အစိုးရနှင့် ဆွေးနွေးရန် RCSS အသင့်ဖြစ်ပြီ

အစိုးရနှင့် ဆွေးနွေးရန် RCSS အသင့်ဖြစ်ပြီ
by -
ဇော်ကြီး

အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးရန် အဆင် သင့်ဖြစ်ပြီဟု ရှမ်းပြည်တပ်မတော်တောင် ပိုင်း ခေါ် ရှမ်းပြည်ပြန်လည် တည်ဆောက်ရေး ကောင်စီ SSA/ RCSS က အစိုးရထံ အကြောင်းပြန်ကြားလိုက် သည်။

ssa-joe
အစိုးရ၏ တွေ့ဆုံဆွေးနွေးရေး ဖိတ်ခေါ်ချက်အား SSA/ RCSS တပ်ဖွဲ့ဝင်များအပါအဝင် ရှမ်းပြည် ပြည်သူလူထု တရပ်လုံးက လက်ခံသည့်အတွက် မကြာမီ နှစ်ဖက်တွေ့ဆုံမှုများ ပြုလုပ်ရန်ရှိပြီး အချက်(၂) ချက်ကို တောင်းဆိုသွားမည်ဟု SSA တပ်ဖွဲ့ ပြောရေးဆိုခွင့် ဒု-တာဝန်ခံ စိုင်းဆိုင်မိန်း က အခုလိုပြော သည်။

“ကျနော်တို့ဖက်က ဆွေးနွေးဖို့ ကတော့ပေ့ါနော် နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းလမ်းနဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းဖို့အတွက် အဆင့် အထိပေ့ါနော်။ နောက်တခုက နိုင်ငံရေး ဆွေးနွေးစဉ် ကာလမှာအပစ်အခတ် ရပ်စဲဖို့အတွက် ထားရှိရမယ် ဆိုတာတွေတော့ ကျနော်တို့ ဆွေးနွေးဖို့ ရှိပါတယ်။ အဓိကကတော့ အဲဒီနှစ်ချက်ပေါ် မူတည်ပြီးဆွေးနွေးမှာပါ။”

ဆွေးနွေးမည့် နေ့ရက်နှင့် နေရာကို မရွေးချယ်ရသေးကြောင်းနှင့် SSA ဘက်က ဆွေးနွေးရန်အဆင် သင့်ဖြစ်ပြီဟု ယခုရက်ပိုင်းအတွင်းက ပြန်လည်အကြောင်းပြန်လိုက်ကြောင်း ဆက်လက် ပြောဆိုသည်။

“ဟိုဖက်ကလည်း တွေ့ဆုံဆွေးနွေးဖို့ နှစ်ဖက် ဆန္ဒရှိကြောင်းပေ့ါနော်။ အစောပိုင်းကလည်း ကမ်းလှမ်း တယ်။ ကျနော်တို့ပို့တဲ့စာကို လက်ခံရရှိပြီဆိုတဲ့ အဖြေလည်း ကျနော်တို့ဆီက ပြန်ရတာပေ့ါနော်။ဒါကြောင့် မို့ တွေ့ဆုံဆွေးနွေးဖို့ အပိုင်းကို ကျနော်တို့ ဖက်ကလည်း အဆင်သင့်ဖြစ်တယ်ဆိုတဲ့ အကြောင်းကိုပြန် အကြောင်းကြားခြင်း ဖြစ်ပါတယ်။”

လွန်ခဲ့သည့် သြဂုတ်လ(၁၈) ရက်နေ့က ပြည်ထောင်စု အစိုးရက ငြိမ်းချမ်းရေးကမ်းလှမ်းရန်ဖိတ်ခေါ်ခြင်း ကြေငြာချက် ထုတ်ပြန်ပြီးနောက် ရှမ်းပြည်တွင်းရှိ ပြည်သူ့စစ် အသွင်ပြောင်း ထားသည့် တပ်ဖွဲ့များမှ တဆင့် ဆက်သွယ်ခဲ့သလို ထိုင်းတပ်မတော် အကူညီဖြင့် မြန်မာ သံရုံးကလည်း ဆက်သွယ်ခဲ့သည်။

နှစ်ဖက် အဆက်အသွယ်ပြုနေသည့် ကာလအတွင်း နယ်စပ်ဒေသတလျောက်နှင့် ရှမ်းပြည်နယ်အတွင်း အစိုးရတပ်နှင့် ပြင်းထန်သည့် တိုက်ပွဲများ မရှိသော်လည်း အချို့ဒေသများတွင် တိုက်ပွဲငယ်လေးများ ဖြစ်ပွားမှုရှိကြောင်း စိုင်းဆိုင်မိန်းက ပြောသည်။

သို့သော် ယနေ့ထုတ် အစိုးရအာဘော် သတင်းစာတွင် အောက်တိုဘာလ (၃၁) ရက်နေ့ကရှမ်းပြည်တောင် ပိုင်း ဟိုပုန်းမြို့နယ်အတွင်း SSA (ယွက်ဆစ်) အဖွဲ့က ထောင်ထားသည့် မိုင်းတလုံးနင်းမိပြီးအရပ်သား တဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဖော်ပြထားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ စိုင်းဆိုင်မိန်းက “တကယ်လို့ ငြိမ်းချမ်းရေးကို ဆွေးနွေးလိုတယ် ဆိုရင်တော့ ဒါမျိုးကိစ္စတွေကို ကောင်းကောင်း စိစစ်ကြည့်ရင် ပိုကောင်းတာပေ့ါနော်။ ဒါပေမယ့် အဲဒီကိစ္စကငြိမ်းချမ်း ရေး ဆွေးနွေးမှုကို ထိခိုက်ဖို့တော့ မရှိပါဘူး။” ဟု ပြောဆိုသည်။ 

လွန်ခဲ့သည့် အောက်တိုဘာလ (၂၉) ရက်နေ့က အခြား ရှမ်းလက်နက်ကိုင် တပ်ဖွဲ့ တခုဖြစ်သော ရှမ်းပြည် တပ်မတော် မြောက်ပိုင်းခေါ် ရှမ်းပြည်တိုးတက်ရေး ပါတီ SSA/ SSPP တပ်ဖွဲ့က ငြိမ်းချမ်းရေး ဆွေးနွေးရန် နေပြည်တော်သို့ သွားရောက်ခဲ့သည်။

ဒု-ဗိုလ်ချုပ်ကြီး စဝ်ယွက်ဆစ် ဦးဆောင်သည့် ရှမ်းပြည်တပ်မတော် တောင်ပိုင်းသည် ၁၉၈၉ ခုနှစ်စစ်အစိုးရ လက်ထက် အပစ်အခတ် ရပ်ခဲ့စဉ်က ပါ၀င်ခြင်းမရှိဘဲ စစ်အစိုးရကို ဆက်လက် တိုက်ပွဲ ၀င်နေသည့် အဖွဲ့ဖြစ်သည်။

လွန်ခဲ့သည့် ၂၀၀၇ ခုနှစ် မေလက တောင်ပိုင်း SSA နှင့် အစိုးရ ကိုယ်စားလှယ်အဖွဲ့တို့ ငြိမ်းချမ်းရေး ဆွေးနွေးရန် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ရွေးချယ်ခဲ့သည်။ သို့သော် အစိုးရဘက်က မြန်မာနိုင်ငံဘက်ခြမ်း တာချီလိတ် မြို့တွင်ဆွေးနွေးရန် တောင်းဆို ခဲ့မှုကြောင့် ဆွေးနွေးပွဲ အစီအစဉ် ပျက်ပြားခဲ့သည်။

Most read this week