အစိုးရ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် စိုးရိမ်ကြောင်း ABSDF ကပြောသည်

အစိုးရ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် စိုးရိမ်ကြောင်း ABSDF ကပြောသည်
by -
ဇော်ကြီး

အစိုးရက ပြုလုပ်နေသည့် အပစ်အခတ် ရပ်စဲရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအပေါ် စိုးရိမ်မှုရှိကြောင်း မြန်မာနိုင်ငံလုံး ဆိုင်ရာကျောင်း သားများ ဒီမိုကရက်တစ် တပ်ဦး ABSDF တပ်ဖွဲ့ က ထောက်ပြ ပြောဆိုလိုက်သည်။

nmg-absdfအစိုးရ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် နိုင်ငံရေး ပြဿနာ များအား တွေ့ဆုံဆွေးနွေး အဖြေ ရှာရေးကို ဦးတည်သည့် လုပ်ရပ် မဟုတ်ကြောင်းနှင့် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများ အတွင်းဖဲ့ထုတ် စည်းရုံး နိုင်ရေးအတွက် ကြိုးပမ်း နေခြင်းသာ ဖြစ်သည်ဟု ABSDF တပ်ဖွဲ့၏ ယမန်နေ့က ထုတ်ပြန်သည့် ကြေညာချက်က ဆိုသည်။

ထို့အပြင် အစိုးရက လက်နက်ကိုင် တိုင်းရင်းသား တပ်ဖွဲ့များအပေါ် ဆက်ဆံရာ၌ မှန်ကန်သည့်သဘော ထား မရှိသည့်အတွက် မြန်မာနိုင်ငံအတွင်း တည်ငြိမ်မှု ပျက်သုန်းနေပြီး စိုးရိမ်ရသည့် အခြေအနေဖြစ်ပေါ် နေသည်ဟု ABSDF ဥက္ကဌ ကိုသံခဲက အခုလို ထောက်ပြပြောဆိုသည်။

“တချို့ဒေသတွေမှာ အပစ်အခတ်ရပ်စဲရေးတွေ လုပ်တယ်။ တချို့ဒေသတွေမှာ စစ်ရေးဖိအားတွေ တိုးမြင့်ဆောင်ရွက် နေတာရှိတယ်။ ဥပမာ DKBA နဲ့ အပစ်ရပ်တယ်။ KIO မှာ တိုက်ပွဲတွေကို အပြင်းအထန် လုပ်နေတာကို ကြည့်ခြင်းအားဖြင့် ဒီနေ့ ကာလဟာ တိုင်းပြည်တည်ငြိမ်မှုအတွက် အင်မတန်မှစိုးရိမ်ဘွယ် ရာ ဖြစ်တယ်ဆိုတဲ့ အကြောင်း ကျနော်တို့က ထောက်ပြခြင်းဖြစ်ပါတယ်။”

တိုင်းပြည်တွင်း စစ်မှန်သည့် ငြိမ်းချမ်းရေး တည်ဆောက်လိုပါက လက်နက်ကိုင် တိုင်းရင်းသားတပ်ဖွဲ့များ ၏ အခန်းကဏ္ဍကို မှန်ကန်စွာ သုံးသပ်ကြရန်နှင့် အပစ်အခတ် ရပ်စဲထားရုံနှင့် လုံလောက်မှု မရနိုင်ကြောင်း ဆက်လက်ပြောဆိုသည်။

“အထူးသဖြင့်တော့ ဒါဟာ နိုင်ငံရေး အခြေခံ ကျောထောက် နောက်ခံကြောင့် ပေါ်ပေါက် လာတာဖြစ် တယ်။ အဲဒီတော့ နိုင်ငံရေး အခန်းကဏ္ဍကို မှန်မှန်ကန်ကန် ကြည့်ဖို့လိုတယ်။ အပစ်ရပ် တခုတည်းကိုပဲ လုပ်မယ်ဆိုရင် တော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ နိုင်ငံရေး ဂုဏ်သိက္ခာကို ချိုးနှိမ် ပစ်ရာကျတယ်။” 

ထို့အပြင် တနိုင်ငံလုံး အတိုင်း အတာဖြင့် အပစ်အခတ် ရပ်စဲရေး ကြေညာချက် ထုတ်ပြန်ရန် လိုအပ်ပြီး နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးရေး လုပ်ငန်းစဉ် များအား တိကျသည့်အချိန်ကာလ သတ်မှတ်ပေးရမည်ဟု ကြေညာချက် ကဖော်ပြသည်။

ငြိမ်းချမ်းရေးကိစ္စနှင့် ပတ်သက်၍  မည်သည့်လက်နက်ကိုင် အဖွဲ့မဆို သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့ နှင့် ဆက်သွယ်ဆောင်ရွက်သွားရန် လွန်ခဲ့သည့် သြဂုတ်လ (၁၈) ရက်နေ့က ပြည်ထောင်စု အစိုးရအဖွဲ့မှ ကြေညာချက် တစောင်ထုတ်ပြန် ကမ်းလှမ်းခဲ့သည်။

ယင်းထုတ်ပြန်ချက်အပေါ် တဖက်က တိုင်းရင်းသားများနှင့် ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်းကြံုတွေ့ နေရသည့် စစ်ရေးအကြပ်အတည်း များကို ရှောင်လွဲနိုင်ရန်နှင့် အခြားတဖက်တွင် နိုင်ငံတကာမှထောက်ခံ မှုရလာစေရန် နည်းပရိယာယ်သုံးခြင်းသာ ဖြစ်၍ ရေရှည် တည်မြဲနိုင်မည် မဟုတ်ကြောင်း ကိုသံခဲက သုံးသပ်သည်။

ထို့အပြင် ABSDF တပ်ဖွဲ့သည် ဒီမိုကရေစီရေးနှင့် စစ်မှန်သည့် ငြိမ်းချမ်းရေး ရရှိရန် လက်နက်ကိုင် တိုက်ပွဲဝင်နေသည့် နည်းတူ တိုင်းရင်းသားများ တောင်းဆိုနေသည့် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများ အတွက် ဆက်လက် တိုက်ပွဲဝင်သွားမည်ဟု ဆိုသည်။

ABSDF တပ်ဖွဲ့အား ၁၉၈၈ ခုနှစ် နို၀င်ဘာလ (၁) ရက်နေ့က ထိုင်းမြန်မာနယ်စပ်နှင့် တရုတ်မြန်မာနယ်စပ် ဒေသရှိ လက်နက်ကိုင် တိုင်းရင်းသား နယ်မြေများတွင် ဖွဲ့စည်းခဲ့သည်။

Most read this week