မဲဆောက်ရှိ မြန်မာတောရကျောင်း လုံခြံုရေး စိုးရိမ်နေရ

မဲဆောက်ရှိ မြန်မာတောရကျောင်း လုံခြံုရေး စိုးရိမ်နေရ
by -
ဇော်ကြီး

ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ တောရဘုန်းကြီး ကျောင်းထိုင် ဆရာတော် ကိစ္စကို မဲဆောက်မြို့ သာသနာ့ အာဏာပိုင်အဖွဲ့မှဖြေရှင်းပေးပြီးသော် လည်း အတိုက်အခံ ပြုသည့် ထိုင်းသံဃာတော် နှင့်အဖွဲ့က မြန်မာ ကျောင်းထိုင် ဆရာတော်အား အနှောင့်အယှက် ပြုနေသည့်အတွက် ဘုန်းတော် ကြီး ကျောင်းလုံခြံုရေး အတွက် စိုးရိမ်နေရသည်။

မဲဆောက်မြို့နယ် သံဃာ့နာယက ဥက္ကဌ ဆရာတော်မှ မြန်မာဘုန်းတော်ကြီး ဦးမဟိန္ဒအား တောရ ကျောင်းထိုင် ဆရာတော်အဖြစ် ယမန်နေ့က ဆုံးဖြတ် ပေးလိုက်သည့် ကိစ္စ မကျေနပ်သည့် အတွက် အာဏာပိုင်အဖွဲ့နှင့် ပူးပေါင်း၍ ဖမ်းဆီးရန် ထိုင်းဘုန်းကြီးက ကြိုးပမ်းခဲ့သည်ဟု မဲဆောက်မြို့ပြည်သူ့ စေတနာ့ဝန်ထမ်း အသင်းခေါင်းဆောင် ကိုသိန်းဆန်းက ပြောသည်။
nmg-ms-03
“မနေ့က ညနေပိုင်းမှာ သူကျနော့ကို ပြောတာပေ့ါနော်။ မြန်မာပြည်သား ဘုန်းကြီးက ကျောင်းထိုင် လုပ်တာ မသင့်တော်ဘူး။ အဲဒီကျောင်းထိုင်နဲ့ အဲဒီတကျောင်းလုံးကို အချိန်မရွေး လာဖမ်း နိုင်တယ်။ သူတို့ မဟာချိုင်မှာ အဲလိုပဲ ဖမ်းဆီးနေကျ ဖြစ်တယ်။ အခုလည်း သူဖမ်းပြမှာ ဖြစ်တယ် လို့ပြောတယ်။ သူပြောထားတဲ့အတိုင်း ညနေမှာ ရဲနဲ့ ပြည်သူ့စစ်တွေ ခေါ်လာပြီး ဖမ်းပြတာဘဲ။ ဒါပေမယ့် မအောင်မြင်လိုက်ဖူး။”

ထိုင်းသတင်းဌာန တခုဖြစ်သော ဘော့ဆဲ(Bolsae) သတင်းစာစောင်မှ တာဝန်ရှိသူ တဦးဖြစ်သည့် ဆစ်(စ်)ဆမ်က ဦးဆောင်၍ ရဲတပ်ဖွဲ့ဝင် လေးဦးအပါအဝင် ပြည်သူ့စစ် တပ်ဖွဲ့ဝင် များဖြင့်  ယမန်နေ့ ညနေ(၆) နာရီအချိန်ခန့်က ဘုန်းကြီးကျောင်း ခြံဝင်းတံခါးများကို လိုက်ပိတ်ခဲ့ပြီး ကျောင်းဝင်းအတွင်း ၀င်ရောက်ခဲ့ခြင်း ဖြစ်သည်။

ရုန်းရင်းဆန်ခတ် အခြေအနေ ဖြစ်ပေါ်ခြင်း မရှိသော်လည်း မြန်မာနိုင်ငံသား ပြည်သူ့စေတနာ့ဝန်ထမ်း အဖွဲ့ဝင်များနှင့် စကား အခြေအတင်ဖြစ်ပေါ်ခဲ့ပြီး ည(၉) နာရီခွဲ အချိန်ခန့်တွင် ပြန်လည် ထွက်ခွာသွားသည်။ သို့သော် ထိုင်းနိုင်ငံသား မှတ်ပုံတင် ကိုင်ဆောင်ထားခြင်းမရှိသည့် စွဲချက်ဖြင့် မဲဆောက်ရဲစခန်းတွင်အမှုဖွင့် တိုင်ကြားထားသည်ဟု သိရကြောင်း မြို့ခံ ဒကာများက ပြောသည်။

