ထိုင်းရေ ဘေးကြံု မြန်မာများအား သံဃာတော်နှင့် စေတနာရှင်များ သွားရောက်ကူညီ

ထိုင်းရေ ဘေးကြံု မြန်မာများအား သံဃာတော်နှင့် စေတနာရှင်များ သွားရောက်ကူညီ
by -
အားမီ

ထိုင်းနိုင်ငံအတွင်း ရေကြီးမှုကြောင့် စားဝတ်နေ ရေးနှင့် သွားလာရေး ခက်ခဲနေသော မြန်မာ ရွှေ့ပြောင်း အလုပ်သမားများအား ထိုင်းနိုင်ငံ ရောက် မြန်မာနိုင်ငံသား သံဃာတော်များနှင့် ကျောင်းသားများ အပါအဝင် စေတနာရှင်များ စုပေါင်းကာ အစားအစာနှင့် ဆေးဝါးများသွား ရောက်လှူဒါန်းခဲ့သည်။

thailand-floods-unesco-temple

ပထုံဌာနီမြို့တွင် ရေကြီးမှုနှင့် ကြံုနေရသည်မှာ တစ်လကျော်ရှိပြီဖြစ်ပြီး ယခုအခါ ထောင်နှင့်ချီသော မြန်မာအလုပ်သမားများ အလုပ်လက်မဲ့ပြဿနာနှင့် ရင်ဆိုင်နေကြရသည်ဟု လုံငန်းမဲ့ယိုင်(အထပ်သား စက်ရုံ)မှ မြန်မာရွှေ့ပြောင်းအလုပ်သမား ကိုတင်အောင်ထွန်းက ပြောသည်။

“အလုပ်လည်းပိတ်တာ နှစ်ပတ်ကျော်ပြီ။ တခြားသူငယ်ချင်းတွေဆို တစ်လကျော်ပြီ။ ပိုက်ဆံလည်း မရ၊ အလုပ်လည်း မရှိဘူး။ သူဌေးတွေ ဖုန်းဆက်တာလည်း မရဘူး။ အရမ်း ခက်တယ်။ အရင်က ၅ ဘတ်နဲ့ ဝယ်သောက်ရတဲ့ ရေဗူးက အခုဆို ၃၅ ဘတ်တောင်ပေးရတယ်။ ပိုက်ဆံရှိလို့ ဝယ်စားမယ် ဆိုရင်တောင် မလွယ်ဘူး။”

ထို့အပြင် ပထုံဌာနီ စျေးအနီးတွင် ငှားရမ်းနေထိုင်ကြသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ထောင်ကျော် မှာ လည်း ထိုင်းအာဏာပိုင်တို့၏ ကူညီမှု မရဘဲ အချင်းချင်း ကူညီပေးနေရသည်ဟု ၎င်းက ဆက်ပြောသည်။

“အရင် ရေကြီးခါစတုန်းကတော့ ကူညီတယ်။ အခုကျတော့ ထိုင်းတွေကို ပိုပြီး ဦးစားပေးတာပေါ့။ပစ္စည်း သွားယူမယ်ဆိုရင် ထိုင်းမှတ်ပုံတင်ပြရတာ။ ကိုယ့်အချင်းချင်းပဲ ရှိတာလေးတွေ စုပေါင်းပြီး စားသောက် နေကြတာဗျ။”

ယင်းအထပ်သား စက်ရုံသို့ ဘန်ကောက်မြို့၌ ကျောင်းတက်နေသည့် မြန်မာနိုင်ငံသားများနှင့်စေတနာရှင် များက ကိုယ်ထူကိုယ်ထ ပုံစံဖြင့် နီးစပ်ရာနေရာများသို့ သွားရောက် ကူညီပေးခဲ့သည်ဟုရေဘေးကယ်ဆယ် ရေး လုပ်ဆောင်နေသူ ကိုရဲထက်က ပြောသည်။

“လောလောဆယ် ပေးဝေ နိုင်တာကတော့ ကိုယ့်ရဲ့အဆက်အသွယ်ရှိတဲ့ နေရာတွေကိုပဲ ပေးနိုင်သေး တယ်။ အခုတော့ မြန်မာတွေအများစု နေတဲ့နေရာ(၅၀၀) လောက်ရှိတဲ့နေရာမှာ ပေးနိုင်ပြီ။ ပြီးတော့ ဒီထက်ဆိုးတဲ့နေရာ၊ သွားလာရခက်တဲ့၊ လူသူသွားတာနည်းတဲ့နေရာပေါ့ ဆက်သွားမယ်။”

