ရှမ်းမြောက် KIA-မြန်မာစစ်တပ် တိုက်ပွဲကြောင့် ဒုက္ခသည် ၂၀၀၀၀ ကျော် ထွက်လာ

ရှမ်းမြောက် KIA-မြန်မာစစ်တပ် တိုက်ပွဲကြောင့် ဒုက္ခသည် ၂၀၀၀၀ ကျော် ထွက်လာ
by -
ကချင်သတင်းဌာန

ရှမ်းပြည်မြောက်ပိုင်းမှာ မြန်မာစစ်အစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ကြား (၅) ရက်ကြာ ပြင်းထန်သည့်တိုက်ပွဲများ ဖြစ်နေခြင်း ကြောင့် ကချင် စစ်ပြေးဒုက္ခသည် ၂၀၀၀၀ ကျော် ထွက်လာသည်ဟု KIA က ဆိုသည်။

refugee-sam

အများစုမှာ ကလေးငယ်၊ အမျိုးသမီးနှင့် သက်ကြီးရွယ်အိုများဖြစ်ကြကာ ၎င်းတို့၏ အိုးအိမ်၊ မွေးမြူ ရေးတိရိစ္ဆာန်များ၊ စပါးခင်းနှင့် သီးနှံစိုက်ခင်းများကို စွန့်ထားကာ နီးစပ်ရာ ဒေသများနှင့် တရုတ်နယ်စပ်သို့ ထွက်ပြေးလာကြခြင်း ဖြစ်သည်။

နေရပ်စွန့်ခွာလာသူအများစုမှာ ကွတ်ခိုင်နှင့် မူဆယ်မြို့နယ်အတွင်းမှ KIA တပ်မဟာ ၄ ထိန်းချုပ်နယ်မြေ စစ်ဖြစ်ပွားရာဒေသထဲရှိ ကျေးရွာများမှ ဖြစ်သည်ဟု KIA အရာရှိများပြောသည်။

တပ်မဟာ ၄ နယ်မြေတွင် အနည်းဆုံးအိမ်ခြေပေါင်း ၅၀၀၀ ကျော်ကာ လူဦးရေ ၂၅၀၀၀ ကျော် ရှိသည်။ ဒေသခံများမှာ အဓိက ကချင်နှင့် ပလောင်၊ ရှမ်းလူမျိုးများဖြစ်ကြသည်။

စစ်ပွဲကြီးစတင်လာသည့် စက်တင်ဘာ ၂၄ ရက်ကတည်းက စာသင်ကျောင်းများလည်း ပိတ်ထားကြောင်း စစ်ပြေးဒုက္ခသည်များ ပြောသည်။

ကွတ်ခိုင်မြို့၊ နမ်ဖတ်ကာမြို့၊ နမ်အွမ်မြို့၊ မုန်းပေါမြို့၊ မုန်းကိုမြို့၊ ပန်ဆိုင်း(ကြူကုတ်)မြို့နှင့် မူဆယ်မြို့ များတွင် နေရပ်စွန့်ခွာလာသူ လူဦးရေ ၁၀၀၀ အောက်ရှိကာ ၎င်းတို့ အသိမိတ်ဆွေအိမ်များနှင့် ခရစ်ယာန် ဘုရားကျောင်းဝင်းများတွင် နေထိုင်ကြသည်ဟု အသင်းတော်များဆိုသည်။

ယခုအချိန်ထိ စစ်ပြေးဒုက္ခသည် အများစုမှာ ထွက်ပြေးရာလမ်းကြောင်းပေါ်တွင် ရှိနေဆဲ ဖြစ်သကဲ့သို့  နီးစပ်ရာတောတောင်များထဲတွင်လည်း ပုန်းအောင်းနေကြဆဲ ဖြစ်သည်ဟု စစ်ပြေးများ ပြောသည်။

