RCSS နှင့် အစိုးရ ဆွေးနွေးရေး ရှမ်းလူထု အများစု လက်ခံ

RCSS နှင့် အစိုးရ ဆွေးနွေးရေး ရှမ်းလူထု အများစု လက်ခံ
by -
ဇော်ကြီး

ရှမ်းပြည်တပ်မတော် တောင်ပိုင်း ခေါ် ရှမ်းပြည် ပြန်လည် တည်ဆောက်ရေးကောင်စီ SSA/ RCSS အနေဖြင့် အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ရှမ်းလူထု အများစုက လက်ခံကြောင်း SSA ၏ လူထုဆန္ဒ ကောက်ခံမှုတွင် တွေ့ရသည်ဟု SSA က ပြောသည်။

shan-state-national-day2
ငြိမ်းချမ်းရေး ဆွေးနွေးရန် လူထု ဆန္ဒကောက်ခံသည့် ကြေငြာချက်အား RCSS Online ၀က်ဆိုဒ်မှ ယခုလ (၂၀) ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့်အပေါ် ပြည်တွင်း၊ ပြည်ပမှ ရှမ်းမျိုးချစ် ပုဂ္ဂိုလ်များ ကအီးမေးလ်များ မှ တဆင့် အကြောင်းပြန်ကြား ခဲ့သည်ဟု တောင်ပိုင်း SSA ပြောခွင့်ရ ပုဂ္ဂိုလ် ဒုတာဝန်ခံ စိုင်းဆိုင်မိန်းကအခု လို ပြောသည်။

“လူထုရဲ့ သဘောထားကတော့ တိုင်းပြည်အေးချမ်းဖို့နဲ့ ပြည်သူတွေရဲ့ ငြိမ်းချမ်းမှုအတွက်၊ သူတို့ရဲ့ လုံခြံုမှု ရဖို့အတွက် အဖိနှိပ်မခံရဖို့အတွက် ပေ့ါနော် သူတို့က ဒီတွေ့ဆုံဆွေးနွေးဖို့ကို လက်ခံ ကြတာတော့များ ပါတယ်။”

သို့သော် ပြည်တွင်းရှိ ဆက်သွယ်ရေး ခက်ခဲသည့် ဒေသများမှ လူထုဆန္ဒ သဘောထားနှင့် အကြံပြုစာများ ရရှိမှုနည်းပါးသည်ဟု ဆက်လက် ပြောဆိုသည်။

ပြည်ထောင်စုအစိုးရအဖွဲ့က ငြိမ်းချမ်းရေး ဆွေးနွေးရန် ဆန္ဒရှိပါက မည်သည့် လက်နက်ကိုင် တပ်ဖွဲ့မဆို သက်ဆိုင်ရာ ပြည်နယ် အစိုးရ အဖွဲ့နှင့် ဆက်သွယ်နိုင်သည်ဟု လွန်ခဲ့သည့် သြဂုတ်လ (၁၈) ရက်နေ့က ကြေငြာချက် ထုတ်ပြန်ခဲ့သလို ရှမ်းပြည်တွင်းရှိ ပြည်သူ့စစ် တပ်ဖွဲ့များ ထံကတဆင့် တောင်ပိုင်း SSA တပ်ဖွဲ့ထံ နှုတ်ဖြင့် ကမ်းလှမ်းမှုမျိုး ရှိခဲ့သည်။

ထို့အပြင် နယ်စပ်ဒေသရှိ ထိုင်းအာဏာပိုင်တို့ ထံကလည်း ဆက်သွယ် ပြောဆိုလာသည့်အတွက် ယင်းကိစ္စ SSA/ RCSS တပ်ဖွဲ့မှ ရှမ်းပြည်နယ် ၀န်ကြီး စဝ်အောင်မြတ်ထံ စာရေးပေးပို့ခဲ့ပြီး နေပြည်တော်သို့လည်း မိတ္တူ ပေးပို့ခဲ့သည်ဟု စိုင်းဆိုင်မိန်းက  ပြောသည်။