လမ်းခရီးတလျောက်တွင် လူတရပ်ကျော်ခန့်ထိ ရေများလျှံတက်နေမှုကြောင့် ၎င်းတို့ ယူဆောင် သွားသည့် အစားအစာနှင့် ဆေးဝါးများကို ထိုင်းစစ်တပ်မှ လှေနှင့်ကားများ အကူအညီဖြင့်  မြန်မာ ရွှေ့ပြောင်းအလုပ် သမားများထံ သယ်ဆောင်သွားရသည်ဟု ဆက်ပြောသည်။

ပထုံဌာနီမြို့တွင် စက်ရုံပေါင်း ၃၀ခန့်ရှိပြီး စက်ရုံတစ်ရုံတွင် မြန်မာရွှေ့ပြောင်း အလုပ်သမား အနည်းဆုံး ၃၀၀ ခန့်ရှိသည်ဟု သိရသည်။

အလားတူ ယမန်နေ့ကလည်း ထိုင်းနိုင်ငံရောက် ရခိုင်ကျောင်းသား ရဟန်းသံဃာများ အဖွဲ့ကမြန်မာရွှေ့ ပြောင်း အလုပ်သမားများ နေထိုင်ရာ အဆောင်များသို့ သွားရောက်၍ အခက်အခဲ ဖြစ်နေသူများကိုအစား အစာနှင့် ဆေးဝါးပစ္စည်းများ ကူညီပေးခဲ့သည်ဟု  အဖွဲ့ ဒု-ဥက္ကဌ ဦးကုဏ္ဍလ က ပြောသည်။

“ဦးဇင်းတို့ဆီမှာရှိတဲ့ အလှူငွေနဲ့ပဲ အယောက်တစ်ထောင် လောက်ကိုပေါ့ မြန်မာရော၊ လာအို၊ ကမ္ဘောဒီ ယား၊ ထိုင်းရော အားလုံးကို လူမျိုးမခွဲခြားပဲ စားစရာနဲ့ ဆေးတွေသွားဝေကြတယ်။”

ထိုင်းနိုင်ငံရှိ အယုဒ္ဒယ၊ ပထုံဌာနီ၊ ချိုင်နက်နှင့် နက်ခွန်စဝန်မြို့များတွင် ရေကြီးမှုဒဏ်ကို အပြင်ထန်ဆုံး ခံနေရပြီး အိမ်အလုံးရေ ၈ သိန်းကျော် ရေအောက်တွင်နစ်မြုပ်နေသည်ဟု ယခုလ ၁၇ ရက်နေ့ညတွင် ထိုင်းနိုင်ငံရုပ်သံလွှင့် သတင်းဌာနများက ထုတ်ပြန်သည်။

ထို့အပြင် ထိုင်းနိုင်ငံရှိ ခရိုင် ရ၆ ခုအနက် ၆၁ ခုတွင် ရေကြီးမှုဒဏ် ခံနေရပြီး လူဦးရေ ၈၂ သိန်းကျော် ရေဘေးနှင့် ရင်ဆိုင်နေရကာ သေဆုံးသူ (၃၀၀) ကျော်ရှိပြီဟု ဆိုသည်။

ထိုင်းနိုင်ငံအတွင်း ရင်ဆိုင်နေရသော ရေကြီးမှုကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့် နစ်နာမှုများအတွက်မြန်မာ နိုင်ငံ သမ္မတ ဦးသိန်းစိန်က ထိုင်းဝန်ကြီးချုပ် မစ္စရင့်လပ်ရှင်နာဝပ်နှင့် မြန်မာနိုင်ငံပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင်မှ ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဆူရာပွန် တိုဝီချတ်ချိုင်ကူး တို့ထံသို့စာနာထောက်ထား ကြောင်း သဝဏ်လွှာများပေးပို့ခဲ့သည်ဟု ယနေ့ထုတ် အစိုးရအာဘော် သတင်းစာတွင် ဖော်ပြထားသည်။

Most read this week