မဲဆောက်ဘုန်းကြီးကျောင်းတွင် မြန်မာဆရာတော် ကျောင်းထိုင်ခွင့် ပြန်ရ

မဲဆောက်ဘုန်းကြီးကျောင်းတွင် မြန်မာဆရာတော် ကျောင်းထိုင်ခွင့် ပြန်ရ
by -
ဇော်ကြီး

တရားဝင်မှု မဝင်မှု အငြင်းပွားနေသော မဲဆောက် တောရ ဘုန်းကြီးကျောင်းထိုင်ဆရာတော် ကိစ္စကို ထိုင်းအာဏာပိုင်များက ဖြေရှင်းပေးလိုက်ပြီးမြန်မာ နိုင်ငံသား ဆရာတော်ကို ဆက်လက်၍ ကျောင်းထိုင် ခွင့်ပြုလိုက်သည်။

ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ရှိ မြန်မာတောရ ဘုန်းတော်ကြီးကျောင်းမှ မြန်မာနိုင်ငံသား ကျောင်းထိုင် ဆရာတော်အား ကျောင်းထိုင်ပုဂ္ဂိုလ်အဖြစ် လက်မခံနိုင်ကြောင်း ထိုင်းသံဃာတပါးက အတိုက်အခံပြု ပြောဆိုခဲ့သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ မဲဆောက်မြို့နယ် သံဃာ့နာယကအဖွဲ့ ဥက္ကဌ ဆရာတော် အပါအဝင်မြို့နယ် ရဲစခန်းမှူး၊ လူဝင်မှုကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူများက ယနေ့နေ့လည်ပိုင်းတွင် လာရောက် ဖြေရှင်း ပေးခဲ့ပြီး လက်ရှိ မြန်မာနိုင်ငံသား ကျောင်းထိုင် ဆရာတော် ဦးမဟိန္ဒအား ဆက်လက် တာဝန်ယူရန် ဆုံးဖြတ် ခဲ့ကြသည်ဟု မဲဆောက်မြို့မှ ကိုအရှည်ကြီးက ပြောသည်။

“ကျနော်တို့ ဆရာတော်ကို ကျောင်းဆက်လက် ထိုင်ခွင့်ပေးလိုက်တယ်။ နောက်ပြီးတော့ တနှစ််ခွဲခံတဲ့ သာသနာရေး လက်မှတ်ကို မဲဆောက်မြို့နယ် သံဃာ့ဥက္ကဌ ကိုယ်တိုင် ဦးဆောင်ပြီးမှ လုပ်ပေးမယ်။ အဲဒီတနှစ်ခွဲပြီးရင် သာသနာရေးဌာနမှာ သက်တမ်း ပြန်တိုးရမယ်ပေ့ါ။”

လောလောဆယ်တွင် မြို့နယ် သံဃာ့ ဥက္ကဌ ၀ပ်မဏိဆရာတော်က မြန်မာတောရကျောင်းထိုင်ဆရာတော် အဖြစ် ယာယီ တာဝန်ယူထားပြီး တရားဝင် လက်မှတ် ရရှိပြီးပါက မဟိန္ဒဆရာတော်ထံ လွဲပြောင်းပေးမည်ဟု သိရသည်။

မြန်မာ ကျောင်းထိုင် ဆရာတော် ဦးမဟိန္ဒထံတွင် ထိုင်းအစိုးရက တရားဝင် ထုတ်ပေးထားသည့် စာရွက် စာတမ်း အပြည့်အစုံ ရှိသော်လည်း ထိုင်းနိုင်ငံသား မဟုတ်သည့်အတွက် ထိုင်းနိုင်ငံသား သံဃာတော်က အတိုက်အခံ ပြုခြင်း ဖြစ်သည်ဟု ကိုအရှည်ကြီးက ပြောသည်။

“ဆရာတော်ရဲ့ လက်ထဲမှာ အခု မြေဂရံကအစ စာရွက်စာတမ်းတွေ အားလုံးရှိတယ်။ အခု မရှိတာက ဆရာတော် က ထိုင်းနိုင်ငံသားဆိုတဲ့ နိုင်ငံသားလက်မှတ် မရှိဘူး။ ၀ပ်ပါမစ်တွေ ဘာမှ မရှိဘူး။ထိုင်းသာသနာ ရေး ၀န်ကြီးဌာနရဲ့ ကျောင်းထိုင်ဘုန်းကြီးဆိုတဲ့ လက်မှတ်တော့ ရှိတယ်။”