“တွေ့ဆုံဆွေးနွေးဖို့ ဒီလိုမျိုး ကမ်းလှမ်းတဲ့ စကားကို ကြားရတဲ့ အတွက် ကျနော်တို့လည်း ၀မ်းသာဂုဏ်ယူတာ ပေါ့နော်။ လွန်ခဲ့တဲ့ အချိန်တုန်းက ဒီလို ဆွေးနွေးချင်တဲ့ ခေါင်းဆောင်ကြီး တွေနဲ့ မတွေ့ခဲ့ဘူး ပေ့ါနော်။ ဒါကြောင့်မို့ တွေ့ဆုံ ဆွေးနွေးဖို့ အတွက် ကျနော်တို့ကလည်း သဘောထားရှိကြောင်း ပို့ထားတယ်။ရှေ့ဆက် ပြီးတော့ ရှမ်းပြည်အေးချမ်းဖို့ အတွက်လည်း ၀ုိင်းဝန်းပြီးတော့ လုပ်ဆောင်သွားဖို့ ကျနော်တို့ အနေနဲ့ဆွေးနွေး ချင်တယ်ဆိုတဲ့ အကြောင်း ပေ့ါနော်။”

လောလောဆယ် နှစ်ဖက် တွေ့ဆုံရေးနှင့် ပတ်သက်၍ အစိုးရဖက်မှ တရားဝင် ဆက်သွယ်အကြောင်းကြားမှု မျိုး မရှိသေးသလို ပြည်သူလူထုအများစု၏ ဆန္ဒအရသာ တွေ့ဆုံဆွေးနွေးရေးကို ဆုံးဖြတ်သွားမည်ဟု တောင်ပိုင်း SSA က ပြောဆိုထားသည်။

အကယ်၍ ဆွေးနွေးမည်ဆိုပါက ဗိုလ်မှူးကြီး ပန်ဖှ ဦးဆောင်သည့် မြောက်ပိုင်း SSA တပ်ဖွဲ့နှင့် အတူ ပူးတွဲ လုပ်ဆောင်ရန် ဆန္ဒရှိကြောင်း မြောက်ပိုင်း တပ်ဖွဲ့များထံ အကြောင်းကြားထား သော်လည်း တစုံတရာ အကြောင်းပြန်ကြားမှု မရှိသေးကြောင်း စိုင်းဆိုင်မိန်းက ပြောသည်။

“သူတို့ ဆီမှာလည်း ကော်မတီ ရှိတဲ့ အတွက်ကြောင့် ကော်မတီ အစည်းအဝေး ပြုလုပ်နိုင်ပြီ ဆိုရင် တော့ သူတို့လည်း အကြောင်းပြန်ကြား ပေးလာမှာပေ့ါနော်။ အခု ချိန်ထိတော့ သူတို့ဆီကလည်း အကြောင်းပြန်ကြား ချက်ကို မသိရသေးဘူး။ ဖြစ်နိုင်ရင်တော့ အတတ်နိုင်ဆုံးကတော့ ပူးတွဲပြီးတော့ ဆွေးနွေးလိုတဲ့ ဆန္ဒရှိပါ တယ်။”

အစိုးရမှ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးကိစ္စကို တရားဝင် ကမ်းလှမ်းလာပါက မြောက်ပိုင်း SSA တပ်ဖွဲ့ အနေဖြင့် ဆွေးနွေးရန် ဆန္ဒရှိကြောင်း အစောပိုင်းကာလများက ပြောဆိုခဲ့သည်။

လွန်ခဲ့သည့် မေလ ၂၁ ရက်နေ့က SSA တောင်ပိုင်း လွယ်တိုင်းလျဲန်းဌာချုပ်တွင်ပြုလုပ်သည့် ရှမ်းပြည် တော်လှန် ရေးနေ့ အခမ်းအနားတွင် ရှမ်းပြည်တပ်မတော် SSA သည် တောင်နှင့် မြောက်ဟု ခွဲခြား၍ မရတော့ကြောင်းနှင့် တစ်ဖွဲ့တည်း အနေဖြင့် ပူးပေါင်းလိုက်ပြီဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ကြေငြာခဲ့ပြီး မူအားဖြင့် ပူးပေါင်းခဲ့သည်။

လွန်ခဲ့သည့် ၂၀၀၇ ခုနှစ် မေလက တောင်ပိုင်း SSA နှင့် အစိုးရ ကိုယ်စားလှယ်တို့ ငြိမ်းချမ်းရေး ဆွေးနွေးရန် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ရွေးချယ်ခဲ့သည်။ သို့သော် အစိုးရ ကိုယ်စားလှယ်ဘက်မှ မြန်မာနိုင်ငံဘက်ခြမ်း တာချီလိတ်မြို့တွင် ဆွေးနွေးရန် တောင်းဆိုခဲ့မှုကြောင့် ဆွေးနွေးပွဲ အစီအစဉ် ပျက်ပြားခဲ့ရသည်။

Most read this week