အင်မောက်မိုင်းပေါက်ကွဲမှု တွင် ရွာသားတစ်ဦးသေဆုံး တစ်ဦး ဒဏ်ရာရ

အင်မောက်မိုင်းပေါက်ကွဲမှု တွင် ရွာသားတစ်ဦးသေဆုံး တစ်ဦး ဒဏ်ရာရ
by -
ကချင်သတင်းဌာန

အောက်တိုဘာ ၂၈ ရက်က ကချင်ပြည်နယ် မန်မော် (ဗန်းမော်)ခရိုင် အင်မောက် (မိုးမောက်)နှင့် ခဝမ် ဘန် (ကျောက်စခန်း) လမ်းမကြား မိုင်းတစ်လုံး ပေါက်ကွဲမှုတွင် အပြစ်မဲ့ ကချင်ပြည်သူတစ်ဦး သေဆုံးကာ အခြားတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

hka-wan-bang
သေဆုံးသူ လူငယ် ဒမောင်ဘရန်ဒီး၊ အသက် (၁၇)နှစ်သည် နမ်ဖတ်ခရွာ (Nam Hpak Hka)မှ ဖြစ်ပြီး ဒဏ်ရာရရှိသူ အသက် ၁၄ နှစ်အရွယ် ဇော်လီ မှာ ခဝမ်ဘန်ရွာမှ ဖြစ်သည်ဟု ၎င်း၏ဆွေမျိုးများပြောသည်။

ဘရန်ဒီးသည် မိုင်းပေါက်ကွဲသည့်နေရာတွင် ခြေထောက်နှစ်ဖက်စလုံးကြိုးကာ သေဆုံးခြင်းဖြစ်သည်ဟု ဆွေးမျိုးများဆိုသည်။

လက်တစ်ဖက်ကြိုးပြီး ပေါင်တွင်ဒဏ်ရာရရှိသွားသော ဇော်လီမှာ ယခုချိန် အင်မောက် ဆေးရုံတွင် ရောက်ရှိ နေသည်ဟု အင်မောက် ဒေသခံတစ်ဦးက ပြောသည်။

၎င်းတို့ နှစ်ဦးသည် အင်မောက်မြို့ ဒုက္ခသည်စခန်းတွင် နေထိုင်သူဖြစ်ကာ အင်မောက်မှ ဆိုင်ကယ်တစ်စီးငှား ယူပြီး ဒဂေါ်ရွာ (Dagaw)သို့ သစ်ခွပန်း ရှာထွက်သွားစဉ် ဒေသစံတော်ချိန် ၁၂ နာရီတွင် လမ်းမိုင်းမိခြင်းဖြစ် သည်။

ထောင်ထားသော မိုင်းသည် KIA နှင့် မြန်မာစစ်တပ် မည်သည့်အဖွဲ့မှဖြစ်ကြောင်းကို မသိရသေးပါ။

သို့သော် မိုင်းပေါက်ကွဲရာ နေရာသည် အစိုးရစစ်သားများ တပ်ချထားသည့်နေရာဖြစ်ပြီး ပတ်ဝန်းကျင်မှ လယ်သမားတစ်ဦးကိုလည်း ၎င်းပတ်ဝန်းကျင်တွင် မိုင်းထောင်ထားသည်ဟု မြန်မာစစ်သားတစ်ဦးအစောပိုင်း က အသိပေးခဲ့ကြောင်း လယ်သမားနှင့် နီးစပ်သူများပြောသည်။

“ကချင်ပြည်နယ် အစိုးရ၏ လူမှုရေးရာဝန်ကြီး ဒေါ်ဘောက်ဂျာ က ခဝမ်ဘန် (ကျောက်စခန်း) ကျေးရွာသို့ သွားရောက်စစ်ဆေးမည့်ခရီးစဉ်အား ဟန့်တားရန် ရည်ရွယ်ချက်ဖြင့် အပြစ်မဲ့ပြည်သူများကို မိုင်းထောင် သတ်ဖြတ်ခြင်းလုပ်ရပ်အား မြန်မာစစ်သားများ ကိုယ်တိုင် ဖန်တီးပြုလုပ်ခြင်းဖြစ်နိုင်သည်” ဟု ဒေသခံများ သုံးသပ်နေကြသည်။

အစိုးရစစ်တပ်နှင့် KIA ကြား စစ်ဖြစ်နေချိန် “ခဝမ်ဘန်ကျေးရွာတွင် အစိုးရစစ်သားများက ရွာသားများ၏ ပိုင်ဆိုင်သည့်ပစ္စည်းများကို ကြိုက်သလို လုယက် ခိုးယူခြင်း၊ ရွာသားများအား ဖမ်းဆီးနိပ်စက်ခြင်းနှင့်နေအိမ် များ မီးရှုဖျက်ဆီးခြင်းများ ပြုလုပ်သည့်သတင်းများ ထွက်ပေါ်လာခြင်းကြောင့်” ဒေါ်ဘောက်ဂျာ က ၎င်းရွာသို့ သွားရောက်ကြည့်ရှုရန် စီစဉ်ခဲ့သည်ဟု သူမနှင့် နီးစပ်သူများဆိုသည်။

အောက်တိုဘာ ၂၈ က ဒေါ်ဘောက်ဂျာ သည် သူ့မ၏ ခဝမ်ဘန် ခရီးစဉ်ကို ဖျက်သိမ်းပြီး စစ်ပြေးဒုက္ခသည် သစ် ၂၀၀၀ ကျော် ရောက်ရှိနေသော အင်မောက်မြို့မှ ပြန်ခေါက်သွားခဲ့သည်ဟု သူမနှင့် နီးစပ်သူများဆက် ဆိုသည်။

ဒေါ်ဘောက်ဂျာ အင်မောက်မှ မန်မော် သို့ ပြန်ခေါက်သွားပြီးနောက် နာရီပိုင်းအတွင်းတွင် မိုင်းကွဲခြင်း ဖြစ်သည်ဟု အင်မောက် ဒေသခံများဆိုသည်။

Most read this week