မြောက်ပိုင်း SSA တောင်းဆိုချက် အစိုးရသစ် လိုက်လျော

မြောက်ပိုင်း SSA တောင်းဆိုချက် အစိုးရသစ် လိုက်လျော
by -
ဇော်ကြီး

ရှမ်းပြည်တပ်မတော် မြောက်ပိုင်း ခေါ် ရှမ်းပြည် တိုးတက်ရေးပါတီ SSA/ SSPP တပ်ဖွဲ့ ခေါင်း ဆောင် ဗိုလ်ချုပ် ဆေထျဲန် လွတ်မြောက်လာ သည့်အပေါ် မိမိတို့ တောင်းဆိုမှုကို အစိုးရဘက် မှ လိုက်လျောသည့် လက္ခဏာ တွေ့ရကြောင်း SSA က ပြောသည်။

5940830098_6c71ff168e“ကျနော်တို့ ဌာနချုပ် နယ်မြေထဲက တပ်တွေ ရုပ်ပေးဖို့၊ ထိုးစစ်တွေ ရပ်ပေးဖို့၊ နောက် ဗိုလ်ချုပ်ဆေထျဲန် ကိုလည်း လွတ်ပေးဖို့ ဆိုတဲ့ တောင်းဆိုမှုမျိုးတွေ ရှိခဲ့တယ်လေ။ အခုက ကျနော်တို့ တောင်းဆိုထားတဲ့ အချက်အလက် အပေါ်မှာ သူတို့က နည်းနည်း လိုက်လျောတဲ့ အပိုင်းတော့ တွေ့နေရတာပေ့ါ။” ဟု မြောက်ပိုင်း SSA တပ်ဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးစိုင်းလက ပြောသည်။

အစိုးရနှင့် မြောက်ပိုင်း SSA တို့ ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ရန် လွန်ခဲ့သည့် စက်တင်ဘာ လလယ် ပိုင်းက စိန်ကျောက်အခြေစိုက် ဌာနေပြည်သူ့စစ် တပ်ဖွဲ့မှ ကြားဝင် ဆောင်ရွက်ပေး ခဲ့ရာ SSA က အထက်ပါ ကိစ္စများကို တင်ပြ တောင်းဆိုခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။  

အစိုးရသစ်မှ အကျဉ်းသား (၆၀၀၀) ကျော်အား ယမန်နေ့က လွတ်ပေးခဲ့သည့်အနက် SSA တပ်ဖွဲ့ ခေါင်းဆောင် ပါ၀င်လာသည့်အတွက် အစိုးရသစ်ကို ကျေးဇူးတင်ကြောင်းနှင့် ဦးခွန်ထွန်းဦး အပါအဝင် ကျန်ရှိနေသည့် ရှမ်းခေါင်းဆောင်များနှင့် နိုင်ငံရေး အကျဉ်းသား အားလုံးကို လွတ်ပေး ရန်လည်း တောင်းဆိုကြောင်း ဗိုလ်မှူး စိုင်းလက ပြောသည်။

ထို့အပြင် အပစ်အခတ် ရပ်စဲရေးအတွက် ပဏာမအဆင့် ဆွေးနွေးနိုင်ရန် မြောက်ပိုင်း SSA တပ်ဖွဲ့ ဗဟိုကော်မတီအတွင်း အလေးထား ဆောင်ရွက်နေသလို အကယ်၍ နှစ်ဖက် တွေ့ဆုံပါက “ကျနော်တို့ တရားဝင် တွေ့တဲ့အချိန်ပေ့ါနော် ဥပမာ မွန်နဲ့ ကရင်တို့ကို တွေ့သလိုပေ့ါ။ ကျနော်တို့ ပြည်နယ် အစိုးရနဲ့ တွေ့ပြီးတော့ နိုင်ငံရေး ကိစ္စ မပါတဲ့ တောင်းဆိုမှုတွေ လုပ်သွားမှာပါ။ အဓိက အရေးအကြီးဆုံး အချက်ကတော့ တပြိုင်တည်း စစ်ရပ်စဲတဲ့ ထုတ်ပြန် ကြေငြာချက်မျိုး သူတို့ (အစိုးရ)ဘက်က ဆောင်ရွက်ပေးဖို့ တောင်းဆိုသွားမှာပါ။” ဟု ဆက်လက်ပြောဆိုသည်။

သို့သော် နိုင်ငံရေးအရ ဆွေးနွေးမှုမျိုးကိုမူ လက်နက်ကိုင် တိုင်းရင်းသားတပ်ဖွဲ့များ ပူးပေါင်း ပါ၀င်သည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အနေဖြင့်သာ ပြုလုပ်မည်ဟု ဆက်လက် ပြောဆိုသည်။

လောလောဆယ်တွင် မြောက်ပိုင်း SSA ထိန်းချုပ်ရာ  ဒေသများအတွင်း နှစ်ဖက် တိုက်ပွဲများ ရပ်တန့်နေသလို တရားဝင် တွေ့ဆုံမှုလည်း မရှိသေးကြောင်း ဗိုလ်မှူးစိုင်းလက ပြောသည်။

ဗိုလ်ချုပ် ဆေထျဲန်သည် ၁၉၈၉ ခုနှစ်က SSA နှင့် စစ်အစိုးရတို့ ပြုလုပ်ခဲ့သည့် အပစ်အခတ် ရပ်စဲရေးကို ဦးဆောင်ခဲ့သူ တဦးဖြစ်ပြီး ရှမ်းပြည် အတိုင်ပင်ခံကောင်စီ ဖွဲ့စည်းရေး အကြောင်း ပြချက်ဖြင့် လွန်ခဲ့သည့် ၂၀၀၅ ခုနှစ်က ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် (၁၀၆) နှစ် အပစ်ပေး ခံခဲ့ရသည်။

ထိုစဉ်က ၎င်းနှင့်အတူ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ဥက္ကဌ ဦးခွန်ထွန်းဦး၊ အတွင်း ရေးမှူး ဦးစိုင်းညွှန့်လွင်၊ ဗဟို အလုပ်အမှုဆောင် ဦးစိုင်းလှအောင်နှင့် ရှမ်းပြည် မျိုးဆက်သစ် ခေါင်းဆောင် ဆရာ ဦးမြင့်သန်း၊ အဖွဲ့ဝင်များ ဖြစ်ကြသည့် စိုင်းညီညီမိုး၊ စိုင်းမျိုးဝင်းထွန်းနှင့် ဦးထွန်းညိုတို့လည်း အဖမ်းခံခဲ့ရပြီး ဆရာဦးမြင့်သန်းမှာ ၂၀၀၆ ခုနှစ် မေလက သံတွဲထောင်တွင် သေဆုံးခဲ့သည်။

Most read this week