KIA ၏ တပ်မဟာ(၄) ဌာနချုပ် ဗျုဟာကုန်းကို အစိုးရတပ် ထိုးစစ်ဆင်

KIA ၏ တပ်မဟာ(၄) ဌာနချုပ် ဗျုဟာကုန်းကို အစိုးရတပ် ထိုးစစ်ဆင်
by -
ဇော်ကြီး

ကချင်ပြည် လွတ်မြောက်ရေး တပ်မတော် KIA တပ်မဟာ(၄) ဌာနချုပ်၏ စစ်ရေးအရ မဟာဗျူဟာ ကျသည့် စခန်းကုန်းအား အစိုးရတပ်များကယနေ့ နံနက်ပိုင်းမှစတင်၍ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိ သည်။

ယခု ရက်ပိုင်းအတွင်း အစိုးရတပ်၏ ပြင်းထန်သည့် ထိုးစစ်ဆင်မှုကြောင့် KIA ဖက်မှ တပ်ရင်း(၂) နှင့် တပ်ရင်း(၉) အခြေစိုက်ရာ တပ်စခန်းများမှ ဆုတ်ခွာပေးလိုက်ပြီးနောက် KIA တပ်မဟာ(၄) ဌာနချုပ်အား ကာကွယ်ပေးထားသည့် ဂျန်ရှင်ဂျိုင်  စခန်းကုန်းအား အစိုးရတပ်က ထိုးစစ်ဆင် တိုက်ခိုက်နေသည်ဟု KIO တောင်ပိုင်းတိုင်း တာဝန်ခံ ဗိုလ်မှူးကြီး ဇော်ရော်က အခုလိုပြောသည်။

“သူတို့ရဲ့ အဓိက ထိုးစစ်ကတော့ တပ်မဟာ(၄) ဌာနချုပ်နဲ့ တပ်ရင်း(၂) စပ်ကြားမှာ ကျနော်တို့ မဟာဗျူဟာ ကုန်းတခုရှိတယ်။ အဲဒီနေရာကို အဓိက ထားပြီးတော့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ အလုံးပေါင်း တစ်ရာကျော်သွားပြီထင်တယ်။ မနက် ၅ နာရီ ခွဲကတည်းက သူတို့ ပစ်ထည့်နေတာ။ ကျနော်တို့ဖက်က ခံစစ်ကြောင်းကတော့ ဒီတိုင်းပဲ ရှိနေပါသေးတယ်။ ဆုတ်ခွာတာတို့ ဘာတို့ ဘာမှ မရှိသေးပါဘူး။”

ယင်းစခန်းကုန်း ကျဆုံးသွားပါက KIA တပ်မဟာ(၄) ဌာနချုပ်အား အစိုးရတပ်ဖက်မှ အလွယ် တကူ သိမ်းပိုက်နိုင်သဖြင့် ယခုကဲ့သို့ ထိုးစစ်ဆင် တိုက်ခိုက်နေခြင်း ဖြစ်ပြီး KIA ဖက်ကလည်း ပြောက်ကျားနည်းကို အသုံးပြု၍ ပြန်လည် တိုက်ခိုက်နေကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

အစိုးရဖက်မှ အင်အား (၁၀၀၀) ခန့်နှင့် ယခုလ ၂၃ ရက်နေ့က စတင်၍ ထိုးစစ်ဆင်လာခြင်းဖြစ်ပြီး ယခုအခါ တပ်မဟာ(၄) ဒေသအတွင်း တပ်ရင်း(၈)နှင့် တပ်ရင်း(၁၇) တို့တွင်လည်း တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

ယခုတပတ်အတွင်း ဖြစ်ပွားသည့် တိုက်ပွဲများတွင် KIA ဘက်မှ ၃ယောက် ကျဆုံးပြီး အစိုးရဘက်မှ ဒဏ်ရာရသူနှင့် ကျဆုံးသူ စုစုပေါင်း ၁၅၀ခန့် ရှိသည်ဟု  KIA ဖက်က ပြောဆိုသော်လည်း သီးခြား အတည်ပြုချက် မရသေးပေ။

တိုက်ပွဲကြောင့် တရုတ်မြန်မာနယ်စပ်သို့ ထွက်ပြေးလာသည့် ဒေသခံများအား နှစ်ဖက် အာဏာပိုင်များက နယ်စပ်ဖြတ်ကျော်ခွင့်ကို ပိတ်ပင်ထားသည့်အတွက် အခက်အခဲ ဖြစ်နေကြသည်ဟု သိရကြောင်း ဗိုလ်မှူးကြီး ဇော်ရော်က ပြောသည်။

