KIO ဌာနချုပ်ကို ထိုးစစ်ဆင်နိုင်ဖွယ်ရှိ

KIO ဌာနချုပ်ကို ထိုးစစ်ဆင်နိုင်ဖွယ်ရှိ
by -
ဇော်ကြီး

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်ဒေသရှိ ကချင်ပြည် လွတ်မြောက်ရေး တပ်မတော် တပ်မဟာ(၄)ဒေသ အတွင်း KIA နှင့် အစိုးရတပ်ဖွဲ့တို့ တိုက်ပွဲများ ဖြစ်ပွားနေစဉ် ဌာနချုပ် လိုင်ဇာမြို့သို့ထိုးစစ်ဆင် လာမည့် အနေအထားများ တွေ့ရကြောင်း KIO က ပြောသည်။

KIO ဌာနချုပ် အခြေစိုက်ရာ လိုင်ဇာမြို့သို့ ဦးတည်၍ ယခုရက်ပိုင်း အတွင်း အစိုးရတပ်ဖွဲ့များ စစ်ကြောင်း လေးခုခွဲ၍ ၀င်ရောက်လာသည်ဟု KIO ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်က အခုလို ပြောသည်။

“မနေ့က ရတဲ့ သတင်း အရဆိုရင် သူတို့ဖက်က အင်အား တစ်ထောင်လောက်ရှိတယ်။ အဲဒါက ကျနော်တို့ရဲ့ ဗဟိုဌာနချုပ်ကို ချဉ်းကပ်လာမယ့် အနေအထားတွေ့ရတယ်။ သူတို့ရဲ့ အဓိက လမ်းကြောင်း လေးခုကနေ တပ်ဖွဲ့ဝင် အင်အားတွေက တဖြည်းဖြည်းနဲ့ ဒီဖက်ကို ဦးတည်လာ တယ်လို့ သုံးသပ်လို့ ရတယ်ခင်ဗျ။”

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နှင့် ဗန်းမော်မြို့အပါအဝင် ယင်းနှစ်မြို့အကြား ဧရာဝတီ မြစ်ကမ်း ဒေသရှိ တာလောကြီး ကျေးရွာဖက်မှ စုစုပေါင်း စစ်ကြောင်း သုံးကြောင်းက KIO ဌာနချုပ် လိုင်ဇာမြို့သို့ ဦးတည်နေပြီး ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့မှ စစ်ကြောင်းတကြောင်းက တပ်မဟာ(၃) အခြေစိုက်ရာ မိုးမောက်ဒေသ ဖက်သို့ ဦးတည်လာသည်ဟု ၎င်းက ဆက်ပြောသည်။

ယင်းဒေသများအတွင်း ယခင်ကတည်းက အစိုးရတပ်ဖွဲ့ဝင် အင်အား တစ်ထောင်ခန့် လှုပ်ရှား နေပြီး လောလောဆယ် ရှမ်းပြည်နယ် မြောက်ပိုင်း တပ်မဟာ(၄) ဒေသအတွင်း ထိုးစစ်ဆင် နေသည့် တပ်မ (၃၃)၊ (၆၆) နှင့် တပ်မ(၉၉) လက်အောက်ခံ တပ်ရင်းများကို ထပ်မံ ပို့ဆောင် ခဲ့ရာ စုစုပေါင်းအင်အား နှစ်ထောင်ခန့် ရှိပြီဟု ဦးလနန်က ခန့်မှန်း ပြောဆိုသည်။

တပ်မဟာ (၅) အခြေစိုက်ရာ ဆင်ဘိုဒေသ အတွင်း ယခုလ (၂၆) ရက်နေ့က ဗိုလ်မှူးကြီး ခင်မောင်ချို ဦးဆောင်သည့် အစိုးရတပ်ဖွဲ့ဝင်အင်အား (၆၀) ခန့်အား မြစ်ကြီးနားနှင့် ဗန်းမော် သွားသည့် ကားလမ်း အနောက် ဖက်တွင် KIA တပ်ဖွဲ့ဝင်များက ၀ုိင်းရံ ပိတ်ဆို့ထားခဲ့သည်။

ပိတ်ဆို့ခံရသည့် တပ်ဖွဲ့ဝင်များထံ စစ်ကူလာရောက်သည့် တာလောကြီးဖက်မှ စစ်ကြောင်းနှင့် KIA တပ်ဖွဲ့တို့ ယနေ့ နံနက်ပိုင်းမှစ၍ တိုက်ပွဲ ဖြစ်ပွားနေပြီး “အခုကတော့ သူတို့ဖက်က အင်အားတွေ အဆမတန် များလာတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် သူတို့ရဲ့ ဗျူဟာမှူးကို လာပြီးတော့ ကယ်ထုတ်မယ့် အသွင် မဟုတ်ဘဲ ထိုးစစ် အသွင်ကို ပြန်ပြီး ပြောင်းသွားတယ်ခင်ဗျ။” ဟု ဦးလနန်က သုံးသပ် ပြောဆိုသည်။

