ထိုင်းနိုင်ငံရေကြီးမှု မြန်မာရွှေ့ပြောင်း အလုပ်သမားများ အခက်ကြံု

ထိုင်းနိုင်ငံရေကြီးမှု မြန်မာရွှေ့ပြောင်း အလုပ်သမားများ အခက်ကြံု
by -
အားမီ

ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက် နှင့် အနီးတဝှိုက် ဒေသများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွား နေပြီး မြန်မာနိုင်ငံသား ရွှေ့ပြောင်း အလုပ်သမားများ အခက်ကြံုလျက်ရှိသည်။

thailand-flooding

ထိုင်းနိုင်ငံရှိ ရှေးဟောင်း စေတီပုထိုးများနှင့် စက်မှုဇုံတည်ရှိရာ အယုဒ္ဒယမြို့ တွင်လည်းရေများလွှမ်း နေပြီး မြန်မာရွှေ့ပြောင်း အလုပ်သမားများ အစားအစာနှင့် နေထိုင်ရေး အခက်အခဲဖြစ် နေသည်ဟု အယုဒ္ဒယမြို့ ဘန့်ပန်အင် ကျေးရွာအုပ်စုရှိ မြန်မာခရစ်ယာန် ဘုရားကျောင်းမှ သင်းအုပ်ဆရာ တဦးက ပြောသည်။

“အခန်းမှာက နေလို့မရတော့ဘူးလေ။ အလုပ်လုပ်တဲ့ စားသောက်ဆိုင်တို့၊ စက်ရုံတို့ကလည်း ပိတ်ထားတာ ၃ ပတ်လောက်ရှိပြီ၊ တချို့က လစာလည်းမရသေးဘူး။ ဘုရားကျောင်းကပဲ ကျွေးထားတယ်။ ထိုင်းတွေလာပေးတာကျတော့ ကျနော်တို့ကိုမပေးဘူး။ မြန်မာပြည်သားမို့လို့တဲ့။”

ဘန့်ပန်အင် ကျေးရွာ အုပ်စုတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၀၀၀ ကျော်ရှိပြီး၊ ထိုင်းအစိုးရထံမှ တစုံတရာ ကူညီမှု မရရှိကြောင်း သင်းအုပ်ဆရာက ဆက်ပြောသည်။

“ထိုင်းအစိုးရက ကူညီတာရှိတယ် ဆိုပေမယ့် ပစ္စည်းတို့၊ စားစရာတို့ သွားထုတ်ရင် အိမ်နံပါတ်ရယ်၊ အိမ်ထောင်စု စာရင်းရယ် ပြရတယ်လေ။ ကျနော်တို့က ထိုင်းမှ မဟုတ်တာ အဲ့ဒါတွေမရှိဘူး။ မြန်မာတွေ ဆိုတာက နိုင်ငံခြားသားဆိုတော့ ဘာအကူအညီမှမရဘူး။”

ယခုအခါ ယင်းခရစ်ယာန် ဘုရားကျောင်းတွင် ရေဘေးဒုက္ခသည် ၆၀ ကျော် ခိုလှုံနေပြီး ဒုက္ခသည်များ ရောက်ရှိနေသည်မှာ ၁၀ ရက်ကျော်ပြီဖြစ်ကြောင်း သိရသည်။

ရှေးဟောင်းမြို့တော်ဖြစ်သည့် အယုဒ္ဒယမြို့တွင် စက်ရုံပေါင်း (၂၀၀) ကျော်ပိတ်ထားရပြီး၊ ဆုံးရှုံးမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော်ဖိုးပျက်စီးနိုင်သည်ဟု ထိုင်းရုပ်မြင်သံကြား Channal 3 က ခန့်မှန်းပြောဆိုသည်။

အယုဒ္ဒယမြို့တွင် မြန်မာအပါအဝင် ကမ္ဘာဒီးယားနှင့် လာအို နိုင်ငံတို့မှ ရွှေ့ပြောင်းအလုပ်သမားနှစ်သောင်း ကျော် အလုပ်လုပ်ကိုင်လျက်ရှိသည်ဟု သိရသည်။

ဘန်ကောက်မြို့တော်အနီးရှိ နပ်ခေါန်စဝမ်မြို့ (Nakhon Sawan) တွင်လည်း ယမန်နေ့က စတင်ပြီး ရေလျှံမှုများ ဖြစ်ခဲ့သည်ဟု နပ်ခေါန်စဝမ်မြို့၊ ဖတ်ရွတ်ဟ ကျေးရွာအုပ်စုမှ မြန်မာနိုင်ငံသား တစ်ဦး ကပြောသည်။

“မနေ့နေ့လည်လောက်က ကျောက်ဖရားမြစ်ကိုကာထားတဲ့ သဲအိတ်တွေ၊ အကာတွေ အားလုံးပျက်ပြီး မြို့ထဲကို ရေတွေ တောက်လျောက်ဝင်လာတာ၊ အခုဆို လည်ပင်းလောက်ထိ ရှိတယ်၊ အိမ်နားက ကျနော်တို့ ဆီက အလုပ်သမားတွေ အလုပ်လုပ်တဲ့ ဘွန်ကိုင်စျေးလည်း ပိတ်လိုက်ရတယ်။”

ယမန်နေ့ကတည်းက ဘန်ကောက်မြို့တွင် ထိုင်းအစိုးရမှ သဲအိတ် ရ သိန်းစုဆောင်းနေပြီး၊ ဘန်ကောက်မြို့ ထဲရှိ နေရာ(၁၃)   နေရာတွင် ရေလျှံမှုများထပ်မံ ဖြစ်ပွားလာနိုင်သည်ဟု ထိုင်းရုပ်မြင်သံကြား Channal များက ထုတ်ပြန်ခဲ့သည်။

ထို့အပြင် ရေကြီးရေလျှံမှုကြောင့် လူနေအိမ်ပေါင်း ခုနှစ်သိန်းကျော်ပျက်စီးဆုံးရှုံးခဲ့ပြီး အဝေးပြေး လမ်းမပေါင်း ၆၀ ကျော်နှင့် လယ်မြေဧကပေါင်း သုံးသောင်းကျော် ရေနစ်မြုပ်ခဲ့ရာ ဆုံးရှုံးမှုတန်ဖိုး ထိုင်းဘတ်ငွေ ဘီလျံ ၁၀ ကျော်ရှိသည်ဟု လည်းဖော်ပြကြသည်။

ထိုင်းနိုင်ငံအတွင်း အချိန် ၂ လကျော်ဖြစ်ပွားခဲ့သည့် ရေကြီးမှုသည် နှစ်(၅၀)အတွင်း အဆိုးရွားဆုံး ဖြစ်သည်။ ထို့အပြင် လူဦးရေ ၂.၃၄ သန်းကျော် ရေဘေးဒုက္ခနှင့် ရင်ဆိုင်နေရပြီး သေဆုံးသူ (၂၇၀) ကျော်ရှိပြီဟု ထိုင်းနိုင်ငံ ရုပ်သံလွှင့်ဌာနများက ပြောဆိုကြသည်။

Most read this week