ကချင်ပြည်နယ် တိုက်ပွဲများအတွင်း ဒေသခံများ လူ့အခွင့်အရေး ချိုးဖောက

ကချင်ပြည်နယ် တိုက်ပွဲများအတွင်း ဒေသခံများ လူ့အခွင့်အရေး ချိုးဖောက
by -
သတင်းနှင့်မီဒီယာကွန်ယက်

ကချင်ပြည်နယ် ၀ုိင်းမော်၊ မိုးမောက်နှင့် မန်စီမြို့နယ်များအတွင်း အစိုးရတပ်နှင့် ကချင်ပြည် လွတ်မြောက်ရေး တပ်မတော် KIA တို့ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပြီး အစိုးရတပ်က လူ့အခွင့်အရေး ချိုးဖောက် မှုများ ပြုလုပ် နေသည်ဟု ဒေသခံများက ပြောသည်။

၀ုိင်းမော်မြို့နယ် မုတ်ကြိတ်ကျေးရွာအတွင်း ယမန်နေ့နံနက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး အစိုးရတပ်က ကျေးရွာ အတွင်းမှ နေအိမ်တလုံးကို မီးရှို့လိုက်သလို အရပ်သားများအား ပစ်ခတ်မှုများ ပြုလုပ်ခဲ့ သည်ဟုမြစ်ကြီးနား သို့ ထွက်ပြေးလာသည့် မျက်မြင် ဒေသခံ တဦးက အခုလို ပြောသည်။

“မနေ့က မနက် ရ နာရီခွဲမှာ KIO ဖက်ကလာပြီးတော့ ဆယ်မိနစ်လောက် ပစ်တယ်။ အဲဒီနောက်ပိုင်း စစ်တပ် က ပြန်ပြီးမှ မိနစ်(၃၀) လောက် ပြန်ပစ်တယ်။ လက်နက်ကြီးတွေလည်း ပါတာပေ့ါ။ အဲဒီမှာ KIO ထွက်လာတဲ့ လမ်းဖက်က အိမ်ကိုတော့ မီးရှို့လိုက်တယ်။ ကျန်တာကတော့ အဲဒီဖက်က ထွက်ပြေးလာတဲ့ယောကျာ်းလေး တွေကို ကြိုးနဲ့တုတ်တယ်၊ ရိုက်နက်တယ်။ တချို့ ပစ်ခတ်တယ်။”

တိုက်ပွဲဖြစ်ပွားမှုကြောင့် ၀ုိင်းမော်မြို့မှ တရုတ်ပြည်နယ်စပ် ဆဒုံးမြို့သို့ သွားသည့် ခရီးသွားများ ထွက်ပြေး သွားကြသော်လည်း အချို့ကို ပေါ်တာ အထမ်းသမားအဖြစ် ဖမ်းဆီးခေါ်ဆောင်သွား သည်ဟု သိရကြောင်း ဆက်လက်ပြောဆိုသည်။

“အဲဒီမှာ ဆိုင်ကယ်တွေ ပစ်ထားပြီးတော့ အားလုံး ထွက်ပြေးကုန်ကြတယ်။ အရှေ့မှာသွားတဲ့ (၈) ယောက် အဖွဲ့ကတော့ အဖမ်းခံရပြီးတော့ ပေါ်တာ လုပ်ပေးရတယ်။ သူတို့ပစ်လိုက်တဲ့ အလောင်းတွေ တချို့မသေ တဲ့ဟာတွေကို ပြန်ထမ်းခိုင်းတယ်လို့ပြောတယ်။”

ထို့အပြင် ကျေးရွာဓလေ့အရ ကောက်သစ်စားပွဲ ပြုလုပ်ရန် ထမင်းထုတ် ယူဆောင်သွားသည့် ဒေသခံ အမျိုး သမီးများလည်း ရိုက်နှက်ခံခဲ့ရသည်ဟု ဆက်လက် ပြောဆိုသည်။

