာန

ကချင်ပြည်သူများပေါ် မြန်မာအစိုးရမှ အကြမ်းဖက် တိုက်ခိုက်နေမှု ရပ်တံ့ရေး တွန်းအားပေးရန် လာမည့် ဒီဇင်ဘာလတွင်မြန်မာနိုင်ငံသို့လည်ပတ် မည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ကို CSW က တောင်းဆိုလိုက်သည်။

hillaryclinton

တစ်ဆက်တည်းတွင် ပြည်သူများအား အဓမ္မပြုကျင့်မှု၊ အဓမ္မလုပ်အားခိုုင်းစေမှု၊ နှိပ်စက်မှု၊ ဘာသာရေးဖိနှိပ်မှု၊ သတ်ဖြတ်မှုများ ရပ်တံ့ရန်၊ တနိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရန်၊ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်ပေးရန်၊ တိုင်းရင်းသားကိုယ်စားလှယ်များနှင့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ပါ၀င် သည့် အဓိပ္ပါယ်ပြည့်ဝသော ဆွေးနွေးပွဲဖြစ်ပေါ်လာရန်အတွက် နိုင်ငံတကာကနေ မြန်မာအစိုးရကိုတိုက်တွန်း သွားရန် လန်ဒန်အခြေစိုက် ကမ္ဘာ့ခရစ်ယာန်ဝံဿနုအသင်း (Christian Solidarity Worldwide) က နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ဆော်သြလိုက်သည်။

CSW ၏အဆိုအရ ရှမ်းပြည်မြောက်ပို်င်း နမ်ဂျန်(Nam Jang) ရောက်ရှိနေသည့် နောင်ဇန်ကုန်(Nawng Zang Kung)ကျေးရွာမှ ဒုက္ခသည် ၉ ဦးအား နိုဝင်ဘာ (၁၇) ရက် ညတွင် မြန်မာအစိုးရတပ်က ဖမ်းဆီးသွားကာ နတ််စင်ကုန်း စစ််စခန်းသို့ခေါ်ဆောင်သွားသည်။  နောက်ရက်တွင် မြန်မာစစ်တပ်က ၄ ဦးကို လွတ်ပေးသော် လည်း ကျန် ၅ ဦးကို ဆက်လက်ထိန်းသိမ်းထားသည်။

ထို့အပြင် ချုပ်နှောင်ခံထားရဆဲ ဇခုန်ယော်ဇုံးနင့် ယော်ဆောတို့၏မိခင် အသက် (၆၀) ရွယ် ဒေါ့ရှီရွယ်ဂျီးအား မြန်မာစစ်တပ်က ထိုစခန်းသို့ ခေါ်ယူကာ ဆိုးရွားစွာ နှိပ်စက်ပြီးနောက် နောက်တစ်ရက် ပြန်လွတ်သည်။ သို့သော် လွတ်သည့်နေ့ ညနေပိုင်းတွင်ပင် ထိုမိခင်အား မြန်မာအစိုးရတပ် နယ်ခံအရာရှိ စိုင်းအိုက်နိုင် (Sai Aik Nyein)က နတ်စင်ကုန်းစခန်းသို့ ပြန်လည်ဖမ်းဆီးခေါ်ဆောင်သွားသည်။

သူမနှင့်ဖမ်းဆီးထိန်းသိမ်းခံထားရသူများအတွက် စိုးရိမ်ပူပန်စရာဖြစ်နေသည့်အပြင်အခြား ဒေသခံပြည်သူများ မှာ လည်း မြန်မာအစိုးရက အတင်းအဓမ္မလုပ်အားခိုင်းစေ၊ ဖမ်းဆီးနှိပ်စက်မည့် အန္တာရယ်မှ လွတ်မြောက်ရန် တရုတ်နိုင်ငံဘက် ထွက်ပြေးနေကြသည်ဟု ဆိုသည်။

တစ်ရက်တည်းတွင် ညနေ (၃) နာရီ၌ မန်ဝင်းကျေးရွာ စျေးဆိုင်တစ်ခုတွင် ဖုန်းပြောနေသော ဘန်ဂေါ် နှစ်ခြင်းခရစ်ယာန်သင်းအုပ် သိက္ခာတော်ရ ဆရာဂမ်အောင် အား မြန်မာအစိုးရတပ်က ဖမ်းဆီးသွားသည်။