အလားတူ ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် အတွင်းရှိ တပ်မဟာ(၃)၊ တပ်ရင်း (၁၂) ဒေသ ဖက်တွင်လည်း နှစ်ဖက် ရင်ဆိုင် တိုက်ပွဲဖြစ်ပွားနေပြီး အသေးစိတ် အခြေအနေကို မသိရသေး ကြောင်း ၎င်းက ဆက်ပြောသည်။

မူဆယ် မြို့ခံတဦးကမူ ယခုလ (၂၇) ရက်နေ့က တရုတ်မြန်မာနယ်စပ် မူဆယ်မြို့သို့ အစိုးရ တပ်ဖွဲ့ဝင်များ တင်ဆောင် လာသည့် စစ်ကား (၈) စီးရောက်ရှိလာပြီး  ရှမ်းနှင့် ကချင်ပြည် နယ်စပ်ရှိ ရွှေလီ ရေအား လျပ်စစ် စက်ရုံဖက်သို့ (၅) စီး မောင်းနင်သွားကြောင်းနှင့် လောလောဆယ် ယင်းဒေသတဝိုက်တွင် တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု သိရကြောင်း အခုလိုပြောသည်။

“ရေအားလျပ်စစ် လမ်းဖက်ကို သွားလိုက်တာ ကားက ငါးစီးရှိတယ်။ မိုးကာတွေ ဘာတွေနဲ့ ဖုံးထားတာ။ ကားတစီးကို လူ ငါးဆယ်လောက်တော့ ပါမယ်ထင်တယ်။ မနေ့ညက ၁၂ နာရီခွဲ လောက်မှာတိုက်ပွဲဖြစ် တယ်။ အခုလည်း ဖြစ်နေတုန်းပဲ သေနတ်သံတွေ ကြားနေရတယ်လေ။ ရေအားလျပ်စစ်ကိုတော့ မရောက်သေးဘူး။ နမ့်ခမ်းကနေ သွားရင် (၇) မိုင်လောက်ဝေးတဲ့ နမ့်ပန်းနားမှာ ဖြစ်တာလို့ဖုန်းဆက်လာ တယ်။”

ယခု အပတ်အတွင်း ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ KIA တပ်မဟာ(၄) ဒေသအပါအဝင် ကချင်ပြည်နယ်အတွင်း စစ်ရေးပြင်ဆင်မှုများအား မုန်တိုင်း စစ်ဆင်ရေးဟု အမည်ပေးထားပြီး တပ်မတော် ဒု-ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် စိုးဝင်းက စီမံကွပ်ကဲသည်ဟု သတင်းရကြောင်း ဦးလနန်က ပြောဆိုသည်။ သို့သော် ယင်းကိစ္စ သီးခြား အတည်ပြုချက် မရသေးပါ။

တိုင်းရင်းသားများနှင့် အစိုးရတပ်ဖွဲ့တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်ဆိုင်းရန် ဒေါ်အောင် ဆန်းစုကြည်နှင့် စာရေးဆရာကြီး ဒဂုန်တာရာ အပါအဝင် လွှတ်တော်အမတ်များ နှင့် တိုင်းရင်းသား ခေါင်းဆောင်များက တိုက်တွန်း နိုးဆော်ထားသည်။

အလားတူ ပြည်ထောင်စု အစိုးရအဖွဲ့ကလည်း လွန်ခဲ့သည့် သြဂုတ်လ (၁၈) ရက်နေ့စွဲဖြင့် ငြိမ်းချမ်းရေး ကမ်းလှမ်းစာ တစောင် ထုတ်ပြန်ထားသည်။

သို့သော် အစိုးရဖက်က “၀” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် မိုင်းလားခေါ် အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု (NDAA-ESS) တပ်ဖွဲ့တို့မှ လွဲ၍ အခြားသော လက်နက်ကိုင် တိုင်းရင်းသား တပ်ဖွဲ့များနှင့် ဆွေးနွေး အကောင်အထည်ဖော်ခြင်း မရှိသေးသည့်အပေါ် စစ်အစိုးရ၏ နည်းလမ်းဟောင်းကို အသုံးပြုနေဆဲဖြစ်သည်ဟု တိုင်းရင်းသား တပ်ဖွဲ့များက ထောက်ပြပြောဆို ကြသည်။

Most read this week