“မနေ့က အဲဒီမုတ်ကြိတ်ကျေးရွာက ကချင် ရိုးရာ ကောက်သစ်စားပွဲလည်း ကျရောက်တယ်လေ။အဲဒီအချိန် မှာ ဒီဒေသခံ အဖွားကြီးတွေက ကောက်သစ်စားဖို့ ထမင်းထုတ်တွေကို ဘုရားရှိခိုး ကျောင်းမှာ ယူလာကြ တာကိုး။ ပလိုင်းတွေထဲထည့်ပြီး ယူခဲ့ကြတာပေ့ါ။ အဲဒါ အဖွားကြီးတွေ ကိုလည်း ပါးရိုက်တဲ့သူရိုက်ခံရတယ်။ ဘာကြောင့်လည်းဆိုတော့ သူတို့ မသင်္ကာတာက ဒီထမင်း ထုတ်တွေကို KIO ကို ပို့ဖို့အဆင်သင့်လုပ်ထား တယ်ဆိုပြီး ရိုက်တယ်လို့ ပြောကြတယ်။”

တချိန်တည်းတွင် ၀ုိင်းမော်မြို့နယ် ဂါးရားယန်၊ ရွှေညောင်ပင် ဒေသတဝိုက်နှင့် နေရာအတော် များများတွင် ယမန်နေ့က တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်ဟု KIO ဌာနချုပ် လိုင်ဇာမြို့ရှိ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF တပ်ဖွဲ့ဝင် ခေါင်းဆောင် တဦးက ပြောသည်။

ဗန်းမော်မြို့ခံ တဦးကလည်း မိုးမောက်မြို့နယ် အတွင်းရှိ ကျောက်စခန်း ကျေးရွာအနီးတွင် ယခုရက်ပိုင်း အတွင်း တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေပြီး ယနေ့နံနက်မှစ၍ လက်နက်ကြီး ပေါက်ကွဲသံများ ကြားရကြောင်း အခုလို ပြောသည်။

“ကျောက်စခန်းဖက်မှာတော့ နေ့တိုင်းလိုလိုပဲ လက်နက်ကြီးသံတွေ ကြားနေရတယ်။ လွယ်ဂျယ်တက်တဲ့လမ်း ဖက်ပေ့ါ။ ကျနော်တို့က နည်းနည်း ဝေးတဲ့အခါကျတော့ လက်နက်ကြီးသံပဲ ကြားရတာပေ့ါ။ ညဖက်ဆိုရင် တနာရီခြားတခါလောက် ကြားနေရတယ်။ ဒီနေ့တော့ နေ့လည်ပိုင်း လည်း ကြားရတယ်။ ငါးမိုင်မန်ခွန်ဖက် မှာတော့ နေ့တိုင်းလိုပဲ ကြားနေရတယ်။”

ထို့အပြင် ယခုလ (၅) ရက်နေ့ကလည်း အစိုးရတပ်သားများကို တင်ဆောင်လာသည့် စစ်သင်္ဘော သုံးစီး ဧရာဝတီ မြစ်ကြောင်းမှ တဆင့် ဗန်းမော်မြို့သို့ ရောက်ရှိလာကြောင်းနှင့် တိုက်ပွဲဖြစ်ပွား နေသည့်ကျောက် စခန်း ကျေးရွာဖက်သို့ ထွက်ခွာသွားကြောင်း ဆက်ပြောသည်။

“တနေ့က သင်္ဘော သုံးစီးတက်ခဲ့တယ်။ အားလုံး စစ်သားချည်းပဲ တင်လာတာပေါ့နော်။ နောက်ပြီး အဲဒီ ညမှာပဲ ကိုးနာရီ ဆယ်နာရီလောက်ပေ့ါ။ အားလုံးမီးတွေ မိတ်ပြီးတော့မှ ကား(၁၉) စီး အစီး(၂၀) လောက် မိုးမောက်ဖက် တက်သွားတယ်။ အဲဒါ လိုင်ဇာသွားမလား မိုးမောက်တင်ဘဲလား ဆိုတာတော့ မသိဘူးပေ့ါ။”