ဖမ်းဆီးရသည့်အကြောင်းပြချက်ကို မသိရသည့်အပင် မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကိုလည်း မသိရဟု ဒေသခံများပြောသည်ဟု ဆိုသည်။

ဆက်လက်၍ အောက်တိုဘာလ (၂၈) ရက်တွင် မြန်မာအစိုးရက ဖမ်းဆီးသွားသည့် (၁၄) လသားအရွယ် ကလေး၏ အမေ အသက် (၂၈) နှစ်အရွယ် ဒေါ်ဆွမ်လွတ်ရွယ်ဂျီး အား မြန်မာအစိုးရတပ်က ပေါ်တာအဖြစ် ဖမ်းဆီးသွားသည်။ သူမအား မြန်မာအစိုးရတပ်စခန်းထဲ ထိန်းသိမ်းထားကာ အုပ်စုလိုက် မုဒိမ်းကျင့်ခံရနိုုင် သည် ဟု ယုံကြည်နေကြသည်။  ဒေသတွင်းမြန်မာအစိုးရတပ် အရာရှိက နိုဝင်ဘာ (၂) ရက်နေ့တွင်ဒေါ်ဆွမ် လွတ်ရွယ်ဂျီးကို လွတ်ပေးမည်ဟု ကတ်ိပေးထားသော်လည်း မိသားစုထံသို့ ရောက်မလာခဲ့ပါဟု ဆိုသည်။

နိုဝင်ဘာ ၆ ရက် ၀ိုင်းမော်မြို့နယ် မုတ်ကြိတ်ကျေးရွာတွင် မြန်မာအစိုုးရတပ်က အေဂျီခရစ်ယာန်ဘုရား ကျောင်း ၀င်းထဲ ၀င်ရောက် ရှာဖွေ ဖျက်ဆီး လုယက်ကာ သင်းအုပ် သိက္ခာတော်ရဆရာ ယေဂျေုာင်လွမ်း ခေါင်၊ လက်ထောက် သိက္ခာတော်ရ ဆရာ ရှယူလွမ်းခေါင်၊ သင်းထောက်နှင့် လူငယ်ဂီတခေါင်းဆောင် ဖလောင်လွမ်းခေါင်နှင့် လဟောင်ခေါင်ဟောင်းတို့အား ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်။

CSW ၏ အရှေ့အာရှရေးရာခေါင်ဆောင် ဘင်နီဒက်ရော်ဂျားက မြန်မာနိုင်ငံတွင်တိုးတက်မှုအရိပ်အယောင် များ မြင်တွေ့နေရသည် ဟု အမေရိကန်သမ္မတအိုဘားမား၏ ပြောဆိုချက်ကိုလည်း ကိုးကားထားသည့်အပြင် မြန်မာအစိုးရအနေဖြင့် ၎င်း၏ပြည်သူများကို ဖိနှိပ်တိုက်ခိုက်မှုရပ်တန့်ကာ မြန်မာပြည်သူများအခွင့်အရေးကို ကာကွယ်စောင့်ရှောင့်သည့် စစ်မှန်သည့်ငြိမ်းချမ်းရေးလုပ်ငန်း စတင်ရန် တောင်းဆိုသွားသည်။

နိုဝင်ဘာလ ၂၀ ရက် သောကြာနေ့တွင် အမေရိကန်သမ္မတ အိုဘားမားက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဖုန်းဖြင့် စကားပြောအပြီး ၎င်း၏နိုင်ငံခြားရေးဝန်ကြီးကို မြန်မာနိုင်ငံသို့စေလွှတ်ရန် ဆုံးဖြတ်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

မြန်မာ့အရေးတွင် အစိုးရက လူနည်းစု လူမျိုးစုတိုင်းရင်းသားများကိုဆက်ဆံပုံ၊ နိုင်ငံရေးအကျဉ်းသား ထိန်းသိမ်းထားခြင်းနှင့် မြောက်ကိုးရီးယားနှင့်ဆက်နွယ်မှုရှိသည်ကို သမ္မတက ထည့်သွင်းပြောဆိုသွား သေးသည်။

ဟီလာရီကလင်တန်၏ မြန်မာခရီးစဉ်သည် နှစ် ၅၀ တွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတစ်ဦး၏ပထမဆုံး ခရီးစဉ်လည်းဖြစ်လာမည် ဖြစ်သည်။

Most read this week