ငြိမ်းချမ်းရေး ကိစ္စ RCSS အဖွဲ့မှ လူထု ဆန္ဒတောင်းခံ

ငြိမ်းချမ်းရေး ကိစ္စ RCSS အဖွဲ့မှ လူထု ဆန္ဒတောင်းခံ
by -
ဇော်ကြီး

ငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးရန် ရှမ်းပြည် ပြန်လည် တည်ဆောက်ရေး ကောင်စီ RCSS က ရှမ်းပြည်လူထုထံ အကြံဉာဏ်တောင်းခံ လိုက်သည်။

သံဃာတော်များနှင့် ပြည်တွင်း ပြည်ပရှိ ရှမ်းမျိုးချစ်ပုဂ္ဂိုလ်များ၊ ပြည်သူလူထု တရပ်လုံးအပါအဝင် SSA/ RCSS တပ်ဖွဲ့ဝင်များ အားလုံးထံ အချက် နှစ်ချက်ပါသည့် ကြေညာချက် တစောင် ယနေ့ ရက်စွဲဖြင့်ထုတ်ပြန် ၍ အကြံဉာဏ် တောင်းခံထားသည်ဟု SSA ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းလောဝ်ဆိုင်းက အခုလို ပြောသည်။

“မေးထားတာက နှစ်ခုလေ။ ဦးသိန်းစိန် ကြေညာထားတဲ့ ငြိမ်းချမ်းရေးကိစ္စ အပေါ် ဘယ်လို အမြင် ရှိသလဲပေ့ါ။ ဒုတိယကတော့ တွေ့ဆုံဆွေးနွေးဖို့ ရှိလာပြီဆိုရင် ကျနော်တို့ကို ဘယ်လိုများ အကြံပြုချင် သလဲ။”
Yord-serk
RCSS သည် ရှမ်းပြည်တပ်မတော် တောင်ပိုင်း SSA-S ၏ ဦးဆောင် ပါတီဖြစ်သည်။

ပြည်သူလူထု၏ တုန့်ပြန်မှုအပေါ် မူတည်၍ နှစ်ဖက် တွေ့ဆုံရေး ကိစ္စကို ဆုံးဖြတ်သွားမည် ဟုလည်း “အဲဒီက သဘောထားတွေ ထွက်ပေါ်လာရင်တော့ ဆက်သွယ်ပြု ခိုင်းတယ် ဆိုလည်း ဆက်သွယ်ရမှာ ပဲလေ။ သူတို့ အဆက် အသွယ် မပြုလာဘူး ဆိုရင်လည်း ကျနော်တို့က စလို့ အဆက်အသွယ် ပြုရမှာပဲ။” ဟု ဗိုလ်မှူး စိုင်းလောဝ်ဆိုင်းက ပြောသည်။

ပြည်ထောင်စု အစိုးရအဖွဲ့မှ လွန်ခဲ့သည့် သြဂုတ်လ (၁၈) ရက်နေ့က ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ် သည့် ကြေညာချက် ထုတ်ပြန်ခဲ့သည့်အပေါ် တောင်ပိုင်း SSA တပ်ဖွဲ့က ထောက်ခံ ကြိုဆိုသော်လည်း တဖွဲ့တည်းအနေဖြင့် ဆုံးဖြတ်မည် မဟုတ်ဟု ဆက်ပြောသည်။

“ဒီကိစ္စကတော့ နှစ်ဦးနှစ်ဖက် လိုလားနေတဲ့ ကိစ္စဖြစ်နေတယ်လို့ ကျနော်တို့ မြင်တယ်လေ။ တွေ့ဆုံဖို့ ကတော့ မလွဲမသွေ ဖြစ်ရမှာပဲလို့ ထင်တယ်။ ဒါကြောင့်မို့လို့ အားလုံးရဲ့ သဘောထား တွေကိုတောင်းခံ ကြည့်တာပါ။”

အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ရန် အစိုးရဖက်က လွန်ခဲ့သည့် စက်တင်ဘာလကုန်ပိုင်း က ရှမ်းပြည် အလယ်ပိုင်းနှင့် တောင်ပိုင်း ဒေသများရှိ ဌာနေပြည်သူ့စစ် တပ်ဖွဲ့ ခေါင်းဆောင်များ ကြားခံ၍ ပြောဆိုကမ်းလှမ်းမှုရှိခဲ့ပြီး ထိုင်းအာဏာပိုင်များ ထံမှလည်း နုတ်ဖြင့်ကမ်းလှမ်းမှုမျိုး ရှိခဲ့သည်။

သို့သော် လောလောဆယ်တွင် နှစ်ဖက် တွေ့ဆုံဆွေးနွေးရန် တစုံတရာ သဘောတူညီချက် မရသေးသလို အဆိုပါကိစ္စအပေါ် ထပ်မံ ဆက်သွယ် လာခြင်း မရှိသေးကြောင်း ဗိုလ်မှူး စိုင်းလောဝ်ဆိုင်းက ပြောသည်။

လွန်ခဲ့သည့် ၂၀၀၇ ခုနှစ် မေလက တောင်ပိုင်း SSA နှင့် အစိုးရ ကိုယ်စားလှယ်တို့ ငြိမ်းချမ်းရေး ဆွေးနွေးရန် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ရွေးချယ်ခဲ့သော်လည်း ဆွေးနွေးပွဲ အစီအစဉ် ပျက်ပြား ခဲ့သည်။

ထိုစဉ်က အစိုးရကိုယ်စားလှယ်ဘက်မှ မြန်မာနိုင်ငံဘက်ခြမ်း တာချီလိတ်မြို့ကို ပြန်တောင်းဆိုခဲ့ပြီး တောင် ပိုင်း SSA ဘက်မှ ထိုင်းနိုင်ငံဘက်ခြမ်း မယ်ဆိုင်မြို့တွင် ဆွေးနွေးရန် သဘောတူထားမှု ကြောင့် နယ်မြေ ရွေးချယ်သတ်မှတ်မှု အဆင်မပြေခဲ့ခြင်းဖြစ်သည်။

Most read this week