ထိုင်းနိုင်ငံ ဥပဒေအရ ထိုင်းနိုင်ငံသား လက်မှတ် ကိုင်ဆောင်ထားသည့် ပုဂ္ဂိုလ်များသာ မြို့နယ် သံဃာ့ မဟာနာယက ဆရာတော်၏ တာဝန်ပေးချက်အရ ကျောင်းထိုင် ဘုန်းကြီး ဖြစ်ခွင့် ရှိရမည်ဟုပြဌာန်းထားသည့် အပေါ် အဓိကထား စွဲချက်တင်မည်ဟု ဆိုသည်။ 

လောလောဆယ်တွင် ကျောင်းလုံခြံုရေးအတွက် စိုးရိမ်ရသည့် အခြေအနေဖြစ်ပေါ်နေပြီး မဲဆောက်မြို့ရှိ မြန်မာဒကာများက လုံခြံုရေး ယူပေးနေရသည်ဟု တောရကျောင်းမှ ဦးဇင်း တပါးက ပြောသည်။

“သံဃာ့မဟာနာယက အဖွဲ့က ဆုံးဖြတ်ပြီးပေမယ့်လည်း သူတို့(Bolsae)အဖွဲ့က ဟိုကို မပြန်သေးဘူး။ မနေ့ကလည်း ရဲတွေ ပြည်သူ့စစ်တွေ ခေါ်လာတယ်ဆိုတော့ အခုတောရကျောင်းရဲ့ အခြေအနေက စိုးရိမ်ရတဲ့ အခြေအနေဖြစ်နေတယ်။ လုံခြံုရေး ယူနေရတယ်။ မနေ့ညကလည်း ဒကာတွေ အိပ်စောင့်ပေးရတယ်။ ဒီညလည်း အိပ်စောင့်ပေးဖို့ လုပ်နေကြတယ်။”

လက်ရှိဖြစ်ပွားနေသည့် အခြေအနေများအား မဲဆောက်မြို့နယ်မှ သက်ဆိုင်ရာ အာဏာပိုင်များ အပါအဝင် မြို့နယ် သံဃာ့မဟာ နာယက အဖွဲ့ဥက္ကဌ ဆရာတော်နှင့် တောရကျောင်း ဆောက်လုပ်ရန် လှူဒါန်းထားသည့် မြေပိုင်ရှင် ထိုင်းနိုင်ငံသား အလှူရှင်များထံသို့လည်း အကြောင်းကြားထားပြီး ဖြစ်သည်ဟု သိရသည်။

လွန်ခဲ့သည့် ၂၀၀၅ ခုနှစ်ကလည်း အဆိုပါ ထိုင်းသံဃာတော်မှ တောရကျောင်းပိုင်ဆိုင်ရေး အတွက်အတိုက် အခံပြုခဲ့ဘူးသည်။ သို့သော် သက်ဆိုင်ရာ မဲဆောက်မြို့နယ် သံဃာ့နာယက ဥက္ကဌ ဆရာတော်က လက်ရှိ ဆရာတော် ဦးမဟိန္ဒ သာလျင် ကျောင်းထိုင်ပုဂ္ဂိုလ် ဖြစ်ကြောင်း တရားဝင် ဖြေရှင်းပေးပြီး ဖြစ်သည်။

တောရမြန်မာ ဘုန်းတော်ကြီးကျောင်း စတင်ဆောက်လုပ်စဉ်မှ ယနေ့ချိန်ထိ  နှစ်စဉ် သီတင်းကျွတ် လပြည့်ကျော် (၈) ရက်နေ့ရောက်တိုင်း မဟာ ဘုံကထိန်ပွဲတော် ကျင်းပခဲ့ရာ နှစ်ပေါင်း တစ်ရာကျော်ခဲ့ပြီး ယခုနှစ် ဘုံကထိန်ပွဲတော် ကျင်းပရာက ယခု ပြဿနာ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

Most read this week