ကြူကုတ် (ပန်ဆိုင်း)နှင့် မုန်းကို နယ်စပ်မြို့သို့ ရောက်လာသူများက တရုတ်နိုင်ငံထဲ ၀င်ရောက်ခိုလှုံရန် ကြိုးပမ်းသော်လည်း ၎င်းဒေသရှိမြန်မာပြည်သူ့ရဲတပ်ဖွဲ့အပြင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ PLA နှင့် နယ်ခြားစောင့်တပ်ဖွဲ့က တားမြစ်ထားသည်ဟု ၎င်းမြို့ ၂ ခုမှ ဒေသခံများ ပြောသည်။

စစ်ပွဲကြီးစတင်ချိန်မှ မြန်မာစစ်တပ်က ၁၂၀ မမ အမြောက်ကို အဓိကထားကာ KIA ပစ်မှတ်များအပြင် ရွာများကိုပါ ပစ်ခတ်သောကြောင့် စစ်ပြေးဒုက္ခသည်များ ထွက်လာခြင်းဖြစ်သည်ဟု ကြူကုန်သို့ ရောက်ရှိနေသည့် စစ်ပြေးဒုက္ခသည်တစ်ဦးပြောသည်။

လားရှိုး၊ ကွတ်ခိုင်၊ နမ်အွမ်၊ နမ်ဖတ်ကာ၊ ကြူကုတ် (ပန်ဆိုင်း) မြို့တို့တွင် ဒုက္ခသည်များအား ကချင် ခရစ်ယာန်ဘုရားကျောင်းများနှင့် ဒေသခံများက အခြေခံလိုအပ်မှုများကို အကူညီပေးနေသည်ဟု အသင်းတော်များ ဆိုပါသည်။

လတ်တလော စစ်ပြေးဒုက္ခသည် ၁၀၀ ခန့် နမ်အွမ် ကချင်နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းဝင်းတွင် နေထိုင်နေကြသည်။ သို့သော် မြန်မာအစိုးရအာဏာပိုင်များက နိုင်ငံရေးစီစစ်ရေးလက်မှတ်(မှတ်ပုံတင်) လာရောက်စစ်ဆေးသဖြင့် အချို့ ဒုက္ခသည်များ ကြောက်ရွံ့ကာ ဘုရားကျောင်းမှ ထွက်ခွာကာ မြို့ထဲရှိ အသိမိတ်ဆွေအိမ်သို့ ရွှေ့ပြောင်းသွားကြသည်ဟု ဆိုသည်။

ကချင်ပြည်နယ်တွင် မြန်မာအစိုးရစစ်တပ်နှင့် KIA ကြား ဇွန်လကတည်းက တိုက်ပွဲများဖြစ်ပွားနေရာ KIA ထိန်းချုပ်ရာ တရုတ်နယ်စပ်ဒေသနှင့် မြန်မာအစိုးရထိန်းချုပ်ရာ မြို့ပေါ်သို့ စစ်ပြေးဒုက္ခသည် ပေါင်း ၃၀၀၀၀ ကျော်ပြီဖြစ်သည်။

၎င်းတို့အတွက် အစိုးရမဟုတ်သော NGO အဖွဲ့အစည်းများ၊ ခရစ်ယာန်ဘုရားကျောင်းများနှင့် ပြည်ပ ကချင်အဖွဲ့အစည်းများက ထောက်ပံ့နေပါသည်။

သို့သော် ရှမ်းပြည်မြောက်ပိုင်းမှ ကချင် ဒုက္ခသည်များကို အစိုးရနှင့် NGO မည်သည့်အဖွဲ့အစည်းမှ ယခုတိုင် အကူညီပေးခြင်း မရှိသေးဟု ၎င်းဒေသရှိ ခရစ်ယာန်ဘုရားကျောင်းမှ ဆရာများပြောသည်။

ယခု မြန်မာစစ်တပ်နှင့် KIA ကြား ရှမ်းပြည်မြောက်ပိုင်းတွင် ဖြစ်နေသောတိုက်များ အချိန်တိုအတွင်း ပြီးဆုံးသွားမည့် အရိပ်လက္ခဏာ မရှိသေးသဖြင့် စစ်ပြေးဒုက္ခသည်များ ပိုများလာလိမ့်မည်ဟု KIA တပ်မဟာ ၄ အရာရှိများ ပြောသည်။

Most read this week