KIO မိုင်ဂျာယန်မြို့တွင် သနပ်ခါးရောင် မိုးရွာကျ

KIO မိုင်ဂျာယန်မြို့တွင် သနပ်ခါးရောင် မိုးရွာကျ
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် အရှေ့တောင်ပိုင်း ကချင်လွတ် မြောက်ရေးအဖွဲ့ (KIO)၏ အရှေ့ပိုင်းတိုင်းဌာနချုပ် တရုတ်နယ်စပ် မိုင်ဂျာယန်မြို့ တွင် နိုဝင်ဘာ ၂၀ ရက် တနင်္ဂနွေနေ့မှ သနပ်ခါးရောင်မိုးရွာကျနေသည့် အတွက် ဒေသခံများ စိုးရိမ်နေကြသည်။

nov21-yellowrain

“ငါတို့က ခုလိုဖြစ်တာကိုမမြင်ဖူးတော့ ထင်တာက မိုင်ဂျာယန်ကနေ မို်င် ၁၀ ကျော် ၂၀ လောက်မှာ ဗမာအစိုးရနဲ့ KIO ပစ်ခတ်ကြတဲ့နေရာမှာ ဗမာကသုံးတဲ့ လက်နက်မှာ မီးခိုးမှို်င်းသုံးတယ် ဆိုပြီးကြားတယ် ဆိုတော့ အဲကြောင့်လို့ထင်တာ။”

သူက ဆက်ပြီး “မိုုင်ဂျာယန်ထဲ ရပ်ကွက် ၁ နဲ့ ရပ်ကွက် ၂ တောင်နဲ့ပိုနီးတဲ့ဘက်မှာ မနေ့က ၂ နာရီခွဲ လောက်ကနေ အပေါ်မှာ မိုးတိမ်တွေ မည်းနက်နေအောင် စုဖွဲ့နေပြီးတော့ ဒီသနပ်ခါးအရောင်ထက်ပို ရင့်တဲ့ အဝါရောင်ပိုသန်းတဲ့ မိုးစက်တွေကျလာတယ်၊ မိုးရွာသလို ဖြိုင်ဖြိုင်ကြီး ကျလာတယ်။”

အရည်မဟုတ်ဘဲ ချွဲပျစ်သော ၎င်းမိုးစက်များမှာ စက္ကန့်ပိုင်းမှ နှစ်မိနစ်ကြာ ရွာချတတ်ပြီး အကျယ် မီတာ ၃၀ (ပေ ၁၀၀) ၀န်းကျင်ရှိတတ်ပြီး နေရာကွက်ကျားရွာချခြင်းဖြစ်သည်ဟုလည်း မျက်မြင်များပြောသည်။

ထို့အပြင် ယမန်နေ့က ရွာချသည့်နေရာအပြင် နောက်ထပ် ၃ နေရာတွင်ပါ ရွာချသည်ဟု ဒေသခံတစ်ဦး ယခုကဲ့သို့ပြောပါသည်။

nov21-maijayang
“ဒီကနေ့ ၂ နာရီမှာ တစ်ခါပြန်ရွာတယ်။ မိုင်ဂျာယန်လို့ပြောရမယ့်နေရာ ရပ်ကွက် ၅ ဘက်၊ ရပ်ကွက် ၁၊ ၂ ရော၊ ရပ်ကွက် ၃ ကော၊ ကျွန်တော်တို့သွားကြည့်တဲ့အခါမှာ ကျောင်း(IEP ကျောင်း) ရဲ့အနောက် ဘက်မှာ ပျားအုံရှိတယ်။ အဲဒီမိုးရွာပြီးနောက်ပို်င်း ပျားတွေအကုန်လွှင့်ပျောက်သွားတယ်။”

ယခုအခါ မိုင်ဂျာယန်တွေရောက်ရှိခိုလှုံနေကြသော စစ်ပြေးဒုက္ခသည်ကလေးများနှင့် အခြား နယ်ခံ ကလေးငယ်များ အများစု ချောင်းဆိုးနေကြခြင်းအတွက်လည်း စိုးရိမ်နေပူပန်နေရသည်ဟုအကူအညီ ပေးရေးလုပ်ငန်းများလုပ်ဆောင်နေသူ မြို့ခံတစ်ဦး ပြောဆိုသည်။

“တစ်ခုဖြစ်နေတာက အဲဒီကြောင့်လို့တော့ ပြောလို့မရသေးဘူး။ ဒီကလေးတွေ အများသောအားဖြင့် ကလေးတွေ အာခေါင်ခြောက် ချောင်းဆိုးနေကြတယ်။ အားလုံးလို့ပြောလို့ရတယ်။ ဒီရောက်နေတဲ့ ကလေးတွေ။စစ်ပြေးဒုက္ခသည်ကလေးတွေ။ နယ်ခံကလေးတွေရောပဲ။ လူကြီးပိုင်းက တစ်ယောက် နှစ်ယောက်ပဲ များသောအားဖြင့် ကလေးတွေ။”

Most read this week