မြစ်ဆုံစီမံကိန်းအနီး ပုဂ္ဂလိက ရွှေတူးဖော်ရေးလုပ်ငန်းများ ပြောင်းရွှေ့ရန် အာဏာပိုင်ပြော

မြစ်ဆုံစီမံကိန်းအနီး ပုဂ္ဂလိက ရွှေတူးဖော်ရေးလုပ်ငန်းများ ပြောင်းရွှေ့ရန် အာဏာပိုင်ပြော
by -
NMG

ကချင်ပြည်နယ်၊ ဧရာဝတီ မြစ်ဆုံရေကာတာ စီမံကိန်း အနီးလုပ်ကိုင်နေသည့် ပုဂ္ဂလိကရွှေတူး ဖော်ရေး လုပ်ငန်း လုပ်ကိုင်နေသူများအား ပြောင်းရွှေ့ရန် မြစ်ကြီးနားမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ကြေငြာချက်ထုတ်ပြန် သည်ဟု ဒေသခံများကပြောသည်။

တန်ဖဲကျေးရွာအတွင်း အစိုးရနှင့် ဖက်စပ် လုပ်ကိုင်နေသည့်  ခါကာဘိုသတ္တုတွင်း တူးဖော်ရေး ကုမ္ပဏီ လီမိတက်နှင့် အမှတ် (၂) သတ္ထုတွင်းတူးဖော်ရေး လုပ်ငန်းတို့မှလွဲ၍ အခြား ပုဂ္ဂလိက လုပ်ငန်းများ အားလုံး ပြောင်းရွှေ့ရမည်ဟု ရွှေလုပ်ငန်း လုပ်ကိုင်နေသည့် ဒေသခံ တစ်ဦးက ပြောသည်။

“အခုရပ်ခိုင်းတာက တကယ့်လုပ်ငန်းကြီးကို ရပ်ခိုင်းတာမဟုတ်ဘူး။ တနိုင်တပိုင် ရွှေတူးဖော်နေတဲ့ဒေသခံ တွေရဲ့ လုပ်ငန်းတွေကို ရပ်ခိုင်းတာ။ နောက်ပြီး အဲ့ဒီနေရာတွေမှာ စျေးရောင်းတဲ့ဆိုင်တွေ၊ အိမ်တွေ၊ စိုက်ပျိုးရေးခြံတွေ အားလုံးကို ရွှေ့ခိုင်းတာ။ ခါကာဘိုကနဲ့ တခြားအစိုးရဖက်စပ်တော့ မပါဘူး။”

ဒေသတွင်းရှိ ရွှေတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်နေသူများ အပါအဝင် စျေးဆိုင်များအား အောက်တိုဘာလ ၁၀ ရက်နေ့ နောက်ဆုံးထား ပြောင်းရွှေ့ရန် ယခုလ ၅ ရက်နေ့က ထုတ်ပြန် ကြေညာခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ ထုတ်ပြန်ခဲ့ပြီး နောက်တနေ့တွင် မြစ်ကြီးနား မြို့နယ် မြေစာရင်း ဦးစီးဌာနက ယင်းဒေသရှိ စျေးဆိုင်နေရာများတွင် ပေကြိုးများ လာရောက်တိုင်းတာခြင်း၊ ဝါးတိုင် စိုက်ထူခြင်းများ လာရောက် ပြုလုပ်ခဲ့သည်ဟု ဒေသခံက ဆက်ပြောသည်။

“မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရဲ့ အမိန့်၊ မပြောင်းရင် ဥပဒေအရအရေးယူမယ်ဆိုပြီး အစိုးရက မြေတိုင်းတွေ၊ ဘာတွေကလာပြီး မြေတွေတိုင်း၊ ဝါးတွေလာစိုက်၊ အစိုးရခွင့်ပြုထားတဲ့ ကုမ္ပဏီက လွဲလို့ ကျန်တာအားလုံးကို သတ်မှတ်ရက်အတွင်းမပြောင်းရင် ဖမ်းမယ်ဆိုပြီး လာပြောတယ်။”

သို့သော် ယင်းဒေသတွင်း ရွှေတူးဖော်နေသည့် ပုဂ္ဂလိက လုပ်ငန်းများ ရပ်ဆိုင်းခြင်း မရှိသေးသလိုအာဏာ ပိုင် ဖက်ကလည်း တစုံတရာ အရေးယူမှု မရှိသေးကြောင်း ဒေသခံကပြောသည်။

ပြည်တွင်း သဘာဝ ပတ်ဝန်းကျင် လုပ်ငန်း လုပ်ကိုင်နေသူ ပညာရှင် ဦးအုန်းက ရွှေတူးဖော်ရေး လုပ်ငန်းများကြောင့် မြစ်ကြောင်းများ ပျက်စီးခြင်း၊ ရေသတ္တဝါများ မျိုးတုန်းခြင်းနှင့် ရေအရင်းအမြစ် နည်းပါးသည့် ပြဿနာများ ဖြစ်ပေါ်လာနိုင်ကြောင်း ယခုလိုပြောသည်။

“အခုဆို လူတွေက ရွှေကို လက်နဲ့ပါမက စက်နဲ့ပါတူးကြတယ်။ ရွှေဖမ်းတဲ့အခါကျတော့ မာကျူရီတို့ ဆိုင်ယာနိုက်ရောနဲ့ ဖမ်းတော့ ရွှေတွေတော့ရတယ်။ ဒါပေမယ့် ရွှေဖမ်းတဲ့ ဓါတ်သတ္တုတွေကအန္တရာယ်ဖြစ် တဲ့ ပြဒါးဓါတ်တို့၊ မာကျူရီတို့၊ ဆိုင်ရာနိုင်တို့ကြောင့် မြစ်ထဲမှာရှိတဲ့ ငါးတွေ၊ ရေသတ္တဝါတွေအကုန်သေကုန် တယ်။ လူတွေက လောဘကိုရှေ့ထားပြီး ဒါတွေကို လစ်လျူရှုတယ်။”

တန်ဖဲကျေးရွာအုပ်စုအတွင်း ဒေသခံများအား ပြောင်းရွှေ့ခိုင်းခြင်းနှင့် ပတ်သက်၍  အာဏာပိုင်များ အနေဖြင့် ကြီးမားကျယ်ပြန့်သည့်ရွှေတူးဖော်ရေး လုပ်ငန်းများ တိုးချဲ့လုပ်ဆောင်သွားရန် ဖြစ်နိုင်သည်ဟု ထိုင်းနိုင်ငံ၊ ချင်းမိုင်အခြေစိုက် ကချင်လူမှု ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်အဖွဲ့ (KDNG) ၏ ယနေ့ထုတ်ပြန် သည့် ကြေငြာချက်၌ ဖော်ပြထားသည်။

အစိုးရနှင့် ဖက်စပ်လုပ်ကိုင်သည့် ခါကာဘိုသတ္တုတွင်း တူးဖော်ရေး ကုမ္ပဏီလီမိတက်သည် ယခင်က ကချင်ပြည်နယ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း အတွင်းရေးမှူး၊ ယခု ပြည်နယ် လွှတ်တော် ဥက္ကဌ ဦးရားဝမ်ဂျံုး ပိုင် ကုမ္ပဏီဖြစ်သည်ဟု ဒေသခံများက ပြောသည်။

Most read this week