ထိုင်းနိုင်ငံ ဥပဒေအရ ထိုင်းနိုင်ငံသား လက်မှတ် ကိုင်ဆောင်ထားသည့် ပုဂ္ဂိုလ်များ သာလျင် ကျောင်းထိုင် ဘုန်းကြီး ဖြစ်ရမည်ဟု ပြဌာန်းထားသည့် အတွက် ယခုလို ပြဿနာ ပေါ်ပေါက် လာခြင်း ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

“မြန်မာပြည်သားက ထိုင်းလက်အောက်မှာနေရမယ်ဆိုတဲ့ ခံယူချက်နဲ့ သူကလုပ်တာလေ။ အခုမဲဆောက်မှာ ရှိတဲ့ ဗမာ ဘုန်းကြီးကျောင်းတွေအားလုံးက ထိုင်း လက်အောက်မှာနေရတဲ့ ကျောင်းတွေချည်းပဲလေ။ ထိုင်း ဆရာတော်တွေရဲ့ လက်အောက်မှာ နေရတယ်ဆိုတော့ အခု သူကလည်း သူ့လက်အောက်မှာနေရမယ်၊ သူ့ခွင့်ပြုချက်နဲ့ ကထိန်ပွဲကို လုပ်ရမယ်ဆိုတဲ့ သဘောနဲ့ လုပ်နေတာပါ။”

ယင်းတောရကျောင်းတွင် နှစ်စဉ် သတင်းကျွတ်လပြည့်ကျော် (၁၀) ရက်နေ့ရောက်တိုင်း မဲဆောက်မြို့ရှိ မြန်မာ အသိုင်းအဝိုင်းများက စုပေါင်းဘုံကထိန်ပွဲ ကျင်းပပြုလုပ်လေ့ရှိသည်။

သို့သော် ယခုနှစ် ကထိန်ပွဲ ကျင်းပနေစဉ် မဲဆောက်မြို့ အာဏာပိုင်များနှင့်အတူ  အတိုက်အခံ ပြုသည့် ထိုင်းသံဃာတော်က ကထိန်ပွဲ မကျင်းပရန် လာရောက်တားမြစ်ခဲ့သည်။ ထိုစဉ်က ဆရာတော် ဦးမဟိန္ဒနှင့် မဲဆောက်ရှိ မြန်မာအသိုင်းအဝိုင်းက ပြေလည်စွာ ဖြေရှင်းခဲ့ပြီး ယင်းကိစ္စကို အောက်တိုဘာလ (၂၅) ရက် ယနေ့တွင် တရားဝင်ဖြေရှင်းရန် ချိန်းဆိုခဲ့ခြင်း ဖြစ်သည်။  

မြန်မာကျောင်းထိုင် ဆရာတော် ဦးမဟိန္ဒသည် ယခုလက်ရှိကျောင်းတွင် နှစ်ပေါင်း (၄၀) ကျော် နေထိုင် ခဲ့ပြီး ၁၉၈၉ ခုနှစ်ကတည်းက ကျောင်းထိုင် အရိုက်အရာကို ထိုင်းသာသနာရေးဝန်ကြီး ဌာန၏ အသိအမှတ်ပြုမှု ရယူခဲ့ကာ သာသနာပြု လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

လွန်ခဲ့သည့် ၂၀၀၅ ခုနှစ်ကလည်း အဆိုပါထိုင်းသံဃာမှ တောရကျောင်း ပိုင်ဆိုင်ရေး အတွက် အတိုက်အခံ ပြုခဲ့ဘူးသည်။ သို့သော် သက်ဆိုင်ရာ မဲဆောက်မြို့နယ် သံဃာ့ နာယက ဥက္ကဌ ဆရာတော်မှ လက်ရှိဆရာတော် ဦးမဟိန္ဒ သာလျင် ကျောင်းထိုင်ပုဂ္ဂိုလ်ဖြစ်ကြောင်း တရားဝင် ဖြေရှင်းပေးပြီး ဖြစ်သည်။ 

ယနေ့ဖြေရှင်းပွဲသို့ မဲဆောက်ရှိ မြန်မာအသိုင်းအဝိုင်းမှ အင်အား သုံးရာခန့် တက်ရောက် နားထောင်ခဲ့သည်။

Most read this week