အလားတူ တရုတ်မြန်မာနယ်စပ်ရှိ မျက်မြင် ဒေသခံတဦးကလည်း ယခုလ (၅)ရက်နေ့က ရှမ်းပြည်နယ် နမ့်ခမ်းမြို့နယ်ဘက်မှ အစိုးရတပ်သားများ တင်ဆောင်လာသည့် စစ်ထရပ်ကား (၈)စီး ကချင်နှင့်ရှမ်းပြည် နယ်စပ်ရှိ မန်ဝိန်းကြီး ကျေးရွာသို့ ထွက်ခွာသွားကြောင်း ပြောသည်။

ကချင်စစ်ပြေးဒုက္ခသည် အရေး ဆောင်ရွက်ပေးနေသည့် တရုတ်မြန်မာနယ်စပ် အခြေစိုက် ကချင်အမျိုးသမီး အစည်းအရုံး KWAT အဖွဲ့မှ မိုင်းဂျာက လောလောဆယ်တွင် မန်ဝိန်းကြီး ကျေးရွာအတွင်းသို့ အရပ်သားများ ၀င်ရောက်ခွင့်ကို အစိုးရတပ်က ပိတ်ပင်ထားပြီး ကျေးရွာ အတွင်းမှ ထွက်ခွာခွင့်ကိုမူ ခွင့်ပြုထားသည်ဟု ပြောသည်။

သို့သော် ရွာသားများ အနေဖြင့် ကျေးရွာအတွင်းမှ ထွက်ခွာသွားရန် အခက်အခဲဖြစ်နေကြသည်ဟု

“ဘယ်သူဘဲ ဖြစ်ဖြစ် မန်ဝိန်းကြီး ရွာသားဘဲ ဖြစ်ဖြစ် ၀င်လာလို့ မရဘူး။ အထွက်တော့ ရတယ်။ မန်ဝိန်းကြီးနဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ ရှမ်းရွာမှာတော့ KIA တွေ စခန်းချထားတယ်ဆိုတော့ တော်တော်လေး စိုးရိမ်ရတဲ့ အနေအထားရှိတယ်။ ရွာသားတွေအတွက်ကလည်း ဒုက္ခဘဲ။ ထွက်သွားရင်လည်း အိမ်ထဲမှာရှိရှိသမျှအကုန် လုံး သူတို့(အစိုးရတပ်)က ယူသွားတော့ ရွာသားတွေကလည်း မထွက်သွားရဲကြဘူး။နေမယ်ဆိုလို့ရှိရင် လည်း တိုက်ပွဲတွေ ဖြစ်လာရင် သူတို့က ဓါးစားခံ ပြန်ဖြစ်ရော။” ဟု မိုင်းဂျာက ပြောသည်။

လောလောဆယ်တွင် အစိုးရတပ်က တပ်မ(၈၈)၊ (၆၆)၊ (၉၉) တပ်မ (၃) ခုဖြင့် KIO ဌာနချုပ် လိုင်ဇာသို့ ထိုးစစ်ဆင်ရန် ပြင်ဆင်နေပြီး ရေကြောင်း ကုန်းကြောင်းများမှ တပ်အင်အားများ ပို့ဆောင်နေသည်ဟု ABSDF တပ်ဖွဲ့ဝင် ခေါင်းဆောင်က ပြောသည်။

အစိုးရတပ်နှင့် KIO တို့ ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် တရုတ်မြန်မာနယ်စပ်တလျောက်နှင့် မြို့ပေါ် ဒေသများသို့ ထွက်ပြေးခိုလှုံနေသည့် စစ်ပြေး ဒုက္ခသည် သုံးသောင်းခန့် ရှိပြီး အချိန် ငါးလတာအတွင်း မိုးမောက်နှင့် မန်စီ မြို့နယ်အတွင်းရှိ ကျေးရွာများတွင် အစိုးရတပ်၏ ပစ်ခတ်မှုကြောင့် ထိခိုက် ဒဏ်ရာရ သူနှင့် အဓမ္မပြုကျင့်ခံရသည့် ဖြစ်စဉ် (၂၈) ခုရှိ၍ အရပ်သား (၉) ဦးမှာ အပြစ်မရှိဘဲ ပစ်သတ်ခံရသည်ဟု (KWAT) အဖွဲ့၏ မှတ်တမ်းများကဆိုသည်။

Most read this week