မြစ်ဆုံတွင် ခွင့်ပြုချက်မရှိ ရွှေတူးဖော်ခြင်း ပိတ်

မြစ်ဆုံတွင် ခွင့်ပြုချက်မရှိ ရွှေတူးဖော်ခြင်း ပိတ်
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ် ဧရာဝတီမြစ်ဆုံ ရေကာတာစီမံကိန်း ဧရိယာထဲ မြန်မာအစိုးရ သတ္တုတွင်းဝန်ကြီးဌာန၏ ခွင့်ပြုချက်မရှိဘဲ ရွှေတူးဖေါ်နေသူ အားလုံးကို အစိုးရမှ ပိတ်ပင်လိုက်သည်။

myitsone-8

မြန်မာအစိုးရက စီမံကိန်းဧရိယာထဲ တရားမဝင် ရွှေတူးဖေါ်နေသူ အားလုံးကို ရပ်ခိုင်းပြီး အောက်တိုဘာ (၄) ရက်နေ့ နောက်ဆုံး အပြီးအပိုင် လုပ်ငန်းရုပ်သိမ်းရန် ၀န်ခံချက် လက်မှတ်ရေးထိုးစေသည်ဟု မြစ်ဆုံတွင်ရွှေတူးဖေါ်နေသူ ကချင်အမျိုးသားတစ်ဦးက ပြောသည်။

ခါကာဘို ကုမ္ပဏီမှလွဲပြီး အခြား တရားမဝင် ရွှေတူးဖေါ်နေသူအားလုံးကို မောင်းထုတ်ပြီး အချို့ကို အောက်တိုဘာ (၂) ရက််နေ့တွင် လုပ်ငန်းရုပ်သိမ်းရန် ၀န်ခံချက် လက်မှတ်ထိုးခိုင်းသည်ဟုသူဆက်ပြော သည်။

မြစ်ဆုံတွင် တရားမဝင် ရွှေတူးဖော်နေသူ ကချင်အမျိုးသမီးတစ်ဦး ကလည်း “အခြားကုမ္ပဏီများက နေပြည်တော် ခွင့်ပြုချက် မရပဲ နားလည်မူနဲ့ ဒေသခံများရဲ့ မြေကွက်ဝယ်ယူပြီး ရွှေတူးသူများမှ ငွေကောက်နေတာပေါ့။ တချို့က ရွာကမြေကွက်တွင် ကို အသင်းတော်တွေမှာ အလှုူထည့်ပြီးမှ မြေကွက်ယူပြီး တူးကြတယ်။” ဟု ပြောသည်။

ပိတ်ပင်ခံရသော ကုမ္ပဏီများတွင် ဦး လဆန်အောင်ဝါ ပြည်သူ့စစ်အဖွဲ့၏ လွယ်ငူးဘွမ်ကုမ္ပဏီ(Loi Ngu Buma Company) ပိုင် လုပ်ကွက်လည်း ပါကြောင်းသိရသည်။

ဦး လဆန်အောင်ဝါသည် မိခင်အဖွဲ့အစည်း KIO/KIA မှ ၂၀၀၄ တွင်ခွဲထွက်ပြီး မြန်မာအစိုးရသစ္စာခံ ကချင်ပြည်သူ့စစ်တပ်ဖွဲ့အဖြစ် (၀ိုင်းမော်မြို့နယ် လဝါယန်နှင့် ဂွေထူ ဌာနေပြည်သူ့စစ်အဖွဲ့) ၂၀၀၉ အောက်တိုဘာလတွင် ပြောင်းလဲခဲ့သည်။

ခါကာဘို ကုမ္ပဏီသည် မြန်မာစစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်(BGF) ယခင် ကချင်ဒီမိုကရေစီ သစ်တပ်မတော်(NDA-K) အဖွဲ့ ဥက္ကဌနှင့် ယခု ကချင်ပြည်နယ် အမျိုးသားလွှတ်တော်အမတ် ဦး ဇခုန်တိန့်ယိန်း ပိုင် ကုမ္ပဏီဖြစ်ပြီး နေပြည်တော် သတု္တတွင်းဝန်ကြီးဌာနမှ ခွင့်ပြုချက်ရရှိထားသည်။

ယင်း ကုမ္ပဏီ၏ လုပ်ကွက်အကျယ်အဝန်းသည် ဧက ၂၀ ရှိပြီး ပတ်ပတ်လည်တွင် ခြံစည်းရိုးကာထား ကြောင်း ဒေသခံများပြောသည်။  ကုမ္ပဏီအား နေပြည်တော် သတ္တုတွင်းဝန်ကြီးဌာနမှ ပေးထားသည့် ရွှေတူးခွင့် လုပ်သက်သည် ၂၀၁၄ ထိ ဖြစ်သည်။

ယခုလို တရားမဝင် ရွှေတူးဖော်ခြင်း ရပ်တန့်ခိုင်းသော်လည်း “လူအများက မပြန်နိုင်သေးပါဘူး။ ပစ္စည်းတွေ သိမ်းတော့ သိမ်းနေကြတယ်။ ကျမတို့က စက်ပစ္စည်းတွေအကုန်သိမ်းပြီး အောက်တိုဘာ (၄) ရက်နေ့ အပြီးပြန်လာခဲ့တာပါ။” ဟု မြစ်ဆုံတွင် ရွှေတူးဖေါ်နေသော ကချင်အမျိုးသမီးတစ်ဦးက ပြောသည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းအား ပြည်သူများသဘော မတူ ရပ်တန့်ရန် တောင်းဆိုမှုကြောင့် ၎င်းအစိုးရ သက်တမ်း (၅)နှစ်အတွင်း စီမံကိန်းအား ရပ်ဆိုင်းမည်ဟု စက်တင်ဘာ (၃၀)ရက်က လွှတ်တော်သို့ သဝဏ်လွှာပေးပို့ ခဲ့သည်။

ယခုချိန်ထိ မြစ်ဆုံ ရေကာတာဆောက်လုပ်ခြင်း လုံးဝ ရပ်ဆိုင်းသွားခြင်း မရှိသကဲ့သို့ စီမံကိန်းဧရိယာထဲတွင် လည်း ရွှေတူးဖော်မှုများ ဆက်လုပ်နေဆဲဖြစ်သည်ဟု ဒေသခံများပြောသည်။

Most read this week