တချိန်တည်းတွင် KIO ဌာနချုပ် အခြေစိုက်ရာ တပ်မဟာ(၅)ထိန်းချုပ် ဒေသအတွင်းရှိ ဧရာဝတီမြစ်နှင့် မြစ်ကြီးနား ဗန်းမော်ကားလမ်း အကြားတွင် ယမန်နေ့က စတင်၍ နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားနေပြီး အစိုးရ စစ်ကြောင်းတခုအား KIA တပ်ဖွဲ့များက ၀ုိင်းရံ ပိတ်ဆို့ထားသည်ဟု KIO ပြောခွင့်ရ ပုဂ္ဂိုလ် ဦးလနန်က ပြောသည်။

“မနေ့ကကတည်းက တိုက်ပွဲတွေ ဖြစ်နေပြီးတော့ အဲဒီနေရာကို သူတို့ တပ်ရင်း သုံးရင်းလောက် စစ်ကူဝင်လာတယ်။ တာလော ဖက်ကလည်း အင်အား (၂၀၀) လောက် တက်လာတယ်လို့ ပြောတယ်။ အဲတာ ကျနော်တို့ဖက်က ဖြတ်တောက်ရေးတွေ လုပ်နေကြတယ်။ အဓိက ကတော့ အခု ၀င်လာတဲ့တပ်တွေက ပိတ်မိနေတဲ့ ဗိုလ်မှူးကြီး ခင်မောင်ချို အဖွဲ့ကို လာပြီးတော့ ကယ်ထုတ်ဖို့ ဖြစ်ပါလိမ့်မယ်။”

ပိတ်ဆို့ခံရသည့် စစ်ကြောင်းတွင် ဗိုလ်မှူးကြီး ခင်မောင်ချိုနှင့်အတူ အစိုးရ၏ ခြေလျင်တပ်ရင်း ခလရ (၃၇)နှင့် ခြေမြန်တပ်ရင်း ခမရ (၄၃၈) ပေါင်း အင်အား (၆၀) ခန့်ရှိသည်။

ထို့အပြင် ယခုလ (၂၅) ရက်နေ့ကလည်း KIA တပ်မဟာ (၅) ဌာနချုပ် ထိန်းချုပ်နယ်မြေအတွင်းရှိ ဒေါ့ဖုန်းယန် မြို့နယ်အတွင်း မိုင်းငို့ ကျေးရွာအနီးတွင်   နှစ်ဖက်တိုက်ပွဲ  ဖြစ်ပွားခဲ့သည်ဟု ဒေါ့ဖုန်းယန် မြို့ခံ တဦးက အခုလိုပြောသည်။

“လွန်ခဲ့တဲ့ နှစ်ရက်ကပေ့ါနော် ရွာကနေ ထွက်သွားပြီး မိုးလွဲချောင်း ဟိုဖက်ကမ်းကို ကူးတာနဲ့ သူတို့က တိုက်ပွဲ ဖြစ်နေကြတယ်။ နေ့လည် တစ်နာရီ လောက်ကနေ ညနေပိုင်း လေးနာရီလောက် ထိ ဖြစ်တယ်။”

ယင်းတိုက်ပွဲကြောင့် မိုင်းငို့ ရွာသူကြီး ရိုက်နက်ခံခဲ့ရကာ အစိုးရတပ်ဖွဲ့ဖက်မှ သုံးယောက် ကျဆုံးသည်ဟု သတင်းကြားရပြီး KIA ဖက်မှ ထိခိုက်ကျဆုံးမှု ရှိ၊ မရှိကိုမူ မသိရကြောင်း ၎င်းက ဆက်ပြောသည်။

ဒေသတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ပတ်သက်၍ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရမဖြေရှင်း ဘဲ စစ်ရေးနည်းဖြင့် ဖြေရှင်းပါက ရေရှည်တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဦးမည်ဟု ဦးလနန်က သုံးသပ်ပြောဆိုသည်။

KIA သည် ၁၉၉၄ ခုနှစ် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့ပြီး ယခုနှစ် ဇွန်လက တာပိန် ရေအားလျပ်စစ် စက်ရုံ လုံခြံုရေး အကြောင်းပြချက်ဖြင့် နှစ်ဖက် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာခဲ့သည်။

Most read this week